ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌ ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် ခေါင်းဖြတ် လူသတ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးရမိထားသူအား ရဲတပ်ဖွဲ့မှ ချုပ်မိန့်ရမန်ယူ စစ်ဆေးနေကြောင်း သိရသည်။
ယင်းအမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်စပ်သူတစ်ဦးကို ၎င်း၏နေအိမ်၌ အခင်းဖြစ်ပွားသည့်နေ့ ညပိုင်းက ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ဆေးမှုများဆက်လက်ဆောင်ရွက်နေခြင်းဖြစ်သည်။
“အမှုခိုင်မာအောင်တည်ဆောက်ပြီး တရားစွဲသွားမှာပါ။ ပထမရမန်ယူ စစ်ဆေးနေပါတယ်။ အခုလက်ရှိကတော့ သက်သေတွေလည်း စစ်ဆေးနေတယ်။ အသေးစိတ် ပေါ်ပေါက်အောင် အကုန်လိုက်စစ်နေတယ်” ဟု မအူပင်မြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်မျိုးဇော်သက်က ပြောကြားသည်။
လက်ရှိစစ်ဆေးချက်အရ အဆိုပါနှစ်လောင်းပြိုင် ခေါင်းဖြတ်လူသတ်မှုမှာ တစ်ဦးတည်း ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အသတ်ခံခဲ့ရသူ အလုပ်သမားနှစ်ဦး၏ အလုပ်ရှင်နှင့် ရန်ငြိုးရန်စရှိမှာမှ ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း ရဲအုပ်မျိုးဇော်သက်က ဆိုသည်။
“ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကန်ပိုင်ရှင်ကျော်လင်းက အမှုတစ်မှုဖွင့်ထားတယ်။ သူ့အိမ်ထဲဝင်ဆဲတယ်ဆိုပြီးတော့ အဲဒါကတော့ နံပါတ် (၁)ပေါ့။ နံပါတ် (၂) က သူတို့ကန်ချင်းက ဘောင် ပဲခြားတာလေ။ ဘောင်ပဲခြားတော့ သူ့ကို ဟိုဘက်ကနေ ရန်စသလို ဘာလိုလို မိုက်ကြည့် ကြည့်တာတို့ဘာတို့ အဲဒါတွေကြောင့် အဓိကကတော့ ဦးနှောက်မရှိလို့ သတ်တာပေါ့ဗျာ။ အလုပ်သမားနှစ်ဦးနဲ့က ရန်ငြိုးရန်စမရှိဘူး။ အလုပ်သမားနှစ်ဦးက ကြားဝင်သွားတဲ့သဘောဖြစ်သွားတာပေါ့။ သူသွားတဲ့အချိန်မှာ အလုပ်သမားနှစ်ယောက်ပဲရှိတော့ အဲဒီနှစ်ယောက်ကို ကိုင်လိုက်တဲ့သဘောပေါ့” ဟု မအူပင်မြို့မရဲစခန်းမှ ဒုစခန်းမှူးရဲအုပ်မျိုးဇော်သက်က ဆက်လက်ပြောကြားသည်။
အဆိုပါ နှစ်လောင်းပြိုင် ခေါင်းဖြတ်လူ သတ်မှုဖြစ်စဉ်မှာ မအူပင်မြို့နယ် တလုတ်လပ်အနောက် ကျေးရွာအုပ်စုရှိ ဦးကျော်လင်းဆိုသူ၏ ငါးကန်၌ နိုဝင်ဘာ ၂၄ ရက်၊ ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအမှုဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူတစ်ဦး၏ အစ်မဖြစ်သူက တရားလိုပြုလုပ်ကာ မအူပင်မြို့မရဲစခန်း၌ (ပ) ၅၄၆/ ၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားကြောင်း သိရသည်။