မင်္ဂလာတောင်ညွှန့်ြမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဘာသာရေးအပေါ် ဆဲဆိုခဲ့သဖြင့် ပုဒ်မသုံးခုဖြင့် အမှုဖွင့်ခံထားရသည့် အမျိုးသားမှာ စက်တင်ဘာ ၁၂ ရက်နေ့က သက်ဆိုင်ရာရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယင်းအမျိုးသားမှာ စက်တင်ဘာ ၁၂ ရက်၊ မွန်းလွဲ ၁၂ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ခြင်း ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“အမှုဖွင့်ခံထားရတဲ့ အမျိုးသားက စက်တင်ဘာ ၁၂ ရက်နေ့မှာ လာရောက် အဖမ်းခံခဲ့ပါတယ်။ အခုတော့ သူ့ကို မင်္ဂလာတောင်ညွန့် တရားရုံးမှာ ရမန်ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ” ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်အား ရိုက်ကူးထားသည့် လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော ကိုယ်ပိုင်ယာဉ်မှ ယာဉ်မောင်းဖြစ်သူက ဆဲဆိုသည်ဆိုသော ဗီဒီယိုဖိုင်မှာ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့ခြင်းသာ ဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်နှာ အချို့တွင် ရေးသားမှုများ ရှိခဲ့သော်လည်း ယင်းသို့ အစ္စလာမ်ဘာသာဝင်တစ်ဦးက ဆဲဆိုခဲ့ခြင်းမှာ ၂၀၁၇ ခုနှစ်စက်တင်ဘာ ၄ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၅ ရက်တွင် အမှုဖွင့်ခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ သိရသည်။
မင်္ဂလာတောင်ညွှန့်ရပ်ကွက် မြန်မာ့ဂုဏ်ရည်လမ်း၊ သပြေကုန်းရပ်ကွက် ဗညားဒလမ်းနှင့် ဦးအောင်မြတ်လမ်းပေါ်တွင် အချိန်ကြာမြင့်စွာ ရပ်နားထားသည့် စည်းကမ်းမဲ့ မော်တော်ယာဉ်များ ရှိနေသည့်အတွက် တောင်ပိုင်းခရိုင်စည်ပင်၊ မြို့နယ်စည်ပင်၊ ထွေအုပ်နှင့် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မင်္ဂလာတောင်ညွှန့်ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ ပူးပေါင်း၍ စစ်ဆေးခြင်းကို စက်တင်ဘာ ၄ ရက်က ဆောင်ရွက်ခဲ့ရာ သပြေကုန်းရပ်ကွက်ရှိ ဗညားဒလမ်းနှင့် ဦးအောင်မြတ်လမ်းပေါ်၌ အချိန်ကြာမြင့်စွာ ရပ်နားထားသည့် ယူစွတ်(ခ)ကျော်စိုးဝင်း၏ မော်တော်ယာဉ်အမှတ် 1D/2794 (ငွေမှင်ရောင်/ကိုယ်ပိုင်ယာဉ်) အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ စစ်ဆေးပြီး ချလံဖြတ် အရေးယူခဲ့ကြောင်း သိရသည်။
ထို့နောက် ယူစွတ်(ခ)ကျော်စိုးဝင်းက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့အား ''အရက်စော်နံတယ် ၊ ဗုဒ္ဓဘာသာတွေ xxx လောက်ပဲရှိတယ်။ အရက်ဆိုင်မှာ ပြည့်နေတာပဲ'' ဟု ဆဲဆိုပြောခဲ့သဖြင့် ဘေးပတ်ဝန်းကျင်တွင် ရပ်ကြည့်နေသော ပြည်သူများမှ ၎င်း၏ ပြောဆိုချက်အား မကျေနပ်၍ အဆိုပါနေရာတွင် အခြေအတင် စကားများခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဖြစ်စဉ်နှင့်ပက်သက်ပြီး လတ်တလော ဖြစ်ပေါ်နေသော အကြမ်းဖက်မှု အကြောင်းတရားများကို နိုင်ငံတော်အစိုးရမှ ဥပဒေနှင့်အညီ ဖြေရှင်းနေစဉ် ကာလအတွင်း ၎င်း၏ အပြောအဆို အပြုအမူသည် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေပြီး မလိုလားအပ်သော ပဋိပက္ခ ဖြစ်ပေါ်နိုင်သည့် ၎င်းသည် မိမိတို့ကိုးကွယ်သည့် ဘာသာကို စော်ကားခြင်း ဖြစ်သည့်အတွက် ဟုဆိုကာ ယူစွတ်(ခ)ကျော်စိုးဝင်းအား အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်္ဂလာတောင်ညွှန့် မြို့မရဲစခန်းမှ ယူစွတ်(ခ)ကျော်စိုးဝင်းအား (ပ) ၅၀၂/၂၀၁၇ ၊ ဥပဒေပုဒ်မ ၂၉၄/၂၉၅(က)/၁၈၆ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။