သရုပ်ဆောင်မေသန်းနု၏ နေအိမ်ခြံတံခါးကို ကားဖြင့်တိုက်ဖွင့်ပြီး ခြံဝင်းအတွင်းရှိကားကို ရိုက်ခွဲဖျက်ဆီးသူအား အမှုဖွင့်ထားပြီး အာမခံပေးကာ စစ်ဆေးနေ

သရုပ်ဆောင်မေသန်းနု၏ နေအိမ်ခြံတံခါးကို ကားဖြင့်တိုက်ဖွင့်ပြီး ခြံဝင်းအတွင်းရှိကားကို ရိုက်ခွဲဖျက်ဆီးသူအား အမှုဖွင့်ထားပြီး အာမခံပေးကာ စစ်ဆေးနေ
Published 4 December 2017

သရုပ်ဆောင် မေသန်းနု၏ နေအိမ်ခြံတံခါးကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်တွင် သရုပ်ဆောင် မေသန်းနု၏ နေအိမ်ခြံတံခါးကို ကားဖြင့်တိုက်ဖွင့်ပြီး ခြံဝင်းအတွင်းရှိကားကို ရိုက်ခွဲဖျက်ဆီးသည့် အမျိုးသားအား သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ထားပြီး အာမခံပေးကာ ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေကြောင်း ဒီဇင်ဘာ ၃ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ သရုပ်ဆောင်မေသန်းနု နေထိုင်သည့် မြောက်ဒဂုံမြို့နယ် (၂၇) ရပ်ကွက် ရွှေပင်လုံအိမ်ရာ အပိုင်း (၁) ရှိ နေအိမ်သို့ နိုဝင်ဘာ ၃၀ ရက် ည ၁၁ နာရီခွဲခန့်က မာစီဒီးအမျိုးအစားယာဉ်ဖြင့် အသက် ၅၀ ခန့်ရှိ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး နေအိမ်ခြံတံခါးကို ယာဉ်ဖြင့်ဝင်ရောက် တိုက်ခဲ့ပြီးနောက် ခြံဝင်းအတွင်းဝင်ကာ သရုပ်ဆောင်မေသန်းနု စီးနင်းသည့် Alphard အမျိုးအစားယာဉ်အား ပန်းအိုး၊ ခဲတို့ဖြင့် ထုရိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ခြံတံခါးကို ဖွင့်မပေးတော့ ကားနဲ့တိုက်ဖွင့်တယ်ပြောတယ်။ နောက်ပြီးတော့ ခြံဝင်းထဲ ရောက်တဲ့အချိန်မှာ ခြံထဲမှာရှိတဲ့ ကားတစ်စီးရဲ့မှန်ကို ရိုက်ခွဲတယ်လို့ သိရတယ်။ သူတို့နှစ်ယောက်က အသိမိတ်ဆွေတွေလို့ သိရတယ်။ ကျန်တာတွေတော့ ကျွန်တော်တို့ မသိပါဘူး” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးရာ ကျူးလွန်သူမှာ မရမ်းကုန်းမြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်သည့် ဦးသုခက် (၄၉ နှစ်) ဖြစ်ပြီး ၎င်းအား သက်ဆိုင်ရာရဲစခန်းက အာမခံပေးပြီး ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

“သူက ဒီအိမ်ရာဝင်းထဲကို ပြောင်းလာတာ ခုနစ်လ၊ ရှစ်လလောက်ရှိပြီ။ အိမ်ငှားနေတာလို့ သိရတယ်။ သူဒီအိမ်ရာထဲကို ပြောင်းလာတာကို ကျွန်မတို့ကိုတော့ အကြောင်းကြား သတင်းပို့ခြင်း မရှိပါဘူး။ သတင်းပို့ဖို့ပြောတော့ လူမရှိလို့ မလာနိုင်ဘူးတို့၊ အပြင်သွားနေတာတို့ ပြောပါတယ်။ သတင်းမပို့တော့ ကျွန်မတို့က ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာရင် ဖြေရှင်းရတာ ခက်ခဲပါတယ်။ သူတို့အိမ်မှာ လူဘယ်လောက်ရှိတယ်။ ဘယ်သူတွေ နေတယ်ဆိုတာ ကျွန်မတို့ မသိရဘူး။ ဒီလိုကိစ္စ ဖြစ်ဖြစ်ချင်းမှာတော့ ကျွန်မတို့ သိရတယ်။ နောက်တာဝန်ရှိသူတွေ ရောက်လာပြီး ကျူးလွန်သူကို ဖမ်းဆီးပြီး စခန်းကို ခေါ်သွားတယ်လို့ သိရတယ်” ဟု (၂၇) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်မာမာစိုး (ခ) ဒေါ်စိုးစံက ပြောကြားသည်။

ယင်းဖြစ်စဉ်ကို သရုပ်ဆောင်မေသန်းနုက မြောက်ဒဂုံမြို့မ ရဲစခန်းသို့ ဒီဇင်ဘာ ၁ ရက်တွင် သွားရောက်တိုင်တန်း အမှုဖွင့်ခဲ့ပြီး ရဲစခန်းက (ပ) ၁၈၁၈/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၄၅၀/၄၂၇ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သရုပ်ဆောင်မေသန်းနုအား The Daily Eleven သတင်းစာမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဒီဇင်ဘာ ၃ ရက် ညနေပိုင်းအထိ ဆက်သွယ်၍ မရခဲ့ပေ။

 

Most Read

Most Recent