တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ကုန်တင်ယာဉ်တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်ရာမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးလုံး သေဆုံးမှုဖြစ်ပွား

တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ကုန်တင်ယာဉ်တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်ရာမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးလုံး သေဆုံးမှုဖြစ်ပွား
Published 30 November 2017

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကန်ရိုးကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းမဟောင်းပေါ်၌ နိုဝင်ဘာ ၃၀ ရက် နံနက်အစောပိုင်းက ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော ကုန်တင်ယာဉ်တစ်စီး လမ်းဘေး ရေမြောင်းထဲသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ဖြစ်သူနှစ်ဦးလုံး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း တောင်ငူမြို့မ ရဲစခန်းမှ သိရသည်။

“အိပ်ငိုက်ပြီးတော့ မှောက်တာပါ၊ ဒရိုင်ဘာ အိပ်ငိုက်ပြီးတော့၊ ဘယ်ဘက်ကိုဆွဲချ သွားပြီးတော့ မြောင်းထဲ ထိုးကျသွားတာပါ၊ ဖြစ်တဲ့အချိန်က သူက မနက် ၅ နာရီ ၂၀ မှာ၊ တောင်ကနေ မြောက်ကို လာတဲ့အချိန်မှာဖြစ်ပါတယ်၊ နှစ်ယောက်လုံး သေဆုံးသွားပါတယ်၊ ခေါင်းကြီးအောက်ကို မြောင်းထဲထိုးကျပြီးတော့ အောက်ကရေမြောင်းဖြစ်နေတဲ့အတွက် အထဲမှာ ညှပ်ပိတ်ပြီးတော့ ဒရိုင်ဘာနဲ့ စပယ်ယာနဲ့ သေဆုံးသွားပါတယ်၊ အရေးယူမှုကတော့ တောင်ငူမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်၊ ၃၀၄ က နဲ့ ” ဟု တောင်ငူမြို့နယ်ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲအုပ်မျိုးညွန့် ပြောကြားသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ ရက် နံနက် ၅ နာရီ ၂၀ မိနစ်ခန့်က တောင်ငူမြို့နယ်၊ ကံရိုးကျေးရွာအနီး၊ အစိုးရ နည်းပညာအထက်တန်းကျောင်းနှင့် ကွန်ပြူတက္ကသိုလ်အကြား ကားလမ်းမ မိုင်တိုင်အမှတ် ၁၇၇ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြားတွင် ကိုထွန်း ၃၀ နှစ်(ဘ) ဦးပြည့်ကြည် ငါးဆူပတ္တာရွာ၊ ကျောက်ဆည်မြို့နေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် တင်မင်းဌေး ၃၅ နှစ်(ဘ)ဦးအောင်ရွှေ၊ အရှေ့အေးမြကြည်လင်ရပ်ကွက်၊ ကျောက်ဆည်မြို့နေသူ လိုက်ပါလာသော ယာဉ်အမှတ် YGN-3M------ ဖူဆို အမျိုးအစား နောက်တွဲပါ ရာဘာပစ္စည်းများ တင်ဆောင်လာသော အဖြူရောင်မော်တော်ယာဉ်မှာ လမ်းမအတိုင်း မြောက်မှတောင်သို့မောင်းနှင်လာခဲ့ကြောင်း၊ ထိုသို့မောင်းနှင်လာစဉ်မျက်နှာချင်းဆိုင်မှ ယာဉ်မောင်းသိန်းကျော်ဦး မောင်းနှင်လာသည့် ယာဉ်အမှတ် 3J/---နီဆန်အဖြူရောင်ကုန်တွဲယာဉ်၏ ဝဲလက်ဝဲဘက်နောက်ကြည့်မှန်နှင့် ယာဉ်၏ဝဲဘက်ခြမ်းတို့အား ဝင်ရောက်ပွတ်တိုက်မိခဲ့ကြောင်း၊ ယာဉ်အားပွတ်တိုက်မိပြီးနောက် ရာဘာပစ္စည်းများ တင်ဆောင်လာသည့် အဖြူရောင်မော်တော်ယာဉ်မှာ လမ်းမအနောက်ဘက်ခြမ်း လမ်းဘေးရေမြောင်းထဲသို့ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ရာဘာပစ္စည်း တင်မော်တော်ယာဉ်မောင်း ကိုထွန်းနှင့်ယာဉ်နောက်လိုက်ဖြစ်သူ ကိုတင်မင်းဌေးတို့မှာ ကားခေါင်းအတွင်းပိတ်မိနေကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ပြီး ၊ယာဉ်မှာ ရှေ့ခေါင်းပိုင်းတစ်ခုလုံးနီးပါးနှင့် ကိုယ်ထည်တို့ပျက်စီးသွားခဲ့ကြောင်း၊ မြောင်းထဲထိုးကျသွားသောယာဉ်အား ကရိန်းကားဖြင့် ကားလမ်းမပေါ်သို့ပြန်ဆွဲ တင်ခဲ့ရာ နံနက် ၁၁ နာရီခွဲခန့်တွင် ပြန်လည်ဆွဲတင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ် မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်အားမဆင်မခြင်မောင်းနှင်သည့် ကိုထွန်းအား ဥပဒေအရ အရေးယူပေးပါရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်မျိုးညွန့်က တရားလိုလုပ်တိုင်တန်းခဲ့သောကြောင့် တောင်ငူမြို့မ ရဲစခန်းမှယာဉ်(ပ)၁၁၀/၂၀၁၇၊ ပြစ်မှု ပုဒ်မ ၃၀၄-(က)ဖြင့် အမှုဖွင့် အရေးယူထားခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းများအား တောင်ငူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent