အောက်တိုဘာလအတွင်း တရားမဝင် မိုဘိုင်းဖုန်း၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်းများနှင့် သစ်တောထွက်ပစ္စည်းများ တန်ဖိုး ကျပ် ၄၂၇ သန်းကျော် ဖမ်းဆီးရမိ

အောက်တိုဘာလအတွင်း တရားမဝင် မိုဘိုင်းဖုန်း၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်းများနှင့် သစ်တောထွက်ပစ္စည်းများ တန်ဖိုး ကျပ် ၄၂၇ သန်းကျော် ဖမ်းဆီးရမိ
Published 4 November 2017

၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း တရားမဝင် မိုဘိုင်းဖုန်း၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်းများနှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရမိမှုမှာ တန်ဖိုးကျပ် ၄၂၇ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလအတွင်း မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်း ဖမ်းဆီးရမိမှု တန်ဖိုး ကျပ် ၄ ဒသမ ၈ သန်းကို လည်းကောင်း၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ကျပ် ၂၈၁ ဒသမ ၆၈၅ သန်းကို လည်းကောင်း၊ သစ်တောထွက်ပစ္စည်းများ တန်ဖိုးကျပ် ၁၄၀ ဒသမ ၀၇၈ သန်းကို လည်းကောင်း၊ စုစုပေါင်း ၄၂၇ သန်းကျော် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်း၊ အထူးကင်း၊ ရန်ကုန်စာတိုက်နှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီးတို့တွင် တင်သွင်း/တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိဘဲ တင်သွင်း၊ တင်ပို့နေသော ကုန်ပစ္စည်းများအား စစ်ဆေးရှာဖွေ အရေးယူမှုများ ပြုလုပ်ခဲ့ရာ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ စုစုပေါင်း တားဆီးဖမ်းဆီးမှု ၃၆၇ မှုဖြစ်ပြီး ခန့်မှန်းတန်ဖိုးမှာ ကျပ် ၃၂၁၆ သန်းကျော်ရှိကြောင်း သိရသည်။

ဆိပ်ကမ်းတားဆီးမှု အနေဖြင့် တားဆီးမှု ၁၀ မှုရှိ၍ ခန့်မှန်းတန်ဖိုးကျပ် ၆၇၆ သန်းကျော် ရှိသည့်အနက် စက်တင်ဘာ ၂၂ ရက်တွင် MITT ဆိပ်ကမ်း၌ သစ်ကုန်သေတ္တာ ၂၀ ပေ ၁၆ လုံးအား သစ်တောဦးစီးဌာန
(တောင်ဒဂုံ၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ဆိပ်သင်္ဘောတင်ဝန်း)တွင် သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနှင့် အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းများမှ စက်တင်ဘာ ၂၃ ရက်မှ ၂၆ ရက်အထိ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ
ပိတောက်သစ်ခွဲသားနှင့် တမလန်းသစ်ခွဲသား စုစုပေါင်း ၁၅၆၆၉၇၈ တန်၊ ၁၂၄၄ ချောင်း ခန့်မှန်းတန်ဖိုး ကျပ် ၄၇၀ သန်းခန့် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်းသို့ တရားမဝင်ကုန်စည် တင်သွင်းရောင်းချနေသူများအား ယခုအချိန်မှစပြီး ဥပဒေဘောင် အတွင်းမှသာ လုပ်ကိုင်ရောင်းချကြရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားထားသည်။

တရားမဝင် ကုန်သွယ်မှု ပပျောက်ရေး ဆောင်ရွက်ရာ၌ ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းများကို ဦးစားပေးဆောင်ရွက်ပြီးနောက် ရှောင်ကွင်းလမ်းများနှင့် နယ်မြေစိုးမိုးမှု အနေအထားအရ တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပါ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent