ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်း ရပ်တန့်ထားသည့် ယာဉ်တစ်စီးပေါ်မှ ပစ္စတိုသေနတ် တစ်လက်နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း စက်တင်ဘာ ၂၆ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ် လိပ်သိုမြို့ရှိ လိပ်သိုယာဉ်စစ်ဆေးရေးဂိတ်တွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယာဉ်များကို စစ်ဆေးနေစဉ် ကလေထဘက်မှ တောင်ငူဘက်သို့ မောင်းနှင်လာသည့် CALDINA အမျိုးအစား ယာဉ်အမှတ် YGN 3F/---- အား စစ်ဆေးရန် ရပ်တန့်စေခိုင်းရာ အဆိုပါယာဉ်မှာ ရပ်တန့်ပေးခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။
ထိုသို့မောင်းနှင်သွားသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့ရာ အဆိုပါယာဉ်အား သံတောင်ကြီးမြို့နယ် ဇလဲကျေးရွာ၏ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာ လမ်းဘေးတွင် ရပ်တန့်ထားသည် ကိုတွေ့ရှိခဲ့ပြီး ယာဉ်ပေါ်၌ ယာဉ်မောင်းအား တွေ့ရှိခြင်း မရှိကြောင်း သိရသည်။
ထို့နောက် ယာဉ်အတွင်းသို့ ရှာဖွေရာ ယာဉ်၏ရှေ့ခန်းမှ ပစ္စတိုသေနတ်တစ်လက်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၂၀၀ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ သိမ်းဆည်းရမိခဲ့သည့် လက်နက်၊ မူးယစ်ဆေးဝါးနှင့် ယာဉ်တို့အား လိပ်သိုမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။