အင်းစိန်မြို့နယ်ရှိ INN တစ်ခုတွင် တည်းခိုနေသည့် အမျိုးသားတစ်ဦးထံမှ ပစ္စတိုသေနတ်၊ လက်ပစ်ဗုံးနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

အင်းစိန်မြို့နယ်ရှိ INN တစ်ခုတွင် တည်းခိုနေသည့် အမျိုးသားတစ်ဦးထံမှ ပစ္စတိုသေနတ်၊ လက်ပစ်ဗုံးနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Published 23 September 2017

အင်းစိန်မြို့နယ်ရှိ INN တစ်ခုတွင် တည်းခိုနေသူတစ်ဦးထံမှ သေနတ်၊ လက်ပစ်ဗုံးနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၂၁ ရက် ည ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ခွဲတစ်ခုမှ ရဲတာဝန်ရှိသူများသည် မူးယစ်ဆေးဝါးသတင်းအရ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရပ်ကွက်ရှိ INN တစ်ခုအတွင်းသို့ မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ရှာဖွေစစ်ဆေးရာ အဆိုပါ INN ရှိ အခန်းတစ်ခုအတွင်း၌ တည်းခိုနေထိုင်နေသည့် ဦးခွန်မင်းဦး (၄၃ နှစ်) ဆိုသူအား တွေ့ရှိခဲ့ရပြီး စစ်ဆေးရှာဖွေရာ အခန်းအတွင်း စားပွဲအံဆွဲအတွင်းမှ ICE ရှစ်ဂရမ်ခန့်ပါ အထုပ်တစ်ထုပ်၊ ကတ်တမင်းမှုန့် အနည်းငယ်၊ WY ပန်းရောင်စိတ်ကြွဆေးပြားတစ်ပြားနှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ခုတင်ခေါင်းအုံးအောက်မှ FSL 726 GLOCK MADE IN AUSTILA စာတန်းပါ ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်အိမ်တစ်ခုနှင့် ကျည်ခုနစ်တောင့်၊ ခုတင်ခြေရင်းစားပွဲ အံဆွဲအတွင်းမှ လက်ပစ်ဗုံးတစ်လုံးနှင့် ဟိုတယ်ရှေ့တွင် ရပ်ထားသည့် ၎င်းပိုင် မာစီးဒီး ယာဉ်တစ်စီးကိုလည်း တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

“သူ့ဆီက ၂၀၁၂၊ ၂၀၁၃ ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုနဲ့ ပတ်သက်ဆက်နွှယ်တဲ့ စာရွက်စာတမ်း အချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ အဲဒီလက်နက်ကိုင် အဖွဲ့အစည်းနဲ့ ပတ်သက်ဆက်နွှယ်မှုရှိ၊ မရှိ သူ့ကို စစ်ဆေးနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်မှ ဦးခွန်မင်းဦးအား အင်းစိန်မြို့မရဲစခန်းက မယ (ပ) ၆၇/၂၀၁၇၊ မူး/ စိတ်ပုဒ်မ ၁၅/၁၉ (က)/၂၂ (ခ) ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှ ဦးခွန်မင်းဦးမှာ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေး တာဝန်ခံဖြစ်သည်ဟု လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းအား ဆက်သွယ်မေးမြန်းရာ “မင်းဦးက ကျွန်တော်တို့ အဖွဲ့ဝင်မဟုတ်ဘူး။ တပ်ဖွဲ့ဝင်လည်း မဟုတ်ဘူး။ လုံခြုံရေးနဲ့ သယ်ယူပို့ဆောင်ရေး တာဝန်ခံဆိုပြီး တာဝန်ပေးခဲ့တာမျိုး မရှိဘူး။ ဒါပေမဲ့ ၂၀၁၃ ခုနှစ် ပြည်ထောင်စုအဆင့် သဘောတူညီချက်ရဖို့ ကျွန်တော်တို့ ရန်ကုန်ကိုလာတဲ့ ခရီးစဉ်မှာတော့ သူ့ကို သယ်ယူပို့ဆောင်ပေးဖို့အတွက် တာဝန်ပေးခဲ့ဖူးတယ်။ အဲဒီတုန်းက တာဝန်ပေးတာက အဲဒီတုန်းက အဖွဲ့ဥက္ကဋ္ဌက ဗိုလ်မှူးကြီး ခွန်ဥက္ကာ။ ကျွန်တော်ကတော့ လက်ရှိဥက္ကဋ္ဌပေါ့လေ။ အဲဒီတုန်းက ဗိုလ်မှုးကြီးခွန်ဥက္ကာက မင်းဦးကို နယ်စပ်ကနေ ရန်ကုန်ခရီးအတွက် သယ်ယူပို့ဆောင်ရေး တာဝန်ပေးခဲ့ဖူးတယ်။ ဗိုလ်မှူးကြီးခွန်ဥက္ကာကနေ လက်မှတ်ထိုးပြီးတော့ တာဝန်ပေးခဲ့တာပေါ့လေ။ ဒါပေမဲ့ သူက ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်မဟုတ်ဘူး။ သို့သော် အဲဒီကာလက ဗိုလ်မှူးကြီးခွန်ဥက္ကာက သူ့ရဲ့ဥက္ကဋ္ဌတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်၊ အဖွဲ့ခေါင်းဆောင်တစ်ယောက် လုပ်ပိုင်ခွင့်နဲ့ သူ့ကိုတာဝန်ပေးတာ။ အဲဒီလို သူယာယီ တာဝန်ပေးခဲ့တာပါဆိုတာကို ဗိုလ်မှူးကြီး ခွန်ဥက္ကာက ကျွန်တော်တို့ကို ရှင်းပြခဲ့ပြီးပြီ။ အဲဒါပြီးရင် နောက်ပိုင်းမှာ သူက ငွေရေးကြေးရေးတွေ ရှုပ်ထွေးပြီး ကျွန်တော်တို့အဖွဲ့နာမည် အသုံးချပြီး လုပ်ခဲ့တာတွေရှိတော့ ကျွန်တော်တို့ ရှင်းလင်းခဲ့ရဖူးတယ်” ဟု ပြောကြားသည်။

အဆိုပါ ခွန်မင်းဦးဆိုသူအား ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က စက်တင်ဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်တွင် ၂၀၁၃ ခုနှစ်တွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုရန် ထိုင်း-မြန်မာနယ်စပ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးရန် ခွန်မင်းဦးကို ယခင်ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်ဖြင့် လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေး တာဝန်ခံအဖြစ် ယာယီပေးအပ်ခြင်းသာဖြစ်ပြီး ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်းမှစ၍ မည်သည့်တာဝန်မှ ပေးအပ်ခြင်း မရှိတော့ကြောင်း စသည်တို့ပါရှိသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ် ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။

Most Read

Most Recent