၂၀၁၇ ခုနှစ် စက်တင်ဘာတွင် စားသုံးသူဈေးဆနှုန်း (CPI) ၁၃၄ ဒသမ ၄၃ ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်

၂၀၁၇ ခုနှစ် စက်တင်ဘာတွင် စားသုံးသူဈေးဆနှုန်း (CPI) ၁၃၄ ဒသမ ၄၃ ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်
Published 30 October 2017

၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် စားသုံး သူဈေးဆနှုန်း (Cosumer Price Index – CPI) ၁၃၃ ဒသမ ၂၇ ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် သုံးရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန  ဗဟိုစာရင်းအင်း အဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူ ဈေးဆနှုန်းမှာ အစားအစာ အုပ်စုအတွက် ၁၄၆ ဒသမ ၁၉၊ အစားအစာ မဟုတ်သော အုပ်စုအတွက် ၁၁၇ ဒသမ ၈၃ နှင့် အုပ်စုအားလုံးအတွက် ၁၃၄ ဒသမ ၄၃ ရှိပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူ ဈေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၃ ဒသမ ၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

စားသုံးသူ ဈေးဆနှုန်းကို လေ့လာပါက အစားအစာ အုပ်စု၏ ဈေးဆနှုန်းမှာ ယခင်လထက် ရာခိုင်နှုန်း အနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရသည်။ အစားအစာ မဟုတ်သော အုပ်စု၏ ဈေးဆနှုန်းမှာ ၁၁၇ ဒသမ ၈၃ ဖြစ်သဖြင့် ယခင်လ အခြေအနေနှင့် နှိုင်းယှဉ်ပါက အနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူ ဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်း အဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှု စစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်း အမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးအစားပေါင်း ၄၃၈ မျိုး ပါဝင်ကြောင်း သိရသည်။ စားသုံးသူဈေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာ မဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်း အမျိုးအစား ၁၆၆ မျိုး ရွေးချယ်ခဲ့ပြီး စုစုပေါင်း ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူ တွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ ဈေးဆနှုန်းအပေါ် အခြေခံ တွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလအထိ တစ်နှစ်ပျမ်းမျှ ၄ ဒသမ ၆၆ ရာခိုင်နှုန်းရှိ၍ ပြီးခဲ့သည့် သြဂုတ်လတွင် ဖြစ်ပေါ်ခဲ့သည့် တစ်နှစ်ပျမ်းမျှ ၄ ဒသမ ၇၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ကျဆင်းခဲ့ကာ ၂၀၁၇ ခုနှစ် စက်တင်ဘာလနှင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလတို့၏ နှစ်အလိုက် ပြောင်းလဲမှု ကိုနှိုင်းယှဉ်ပါက (Year on Year Inflation) မှာ ၃ ဒသမ ၄၀ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

 

Most Read

Most Recent