မုဒိမ်းကျင့်ပြီး လူသတ်မှု၊ ကလေးသူငယ်များကို မုဒိမ်းကျင့်သည့်အမှုတို့အား သေဒဏ်ပြဋ္ဌာန်းမပေးမချင်း လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သေဒဏ်ပေးရေး တောင်းဆိုသည့် ပြည်သူ့ဆန္ဒလက်မှတ် ကောက်ခံနေသော 4 Women's Voice အဖွဲ့ထံမှ သိရသည်။
လက်တလောတွင် ၎င်းတို့ကောက်ခံရရှိထားသည့် လက်မှတ်ပေါင်း ခုနစ်သောင်းကျော်ရရှိနေပြီဖြစ်ပြီး လက်မှတ်သုံးသိန်းရရှိပါက လွှတ်တော်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ခေါင်းဆောင်သူတစ်ဦးဖြစ်သည့် မလီလီနိုင်ကျော်က ပြောကြားသည်။
“အခုလောလောဆယ်တော့ လက်ထဲမှာ ခုနစ်သောင်းရောက်နေပါပြီ။ တောင်ဒဂုံတို့ဆိုရင် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများကွန်ရက် ပရဟိတအဖွဲ့ကလည်း လာရောက်ပူးပေါင်းပါတယ်။ သူတို့ဆီမှာ လက်မှတ်က တစ်သောင်းခွဲလောက်ရှိတယ်။ အဲဒါကတော့ အစ်မတို့လက်ထဲ မရောက်သေးပါဘူး။ ခုနစ်သောင်းကျော်ကသက်သက် အဲဒါက အစ်မတို့အဖွဲ့က ကောက်ထားတာ။ နောက်အနယ်နယ်အရပ်ရပ်က ပို့ပေးလိုက်တဲ့ဟာတွေရယ်ပေါ့။ အစ်မတို့က ဒီပုံစံလေးနဲ့ ကောက်ပေးပါလို့ပို့ထားတယ်။ နောက် စက်ရုံတော်တော်များများက လက်မှတ်ထိုးပြီးပို့ပေးတယ်။ ဂန္ဓဝင်ဖြူစင်ပရဟိတအဖွဲ့ကလည်း အစ်မတို့နဲ့ပူးပေါင်းပြီး ကောက်မှာပါ။ လာမယ့်စနေနေ့ စမ်းချောင်းမှာကောက်ပါမယ်။ လက်မှတ်သုံးသိန်းပြည့်ရင်လည်း လွှတ်တော်ကိုပေးပို့မယ်။ သေဒဏ်မပေးမချင်းလည်း ဆက်လက်လုပ်ဆောင်သွားမယ်။ ဆက်လက်လှုပ်ရှားသွားပါမယ်” ဟု မလီလီနိုင်ကျော်က ဆိုသည်။
ထို့ပြင် ရရှိထားသည့်လက်မှတ်များမှာ ရန်ကုန်တိုင်းဒေသကြီး အရှေ့ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဗဟန်း၊ ကမာရွတ်၊ စမ်းချောင်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ စသည့်မြို့နယ်များ ပါဝင်ကြောင်း သိရသည်။
လတ်တလောတွင် မုဒိမ်းကျင့်ပြီး လူသတ်မှု ကလေးသူငယ်များကို မုဒိမ်းကျင့်မှုတို့အား သေဒဏ်ပြဋ္ဌာန်းပေးရေးအတွက် 4 Women's Voice အဖွဲ့အပြင် အခြားကောက်ခံနေသည့် အဖွဲ့များလည်းရှိကြောင်း သိရသည်။