ကျောက်တံတားမြို့နယ်ရှိ အငြိမ်းစား ဆရာဝန်တစ်ဦး၏ နေအိမ်မှ ကျပ် ၁၉၇ သိန်းကျော် တန်ဖိုးရှိ ရတနာပစ္စည်းများ ခိုးယူခဲ့သူအား ဖမ်းဆီးရမိကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီ ခွဲခန့်တွင် ကျောက်တံတားမြို့နယ်၊ အိုလံပစ်တာဝါနေ အငြိမ်းစားဆရာဝန် ဒေါ်.... သည် ဗိုလ်တထောင်မြို့နယ်ရှိ ပါရဂူဆေးခန်းသို့ ဆေးကုသရန် သွားရောက်သည့်အချိန်တွင် ၎င်း၏နေအိမ်တွင် တူဖြစ်သူ စည်သူ (၂၈ နှစ်) နှင့် အိမ်အကူတစ်ဦးအား ထားရစ်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ ည ၇ နာရီခန့်တွင် နေအိမ်သို့ ပြန်ရောက်စဉ် တူဖြစ်သူ စည်သူ (၂၈ နှစ်) နှင့် ဒေါ်ကြည်ဝင်းတို့မှာ နေအိမ်၌မွေးထားသည့် ကြောင်အား ဆေးခန်းပြပြီး ပြန်လာချိန်တွင် တွေ့ဆုံသဖြင့် ဓာတ်လှေကားဖြင့် နေအိမ်ပေါ်သို့ တက်သည့်အချိန်တွင် နေအိမ်တံခါးသော့ ပွင့်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့နောက် နေအိမ်အား စစ်ဆေးရာ အိပ်ခန်းအတွင်းထားရှိသည့် မီးခံသေတ္တာနှစ်လုံးမှာ ပွင့်နေပြီး အတွင်းရှိ စိန်ရွှေရတနာ ပစ္စည်းမျိုးစုံ ၃၄ မျိုးနှင့် ကျပ် ၂၅ သိန်း၊ စုစုပေါင်းတန်ဖိုး ကျပ် ၁၉၇၂၀၀၀၀ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ထိုသို့ ခိုးယူခံရသဖြင့် ဒေါ်....က ကျောက်တံတားမြို့မ ရဲစခန်းသို့ သွားရောက် တိုင်တန်းရာ သက်ဆိုင်ရာရဲစခန်းက ခိုးယူသူအား အမှုဖွင့်ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်ရာ နေအိမ်တွင် တပ်ဆင်ထားသည့် CCTV မှတ်တမ်းများအရ ဒေါ်....၏ တူဖြစ်သူ စည်သူ (၂၈ နှစ်) မှာ မင်္သကာဖွယ်ဖြစ်သဖြင့် ၎င်း အား စက်တင်ဘာ ၁၅ ရက် နံနက် ၂ နာရီခွဲခန့်တွင် ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
စည်သူ (၂၈ နှစ်) အား စစ်ဆေးရာ အခင်းဖြစ်ပွားသည့်နေ့တွင် နေအိမ်၌ မွေးထားသည့် ကြောင်အား ဆေးခန်းသွားပြရန် အိမ်အကူအမျိုးသမီးနှင့်အတူ ဓာတ်လှေကားဖြင့် နေအိမ်အောက်ထပ်သို့ ဆင်းခဲ့ကြောင်း၊ နေအိမ်အောက်ထပ်အရောက်တွင် အိမ်အကူအား ထားခဲ့ပြီး အိမ်ပေါ်သို့ ၎င်းတစ်ဦးတည်း ပြန်တက်လာခဲ့ပြီး အသင့်ပါလာသည့် သော့ဖြင့် နေအိမ်တံခါးအားဖွင့်ကာ နေအိမ်အတွင်း ဝင်ခဲ့ကြောင်း သိရသည်။
ထို့နောက် အဒေါ်ဖြစ်သူ၏ မီးခံသေတ္တာ သော့ထားသည့် နေရာကို သိသည့်အတွက် သော့ယူကာ မီးခံသေတ္တာအားဖွင့်ကာ ရတနာပစ္စည်းမျိုးစုံနှင့် ငွေများကိုယူကာ ၎င်း၏အိပ်ခန်းအတွင်း ဝှက်ထားခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။
အဆိုပါဖြစ်စဉ်မှ ရတနာပစ္စည်းများနှင့် ငွေများခိုးယူသူ စည်သူ (၂၈ နှစ်) အား ကျောက်တံတားမြို့မ ရဲစခန်းက (ပ)၃၄၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။