မတ္တရာမြို့နယ်တွင် နှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံးမှုဖြစ်ပွား

မတ္တရာမြို့နယ်တွင် နှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံးမှုဖြစ်ပွား
Published 15 February 2018

မတ္တရာမြို့နယ်တွင် နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ပြီးနောက် မိန်းကလေးမှာ သေဆုံးခဲ့ကြောင်း၊ တရားခံဖြစ်သူ အမျိုးသားအား နယ်မြေရဲစခန်း (ရေနံ့သာ) မှ အမှုဖွင့်ကာ ဖမ်းဆီးအရေးယူထားကြောင်း ဖေဖော်ဝါရီ ၁၄ ရက်က အဆိုပါရဲစခန်းမှ သတင်းရရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး နယ်မြေရဲစခန်း (ရေနံ့သာ) မှ စစ်ဆေးချက်အရ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၈ နာရီက မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာအုပ်စု၊ မြွေကူတို့ဆိပ်ကျေးရွာတွင် နေထိုင်သည့် ၃၅ နှစ်အရွယ် အမျိုးသားနှင့် ၃၄ နှစ်အရွယ် ဇနီးဖြစ်သူတို့နှစ်ဦးသည် သမီးဖြစ်သူ နှစ်နှစ်အရွယ် မိန်းကလေးနှင့်အတူ မတ္တရာမြို့နယ် ဝန်စုကျေးရွာရှိ တောတန်းတွင် လှည်းဖြင့်ထင်းခုတ်ရန် ထွက်ခွာခဲ့ရာ နံနက် ၈ နာရီခွဲတွင် ဝန်စုကျေးရွာသို့ရောက်ရှိပြီး ဝန်စုကျေးရွာနေ လင်မယားနှစ်ဦး၏ နေအိမ်တွင် သမီးဖြစ်သူအား အပ်ထားခဲ့ကြောင်း၊ ထို့နောက် ထင်းခုတ်သွားခဲ့ပြီး နံနက် ၉ နာရီခွဲခန့်တွင် ဝန်စုကျေးရွာနေသမီးဖြစ်သူ၏ အဘိုးနှစ်ဝမ်းကွဲတော်စပ်သူ ၄၇ နှစ်အရွယ် အမျိုးသားသည် ဝန်စုကျေးရွာပရဟိတရုံးတွင် အလုပ်လုပ်နေစဉ် တစ်ရွာတည်းနေ အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး သမီးဖြစ်သူမှာ ပျောက်ဆုံးနေကြောင်း လာရောက်အကြောင်းကြားသောကြောင့် ဝန်စုကျေးရွာမှ ရွာသူ၊ ရွာသားများနှင့်အတူ လူစုခွဲပြီး လိုက်လံရှာဖွေခဲ့ရာ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရေချောင်းဘိုကျေးရွာရှိ ငှက်ပျောစိုက်ခင်း၏ အရှေ့ဘက်ကန်သင်းရိုးစပ်တွင် ပျောက်ဆုံးနေသည့် နှစ်နှစ်အရွယ်မိန်းကလေးအား ဖြိုးထက်အောင် (၂၅ နှစ်) က သားမယားအဖြစ် ပြုကျင့်နေသည်ကိုတွေ့ရှိကြောင်း ဝန်စုကျေးရွာနေရွာသူ၊ ရွာသားများအနက်မှ အမျိုးသမီးတစ်ဦးက အော်ဟစ်ပြောသောကြောင့် သွားရောက်ကြည့်ရှုခဲ့ရာ မိန်းကလေး၏ဘေးနားတွင် ဖြိုးထက်အောင်အား တွေ့ရှိရပြီးနောက် ထွက်ပြေးသွားသောကြောင့် ရဲစခန်းသို့အကြောင်းကြားပြီး မိန်းကလေးအား မွန်းတည့် ၁၂ နာရီတွင် မတ္တရာဆေးရုံသို့ ဆိုင်ကယ်ဖြင့် ဆေးကုသမှုခံယူရန်ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူရင်း မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် တရားခံဖြစ်သူ ဖြိုးထက်အောင် ၂၅ နှစ်သည် ထွက်ပြေးသွားသောကြောင့် နယ်မြေရဲစခန်း (ရေနံ့သာ) မှ ဒုရဲအုပ်ဝင်းထွန်းနိုင်နှင့်အဖွဲ့သည် သတင်းရလျှင်ရချင်း လိုက်လံဖမ်းဆီးခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲတွင် အခင်းဖြစ်နေရာမှ လေးမိုင်ခန့်အကွာတွင်ရှိသည့် ဘောင်ကြီးတံတားချောင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးသေဆုံးမှုနှင့်ပတ်သက်ပြီး မှုခင်းဆရာဝန်၏ ကနဦးစစ်ချက်အရ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုကြောင့်ဖြစ်ကြောင်းသိရပြီး သေဆုံးသည့်ဖြစ်စဉ်အား ဆက်လက်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

သေဆုံးသွားသည့် နှစ်နှစ်အရွယ် မိန်းကလေးအား မတ္တရာဆေးရုံမှတစ်ဆင့် မန္တလေးဆေးရုံကြီးသို့ပို့အပ်ခဲ့ပြီး PR အမှတ် (၅ရ၂၀၁၈) ဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါအမှုအား တာဝန်ရှိရဲများက စစ်ဆေးပြီး ပတ်ဝန်းကျင်သက်သေများ၊ သက်သေခံပစ္စည်းသိမ်းဆည်းခဲ့ပြီး အမှုအားခိုင်မာစွာတည်ဆောက်ကာ ဖြိုးထက်အောင်အား နယ်မြေရဲစခန်း (ရေနံ့သာ)မှ (ပ)၂၆/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၃၀၂ အရ အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent