ထန်းတပင်မြို့နယ်တွင် ဟွန်ဒိုင်းယာဉ် တစ်စီး အရှိန်လွန်ပြီး အခြားယာဉ်အား တိုက်မိသဖြင့် တတိယနှစ် အဝေးသင်ကျောင်းသူ တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ စုံစမ်းသိရသည်။
နိုဝင်ဘာ ၂၇ ရက် နံနက် ၇ နာရီခွဲခန့်တွင် ဟွန်ဒိုင်းပေါ်တာတူး အဖြူရောင်ယာဉ်သည် ထန်းတပင်မြို့နယ် အနောက်ပိုင်းတက္ကသိုလ်ဝင်လမ်းအတိုင်း မောင်းနှင်လာခဲ့ကြောင်း သိရသည်။
ယင်းသို့ မောင်းနှင်လာစဉ် အနောက်ပိုင်းတက္ကသိုလ်အနီးအရောက်တွင် မျက်နှာချင်းဆိုင်မှ ယာဉ်အား တိမ်းရှောင်စဉ် အဆိုပါယာဉ်၏ ယာဘက်ဘေးရှိ ပရိုဘောက် အငှားယာဉ်တစ်စီးနှင့် လမ်းစပ်တွင် ရပ်နေသူများအား တိုက်မိခဲ့ကြောင်း သိရသည်။
ထို့နောက် အရှိန်လွန်ကာ ယာဘက်လမ်းဘေးစပ်ရှိ ခြံစည်းရိုး သံဆန်ခါအား ထပ်မံတိုက်မိခဲ့ပြီး ဟွန်ဒိုင်းပေါ်တာတူး အဖြူရောင်ယာဉ်မှ ယာဉ်မောင်းမှာ အခင်းဖြစ်ပွားရာနေရာတွင် ယာဉ်အားထား၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဟွန်ဒိုင်းပေါ်တာတူး အဖြူရောင်ယာဉ်မှာ လမ်းဘေး၌ ရပ်နေသည့် တတိယနှစ် အဝေးသင်မြန်မာစာကျောင်းသူ မ.....(၂၀ နှစ်) အား တိုက်မိသဖြင့် ၎င်းမှာ ယာလက်မောင်းကျိုး၊ တင်ပါးဆုံကျိုး၊ ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လမ်းဘေး၌ ရပ်နေသည့် အခြားအဝေးသင် ကျောင်းသူ နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဟွန်ဒိုင်းပေါ်တာတူး အဖြူရောင်ယာဉ်ပေါ်တွင် လိုက်ပါ စီးနင်းလာသည့် အဝေးသင်ကျောင်းသား နှစ်ဦး၊ ကျောင်းသူ နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ထားရပြီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဟွန်ဒိုင်းယာဉ်မောင်းအား အမှုဖွင့်ထားသည်။