နိုင်ငံတော်က မရှိဆင်းရဲသားများအား မဲဖောက်ပေးရာ မဲပေါက်သည်ဟုဆိုကာ ပေါင်းတည်နှင့်ပြည်မြို့တွင် ဖုန်းဖြင့် လိမ်လည်ငွေတောင်းသူကို မြောက်ဥက္ကလာပ KBZ ဘဏ်တွင် ငွေထုတ်နေစဉ် ဖမ်းဆီးရမိ

နိုင်ငံတော်က မရှိဆင်းရဲသားများအား မဲဖောက်ပေးရာ မဲပေါက်သည်ဟုဆိုကာ ပေါင်းတည်နှင့်ပြည်မြို့တွင် ဖုန်းဖြင့် လိမ်လည်ငွေတောင်းသူကို မြောက်ဥက္ကလာပ KBZ ဘဏ်တွင် ငွေထုတ်နေစဉ် ဖမ်းဆီးရမိ
Published 10 March 2018

နိုင်ငံတော်က မရှိဆင်းရဲသားများအား မဲဖောက်ပေးရာ မဲပေါက်သည်ဟုဆိုကာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့နှင့် ပေါင်းတည်မြို့တို့တွင် ဖုန်းဖြင့်လိမ်လည် ငွေတောင်းသူကို ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ KBZ ဘဏ်တွင် ငွေထုတ်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖုန်းဖြင့်ငွေလိမ်လည် တောင်းခံသူမှာ မတ် ၈ ရက်က မြောက်ဥက္ကလာပ KBZ ဘဏ်တွင် ငွေထုတ်ယူရန် စောင့်ဆိုင်းနေစဉ် ဘဏ်များနှင့် ရဲတပ်ဖွဲ့များ၏ ချိတ်ဆက်ဖမ်းဆီးမှုကြောင့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ပေါင်းတည်မြို့မရဲစခန်းမှ သိရသည်။

“သူက ပထမဆုံး အခုလက်ရှိ အမှုတိုင်တန်းတဲ့ တရားလို တစ်ဦးကို လိမ်တာပေါ့။ တရားလိုကို လိမ်သွားပြီး ပါသွားပြီပေါ့။ နောက်တစ်ဦးကို ထပ်လိမ်တာ ပထမလူကို လိမ်တာက ပေါင်းတည်ဘဏ်ကနေ လွှဲပေးလိုက်တာ။ နောက်တစ်ဦးကို လိမ်တာမှာ ပြည်ဘဏ်ကနေလွှဲမှာ။ နောက်လွှဲမယ့်သူက အရင်လွှဲသူနဲ့ သမီးယောက်ဖ သွားတော်နေတယ်။ လွှဲဖို့ ပြည်ကိုသွားနေချိန် သူ့ဖြစ်စဉ်ကိုပြောပြတော့ ဘဏ်မန်နေဂျာကို အကြောင်းကြားပြီး ဘဏ်အချင်းချင်း လှမ်းချိတ်ရတာပေါ့။ သူလာထုတ်ရင် ရဲစခန်းကို အကြောင်းကြားပြီး ထိန်းထားပေးပါလို့ ကျွန်တော်တို့ အကြောင်းကြားလိုက်တယ်” ဟု ပေါင်းတည်မြို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အေးစိုးက ပြောကြားသည်။

လိမ်လည်ခံရသူများတွင် ရွာသာလှရွာ၊ ကြို့ပင်အုပ်စု၊ သဲကုန်းမြို့နယ်နေ ကိုအောင်ကိုဝင်း (၃၃ နှစ်) အား မတ် ၇ ရက် နေ့လယ်က ဖုန်းဖြင့်ဆက်သွယ်ကာ အခွန်ဦးစီးဌာနမှ မြန်မာနိုင်ငံရှိ မရှိဆင်းရဲသားများအား ကံစမ်းမဲဖေါက်ပေးရာ သိန်း ၂၀၀ ပေါက်ကြောင်း နိုင်ငံတော်သို့ (၆) သိန်းအခွန်ဆောင်ရန်အတွက် မြေနီကုန်း KBZ သို့ ဒေါ်မိုးမိုးစန်းအား လွှဲပေးရမည်ဖြစ်ကြောင်း ပြောဆိုလာ၍ ပေါင်းတည်မြို့ KBZ ဘဏ်မှ ငွေလွှဲပေးခဲ့ပြီး ဖုန်းဆက်သွယ်ခဲ့ရာ ဖုန်းပိတ်ထားသည်ကို သိရှိရကြောင်း၊ အလားတူ မတ် ၈ ရက်တွင်လည်း ကိုအောင်ကိုဝင်း၏ ယောက်ဖတော်စပ်သူ ကိုကျော်မင်းစိုး (၃၁ နှစ်) စပါးထောင်းကျေးရွာ၊ မြောင်းဆုံအုပ်စု၊ ပေါင်းတလည်မြို့၊ ပြည်မြို့နယ်နေသူကိုလည်း လိမ်လည်ကာ ၁၂ သိန်း လွှဲခိုင်း၍ ပြည်မြို့သို့ သွားနေကြောင်း သိရှိရာမှ ရဲတပ်ဖွဲ့သို့ တိုင်တန်းအကူအညီ တောင်းခံကာ ချိတ်ဆက်ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သိန်း ၂၀၀ မဲပေါက်ထားတယ်။ လောလောဆယ် ခြောက်သိန်းလွှဲပေးရမယ်။ ၁၂ သိန်းလွှဲပေးရမယ်ဆိုပြီး လိမ်တယ်။ မနေ့က မိတယ်။ ညကချက်ချင်းပဲ မြောက်ဥက္ကလာကို သွားခေါ်တယ်။ သူတို့က ထိန်းထားတယ်။ ကျွန်တော်တု့ိက ချက်ချင်းသွားဖမ်းရတာ” ဟု ပေါင်းတည်မြို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အေးစိုးက ပြောကြားသည်။

ယင်းလိမ်လည်ခဲ့မှုအတွက် ကိုအောင်ကိုဝင်းက တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် ပေါင်းတည်မြို့မရဲစခန်းက (ပ) ၁၉၅/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent