ထားဝယ်မြို့၌ စိတ်ကြွ မူးယစ်ဆေးပြား ၂၀၀ ကျော်နှင့်အတူ ကော်စေ့ကျည်ဖြင့်ပစ်ခတ်ရသော သေနတ်တစ်လက် ဖမ်းဆီးရမိ

ထားဝယ်မြို့၌ စိတ်ကြွ မူးယစ်ဆေးပြား ၂၀၀ ကျော်နှင့်အတူ ကော်စေ့ကျည်ဖြင့်ပစ်ခတ်ရသော သေနတ်တစ်လက် ဖမ်းဆီးရမိ
Published 12 October 2017

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ မီးရထားရိပ်သာအနီး လေယာဉ်ကွင်းလမ်းမပေါ်တွင် အောက်တိုဘာ ၁၀ ရက် ညနေပိုင်းက လူနှစ်ဦးထံမှ WY မူးယစ်ဆေးပြား ၂၀၀ ကျော်နှင့်အတူ ကော်စေ့ကျည်ထည့်၍ ပစ်ရသော ပစ္စတိုသေနတ်တစ်လက် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာယင်းနေ့ ညနေ ၄ နာရီခွဲက ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် အောင်မျိုးချစ်နှင့်အဖွဲ့သည် သက်သေများဖြင့် မူးယစ်ဆေးဝါး သတင်းအရ သွားရောက်ရာ ထားဝယ်မြို့ မီးရထားရိပ်သာရှေ့လေယာဉ်ကွင်း လမ်းပေါ်တွင် မူးယစ်ဆေးဝါးရောင်း ချရန်ဆိုင်ကယ်တစ်စီးနှင့်အတူ စောင့်ဆိုင်းနေသည့် သရက်ချောင်းမြို့နယ် ဆေးဖြတ်ကုန်းရွာနေ မောင်ဇော်(ခ)ခင်မောင်ဇော် (၃၄နှစ်) (ဘ)ဦးသန်းမြင့်နှင့် ရေဖြူမြို့နယ် ပုဂေါဇွန်းရွာနေ သီဟ(ခ)အောင်သီဟစိုး (၁၇နှစ်) (ဘ)ဦးစိုးပိုင်တို့ နှစ်ဦးအား တွေ့ရှိပြီး စစ်ဆေးရန်ပြုလုပ်စဉ် ထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးအား စစ်ဆေးရာတွင် မောင်ဇော် ဝတ်ဆင်ထားသည့် ဘောင်းဘီဝဲဘက် အိတ်ကပ်အတွင်းမှ အဖြူရောင် ပလတ်စတစ်ဖြင့် ထုပ်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား(၁၀)ပြား၊ ခင်မောင်ဇော်လွယ်ထားသော အပြာ/နက် စပ်ကြားအိတ်အတွင်းရှိ ပန်းရောင်သားရေ အိတ်ငယ်အတွင်းမှ အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၁၉၈ ပြားနှင့် အစိမ်းရောင်နှစ်ပြားပေါင်း ၂၀၀ ပြားပါ တစ်အိတ်၊ WY စာတန်းပါပန်းရောင်ဆေးပြား ၂၀ ပြားပါ တစ်အိတ်စုစုပေါင်း WY ဆေးပြား ၂၃၀ ပြား အလေးချိန် ၂၃ ဂရမ်၊ ကော်ပုလင်းအား ပိုက်တပ်၍စိတ်ကြွ ဆေးပြား ရှူရန်ပြုလုပ်ထားသော ဆေးရှူကိရိယာ တစ်ခု၊ ကျည်အိမ်အတွင်း ကော်စေ့ ၁၅ လုံးပါ Gas တွန်းအားဖြင့် ကော်စေ့ကျည်အသုံးပြု ပစ်ခတ်ရသော PIETRO BERETTA GARDONEV.T MADE IN ITALY စာတန်းပါ ပစ္စတိုသေနတ်တစ်လက်နှင့် လူရိုက်ရန် ပြုလုပ်ထားသော အရှည်လက်မ ၂၀ ခန့်ရှိ စပရိန်လက်ကိုင်ရိုး တပ်ထားသောကိရိယာတစ်ခုတို့အား တွေ့ရှိရပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ရာတွင် အသုံးပြုသော ဖုန်းနှစ်လုံး၊ FZ.150 အနီရောင်ဆိုင်ကယ် တစ်စီးတို့အား သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းရမိခဲ့သည်ဟု ထားဝယ်မြို့မရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ သိရသည်။ လက်ရှိတွင် WY မူးယစ်ဆေးပြားများနှင့်အတူ ကော်စေ့ကျည်ဖြင့် ပစ်ခတ်ရသော သေနတ်တစ်လက်ကို လက်ဝယ်တွေ့ရှိ ဖမ်းဆီးရမိခဲ့သည့်  မောင်ဇော်နှင့် သီဟတို့နှစ်ဦးအား ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးသန်းဇော်ဦးက တရားလိုပြုလုပ်ကာ ထားဝယ်မြို့မရဲစခန်း၌ မယ (ပ) ၄၃/ ၂၀၁၇ မူးယစ်ဆေးဝါးဥပဒေ ပုဒ်မ ၁၅/၁၉ (က)ဖြင့် အမှုဖွင့်ထားပြီး တရားခံများအား ထားဝယ်မြို့မရဲစခန်း၌ ဖမ်းဆီးထားသည်ဟု သိရသည်။

Most Read

Most Recent