ဘားအံမြို့နှင့် ရှစ်မိုင်အကွာ ဘားအံ-လှိုင်းဘွဲ ကားလမ်းနံဘေးတွင် တည်ရှိသော ဘားအံအကျဉ်းထောင်တွင် အကျဉ်းဦးစီးဌာန အမျိုးသမီး ဝန်ထမ်းနေထိုင်သည့် လိုင်းခန်းတစ်ခန်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အချိန် မီမီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁ ရက် ည ၁၀ နာရီခန့်က ဘားအံ အကျဉ်းထောင်ရှိ အမျိုးသမီးဝန်ထမ်း နေထိုင်သော ခြောက်ခန်းတွဲ နေအိမ်လိုင်းခန်း မီးလောင်သည့် သတင်းအရ ဘားအံခရိုင်ရဲ တပ်ဖွဲ့မှူးဒုရဲမှုးကြီး ဇော်ဝင်း၊ ဘားအံမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးတင်မောင်ဦး၊ ဘားအံ စက်မှုဇုန်နယ်မြေ ရဲစခန်းမှူးရဲအုပ် မျိုးကျော်ညွှန့်တို့ ဦးစီးတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့သွားရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်စစ်ဆေးရာ အကျဉ်းထောင်ရှိ ခြောက်ခန်းတွဲ နေအိမ်လိုင်းခန်း (သံလွင်ဆောင်) အခန်းအမှတ် (၆) တွင် နေထိုင်သည့် အမျိုးသမီးဝန်ထမ်းဖြစ်သူ တပ်သား နှင်းပွင့်ဖြူ အသက်(၂၄ နှစ်) အခန်း အတွင်း ရေခဲသေတ္တာ Save Card မီးထိန်းခုံမှာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသမီးဝန်ထမ်းတပ်သားနှင်း ပွင့်ဖြူအား ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဘားအံမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။