အရည်အသွေးမြင့် စားသုံးဆီများ ဈေးနှုန်းချိုသာစွာ နေရာယူလာမှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဆီကြိတ်ခွဲထုတ်လုပ်သည့် စက်ရုံအချို့ လုပ်ငန်းရပ်ဆိုင်းလာ

အရည်အသွေးမြင့် စားသုံးဆီများ ဈေးနှုန်းချိုသာစွာ နေရာယူလာမှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဆီကြိတ်ခွဲထုတ်လုပ်သည့် စက်ရုံအချို့ လုပ်ငန်းရပ်ဆိုင်းလာ
Published 26 November 2017

အရည်အသွေးမြင့် စားသုံးဆီသန့်ဘူးများ ရခိုင်ပြည်နယ် ဈေးကွက်သို့ ရောက်ရှိလာပြီး ပြန်လည်ဖြန့်ချိရန် ပြင်ဆင်နေစဉ်

ရန်ကုန်မြို့နှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားသုံးဆီဈေးကွက်များမှ အရည်အသွေးမြင့် စားသုံးဆီသန့်ဘူးများ ရခိုင်ပြည်နယ် ဈေးကွက်များသို့ ဈေးနှုန်းချိုသာစွာဖြင့် ကျယ်ပြန့်စွာ နေရာယူ တင်သွင်းမှုများလာခြင်းကြောင့် ဒေသတွင်း ဆီစက်ရုံများ အရှုံးပေါ်ပြီး လုပ်ငန်းရပ်ဆိုင်းထားရကြောင်း သိရသည်။

ရခိုင်ပြည်နယ် စားသုံးဆီဈေးကွက်တွင် ပဲ၊ နှမ်း၊ မုန်ညင်း စသည့် ဒေသထွက် ဆောင်းသီးနှံများအား မြို့နယ်များ အတွင်းရှိ ဆီစက်ရုံများမှ ကုန်ချောအဖြစ် စားသုံးဆီ ထုတ်လုပ်ကာ ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ချိတင်ပို့နေသည့် ဆီစက်ရုံများမှာ လွန်ခဲ့သည့် ငါးနှစ်ခန့်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆောင်းသီးနှံ စိုက်ပျိုးမှု နည်းပါးလာကာ ဆီထွက်သီးနှံဈေးနှုန်း မြင့်တက်လာခြင်းနှင့်အတူ ရင်းနှီးမြှုပ်နံှမှု ငွေကြေးအခက်အခဲများကြောင့် ဆီစက်ရုံလုပ်ငန်းရှင်အချို့ အရှုံးပေါ်ကာ လုပ်ငန်းများ ရပ်ဆိုင်းလာရခြင်းဖြစ်ပြီး လက်ရှိတွင် အရည်အသွေးမြင့် စားသုံးဆီသန့်ဘူးများ ရန်ကုန်ဈေးကွက်မှ ရခိုင်ပြည်နယ် စားသုံးဆီဈေးကွက်အတွင်း ကျယ်ပြန့်စွာ နေရာယူလာပြီး မောင်တောမြောက်ပိုင်း တောင်ပြိုဒေသတွင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားသုံးဆီဈေးကွက်များမှ အရည်အသွေးမြင့် စားသုံးဆီသန့်ဘူးများ နေရာယူ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ငါးနှစ်လောက်က စပြီး တစ်လကို နှစ်သိန်း၊ သုံးသိန်း ဝန်းကျင်အထိ အရှုံးပေါ်လာတယ်။ ဆီစက်သမားတွေက ကုန်ကြမ်းရဖို့ ငွေကို ကြိုပေးထားရတယ်။ ဆီဖြန့်တဲ့အခါ အကြွေးစနစ်နဲ့ ဖြန့်ပေးရတယ်။ တစ်ဖြတ်နဲ့ တစ်ဖြတ် လည်ပတ်ဖို့က ငွေမလိုက်နိုင် ဖြစ်နေတယ်။ ဆီစက်များ ပြန်လည်လည်ပတ်နိုင်ဖို့အတွက် ချေးငွေ လိုအပ်နေတယ်။ အခု လည်ပတ်နေတဲ့ ဆီစက်တချို့ကလည်း ပြင်ပချေးငွေ အတိုးကြီးကြီးပေးပြီး လည်ပတ်နေရတဲ့အတွက် အဆင်မပြေကြဘူး။ အခုဆိုရင် ပြည်မဈေးကွက်က ဝင်လာတဲ့ ဆီတွေက ဈေးနှုန်းချိုသာပြီး နေရာယူလာတဲ့အတွက် ပြည်တွင်းဆီဈေးကွက်မှာ ပြန်နာလန်ထူလာနိုင်ဖို့ မလွယ်ကူနိုင်တော့ဘူး။ အသေးစား အလတ်စား စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အနေဖြင့် ချေးငွေထုတ်ချေးပေးမှာလားလို့ မျှော်လင့်နေရတယ်” ဟု တောင်ကုတ်မြို့နယ် ကင်းတောင် စံပြကျေးရွာမှ ဆီစက်လုပ်ငန်းရှင် ဒေါ်ညီမငယ်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် စားသုံးဆီဈေးကွက် စားသုံးမှု ကျဆင်းသွားခြင်း၊ ငွေကြေးရင်းနှီးမြှုပ်နှံမှု လိုအပ်ခြင်း၊ ကုန်ကြမ်းအထွက် နည်းပါးခြင်းနှင့် ကုန်ကြမ်းဈေးနှုန်း မြင့်တက်လာခြင်းတို့က ဆီကြိတ်စက်ရုံ လုပ်ငန်းရှင်များအပေါ် ပိုမိုသက်ရောက်မှုများ ရှိကြောင်း မာန်အောင်၊ ရမ်းဗြဲ လေးတောင်တိုက်နယ်နှင့် တောင်ကုတ် ကင်းတောင်စံပြကျေးရွာ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များတွင် စက်ရုံ ၁၀ ရုံကျော် ဝန်းကျင်သာ လည်ပတ်မှုရှိကြောင်း သိရသည်။

“ကျွန်တော်ကတော့ ရန်ကုန်ဈေးကွက်က ပီပါဆီ တစ်မျိုးကိုပဲ တင်သွင်းတယ်။ ဆီဈေးနှုန်းတွေကတော့ အစားစား ရှိတယ်။ ၁၀ ပိဿာ တစ်ဘူးကို ကျပ် ၁၉၀၀၀-၁၉၂၀၀၊ ဆီဈေး အတက်အကျအပေါ် မူတည်ပြီး ရောင်းရတယ်” ဟု တောင်ကုတ်မြို့ ပီပါဆီ ဝယ်ရောင်းကိုယ်စားလှယ် ကိုရေချမ်းအေးက ဆိုသည်။

အရည်အသွေးမြင့် စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ဝင်ရောက်လာမှုနှင့် ပတ်သက်၍ ကျောက်ဖြူမြို့ ထမင်းဆိုင်ပိုင်ရှင် ဒေါ်စန်းစန်းရီက “ရန်ကုန်ဆီကို သုံးစွဲလာတာ ကြာပါပြီ။ ဈေးနှုန်းလည်း ချိုတယ်။ တစ်လကို ပျမ်းမျှ ကျပ် ၂၈၀၀၀ ဝန်းကျင်လောက်ပဲ ကုန်ကျတယ်။ ဒေသထွက်ဆီကတော့ ကုန်ကျစရိတ်က တစ်လကို ပျမ်းမျှ ကျပ် ၄၅၀၀၀၊ ၅၀၀၀၀ ဝန်းကျင် ကုန်ကျမှု များတယ်။ တွက်ခြေ မကိုက်ဘူး” ဟု ပြောကြားသည်။

လက်ရှိ ရခိုင်ဒေသ စားသုံးဆီဈေးကွက်များအတွင်း ရန်ကုန်ဈေးကွက်မှ ဝင်ရောက်လာသည့် ဆီများမှာ တစ်လီတာ တစ်ဘူးလျှင် အမျိုးအစားအလိုက် ကျပ် ၁၄၀၀၊ ကျပ် ၁၇၀၀ ဈေးနှုန်းသာရှိပြီး ဒေသထွက် စားသုံးဆီ တစ်လီတာ တစ်ဘူးလျှင် ကျပ် ၃၀၀၀-၄၀၀၀ ဝန်းကျင်ရှိရာ ရခိုင်ပြည်နယ် စားသုံးဆီဈေးကွက်အတွင်း ရာခိုင်နှုန်း ၉၀ ကျော်အထိ ရန်ကုန်နှင့် ဘင်္ဂလားဒေ့ရှ်ဈေးကွက် နှစ်ခုမှ အရည်အသွေးမြင့် စားသုံးဆီ မျိုးစုံက နေရာယူနေကြောင်း ဆီလုပ်ငန်းရှင်များထံမှ သိရသည်။

Most Read

Most Recent