မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတွင် ခရီးသည်တင်ယာဉ်ပေါ်မှ ကျပ်သိန်း ၂၁၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၄၂၀၀၀ နှင့် သယ်ဆောင်လာသူအား စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်။
မူးယစ်တပ်ဖွဲ့စု(၁၇)နှင့် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတွင် မူးယစ်သတင်းအရ မူဆယ်ဘက်မှ မန္တလေးဘက်သို့ မူဆယ်-တောင်ကြီး ပြေးဆွဲသည့် ခရီးသည်တင်မှန်လုံယာဉ်အား ရှာဖွေစစ်ဆေးရာ ယာဉ်၏အနောက်ဘက်ပစ္စည်းများထားသည့် နေရာမှ ထိုင်ခုံအမှတ် (၉) လေဘယ် တပ်ဆင်ထားသော အစိမ်းရောင် ပီနံအိတ်အား ထိုင်ခုံအမှတ် (၉) တွင် လိုက်ပါလာသည့် ခရီးသည်ဖြစ်သူ မယွီမေ ၅၂ နှစ်၊ တောင်ယာလုပ်၊ လားရှိုးမြို့နယ်နေသူအား ခေါ်ယူဖွင့်ဖောက် စစ်ဆေးရာ အနီခံပေါ်တွင် အဝါရောင်ကနုတ်ပန်းပွင့်ပါ မွေ့ရာအတွင်းသို့ ဝှက်ထားသော အဝါရောင်တိပ်ဖြင့်ပတ်လျက် အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်ငယ် တစ်အိတ်လျှင် ၈၈/၁ စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀ ပြားစီပါ ၂၁၀ အိတ်၊ ဆေးပြားစုစုပေါင်း ၄၂၀၀၀၊ တန်ဖိုးကျပ်သိန်း ၂၁၀၀ အား ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းလွယ်ထားသည့် အညိုရောင် မိန်းမလွယ်အိတ်အတွင်းမှ နိုင်ငံသား စိစစ်ရေးကတ်ပြားတစ်ခု၊ လက်ကိုင်ဖုန်း တစ်လုံးတို့အား သိမ်းဆည်းခဲ့သည်။
မယွီမေ ထွက်ဆိုချက်အရ စိတ်ကြွဆေးပြားများအား အမျိုးသမီးတစ်ဦးက သယ်ဆောင်ခ ကျပ် ၁၅ သိန်းပေးမည် ပြောသဖြင့် ကွတ်ခိုင်မြို့မှ ခရီးသည်တင်မှန်လုံယာဉ်ဖြင့် လိုက်ပါလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။