ခရမ်းမြို့နယ်တွင် ဆိုင်ကယ်များ လိုက်လံခိုးယူသူနှစ်ဦးအား ဖမ်းဆီးရမိ

ခရမ်းမြို့နယ်တွင် ဆိုင်ကယ်များ လိုက်လံခိုးယူသူနှစ်ဦးအား ဖမ်းဆီးရမိ
Published 12 October 2017

ခရမ်းမြို့နယ်တွင် ဆိုင်ကယ်များလိုက် လံခိုးယူနေသူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၁၁ ရက်တွင် တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ထိုသို့ ခိုးယူသူနှစ်ဦးအား ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနမှ အောက်တိုဘာ ၃ ရက် တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးအား စစ်ဆေးရာ ဆိုင်ကယ်ခိုးမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားနှစ်ဦးမှာ ကျော်ဝင်းဆန်းနှင့် ထက်နိုင်တို့ဖြစ်ပြီး ၎င်းတို့မှာ လွန်ခဲ့သည့် သုံးလခန့်က ခရမ်းမြို့နယ်၊ ညောင်လန်းကျေးရွာရှိ နေအိမ်တစ်အိမ်မှ ဆိုင်ကယ်တစ်စီးအားလည်းကောင်း လွန်ခဲ့သည့် ငါးလခန့်က ယင်းမြို့နယ်၊ ကျုံကန်ကျေးရွာရှိ နေအိမ်တစ်အိမ်မှ ဆိုင်ကယ်တစ်စီးအား ခိုးယူခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့နှစ်ဦးမှာ အောက်တိုဘာ ၁ ရက်တွင် ပဲခူးတိုင်း၊ ကဝမြို့နယ်၊ အင်းတကော်ကျေးရွာရှိ နေအိမ်တစ်အိမ်မှ ဆိုင်ကယ်တစ်စီးအား ခိုးယူပြီး ပြန်လည်ရောင်းချခဲ့ကြောင်း သိရသည်။

“နယ်မြေအတွင်းမှာ ခိုးမှုကျုးလွန်ထားတယ်လို့ သတင်းရသူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးတဲ့အခါ  ခရမ်းမှာဆိုင်ကယ်ခိုးမှု နှစ်မှုပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီပြင် သူတို့နှစ်ဦးက ပဲခူးတိုင်းမှာလည်း ဆိုင်ကယ်တစ်စီးကို ခိုးယူခဲ့ပါတယ်။ အခုတော့ သက်ဆိုင်ရာရဲ စခန်းတွေမှာ အမှုတွေဖွင့်ထားပြီး ဖမ်းဆီးထားပါတယ်။ ဆိုင်ကယ်ပိုင်ရှင်တွေအနေနဲ့လည်း သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားစေချင်ပါတယ်” ဟု တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဆိုင်ကယ်ခိုးမှုများ ကျုးလွန်ခဲ့သူနှစ်ဦးအား သက်ဆိုင်ရာရဲစခန်းများတွင် အမှုများဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent