ကျိုက်မရောမြို့နယ် လက်ပံကျေးရွာတွင် စကားများရန်ဖြစ်ရာမှ သေနတ်ပစ်ဖောက်မှု ဖြစ်ပွား

ကျိုက်မရောမြို့နယ် လက်ပံကျေးရွာတွင် စကားများရန်ဖြစ်ရာမှ သေနတ်ပစ်ဖောက်မှု ဖြစ်ပွား
Published 12 September 2017

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် လက်ပံကျေးရွာတွင် စက်တင်ဘာ ၁၀ ရက် ည ၁၀ နာရီခန့်က စကားများရန်ဖြစ်ရာမှ သေနတ်ပစ်ဖောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျိုက်မရောမြို့နယ် လက်ပံကျေးရွာနေ ဦးရွှေသိသည် ၎င်းနေအိမ်ရှေ့ ကွန်ကရစ်လမ်းနံဘေးတွင် အိမ်နီးချင်းဖြစ်သူ ဦးချမ်းသိန်းနှင့် စကားပြောနေစဉ် ဦးရွှေသိ၏ ဦးလေးတော်စပ်သူ တစ်ရွာတည်းနေ ဦးအဒိန်း ရောက်ရှိလာပြီး ၎င်းအား လွန်ခဲ့သော ငါးလခန့်က ခြံအမွေခွဲပေးထားသည်ကို မကျေနပ်၍ အမွေထပ်မံခွဲပေးရန် ပြောဆိုရာမှ စကားများရန်ဖြစ်ပြီး ဦးအဒိန်းမှ ခါးတွင် အသင့်ထိုးလာသော ထိုင်းနိုင်ငံလုပ် နံပါတ်မပါ အနက်ရောင် ၃၈ ဗို့ခြောက်လုံးပြူး (ကျည်ခြောက်တောင့် အသင့်ထည့်ထားပြီး) အား ထုတ်ပြီး တစ်ချက်ပစ်ဖောက်ရာ ဦးရွှေသိက ဝင်ရောက်လုံးထွေးသဖြင့် ဦးအဒိန်း၏ သေနတ်နှင့် ခါးကြားတွင် အသင့်ပါလာသော အရိုးအသွား ၁၀ လက်မခွဲခန့်ရှိ (အနက်ရောင်တိပ်ဖြင့် ပတ်ထားသော ဓားအိမ်အတွင်းထည့်လျက်) စကေဘာဓားမြှောင် ဦးချွန်တစ်ချောင်းတို့မှာ ၎င်းနေရာအနီးတွင် လွင့်ကျသွားပြီး ဦးအဒိန်းမှာ ထွက်ပြေးသွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး တရနာရဲ ကင်းစခန်းမှူး ရဲအုပ်ခင်မောင်ထွေးက သက်သေများနှင့်အတူ ဦးအဒိန်းအား လိုက်လံ ဖမ်းဆီးရာ ဦးအဒိန်းအား ၎င်းနေအိမ်၌ တွေ့ရှိ ဖမ်းဆီးပြီး အခင်းဖြစ်ပွားရာနေရာသို့ ခေါ်ဆောင်လာကာ ၎င်းကိုင်ဆောင် အသုံးပြုခဲ့သော ၃၈ ဗို့သေနတ်တစ်လက်နှင့် စကေဘာဓားမြှောင် တစ်ချောင်းတို့အား သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးအဒိန်းအား ဥပဒေအရ အရေးယူပေးပါရန် ရဲအုပ်ခင်မောင်ထွေးက ကျိုက်မရောမြို့မရဲစခန်းသို့ တရားလိုပြုလုပ်ကာ တိုင်တန်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လိုင်စင်မရှိဘဲ တရားမဝင်လက်နက်များ ကိုင်ဆောင်သူ ဦးအဒိန်းအပေါ် ကျိုက်မရောမြို့မရဲစခန်း မှ (ပ) ၂၀၂/၂၀၁၇၊ လက်နက်ဥပဒေပုဒ်မ- ၁၉ (စ) ဖြင့်လည်းကောင်း၊ လယ်ယာသုံး၊ အိမ်သုံးအတွက် ရည်ရွယ်ခြင်းမရှိဘဲ စကေဘာ ကိုင်ဆောင်ခြင်းအတွက် ကျိုက်မရော မြို့မရဲစခန်းက (ပ) ၂၀၃/၂၀၁၇၊ လက်နက် ဥပဒေပုဒ်မ-၁၉ (င) ဖြင့်လည်းကောင်း အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent