ပထမဆုံးအကြိမ်အဖြစ် စီစဉ်ကျင်းပသည့် Star Awards Movie /TV 2018 ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့ Thuwanabhumi Event Park ၌ ကျင်းပခဲ့ပြီး ပရိသတ်မျှော်လင့်အားပေးခဲ့ကြသည့် အနုပညာရှင်များ ဆုရရှိခဲ့

ပထမဆုံးအကြိမ်အဖြစ် စီစဉ်ကျင်းပသည့် Star Awards Movie /TV 2018 ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့ Thuwanabhumi Event Park ၌ ကျင်းပခဲ့ပြီး ပရိသတ်မျှော်လင့်အားပေးခဲ့ကြသည့် အနုပညာရှင်များ ဆုရရှိခဲ့
Published 6 April 2019

ပထမဆုံးအကြိမ်အဖြစ် စီစဉ်ကျင်းပသည့် Star Awards Movie /TV 2018 ဆုချီးမြှင့်ပွဲကို ဧပြီလ ၅ ရက်တွင် တွင် Thuwanabhumi Event Park ၌ ကျင်းပခဲ့ပြီး ပရိသတ်များ မျှော်လင့်အားပေးခဲ့ကြသည့် အနုပညာရှင်များ ဆုအသီးသီးရရှိခဲ့ကြသည်။

ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ပေးအပ်ချီးမြှင့်မည့် Star Award ဆုပေးပွဲကို မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ကြီးမှူးကျင်းပခြင်းဖြစ်ကာ STELLAR SEVEN ENTERTAINMENT GROUP မှ Organizer အဖြစ် လက်တွဲကာ စီစဉ်ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ဆုပေးပွဲကို နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် Star Awards ဆုပေးပွဲ၏ Theme Songs ကို ဓိရာမိုရ်၏ ဂီတကဗျာ အဖွဲ့သားများဖြင့် တင်ဆက်ခဲ့သည်။

Star Awards Movie /TV 2018  ဆုချီးမြှင့်ပွဲတွင် ပထမဆုံးဆုအဖြစ်  Honourable Award ဆုကို ကြေညာပေးအပ်ခဲ့ရာ ဒါရိုက်တာ ဦးဝင်းဖေက ဆုရရှိခဲ့သည်။ ယင်းဆုချီးမြှင့်မှုအပြီးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က Star Awards Movie /TV 2018  ဆုချီးမြှင့်ပွဲအတွက် ပေးပို့လာသည့် သဝဏ်လွှာကို မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးမြတ်ခိုင်က ဖတ်ကြားခဲ့သည်။ ယင်းနောက်တွင် Star Awards Movie /TV 2018  ဆုရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး ဝင်းငြိမ်းက ဆုပေးပွဲနှင့်ပတ်သက်ပြီး အဖွင့်စကားပြောကြားခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ်အတွင်း ပြည်တွင်းရုပ်သံလိုင်းများ၌ပြသခဲ့ကြသည့် ရုပ်သံဇာတ်လမ်းတွဲများအတွက် ဆုများကိုကြေညာပေးအပ်ခဲ့ရာ Best TV Series Award ကို ‘ ပန်းနှစ်ပွင့်စီးချင်း’ ရုပ်သံဇာတ်လမ်းတွဲက လည်းကောင်း၊ Best TV Series Director Award ကို ‘ ပုဂံမြို့သူ’ ဇာတ်လမ်းတွဲဖြင့် ဒါရိုက်တာ ကျော်သူ၊ Best TV Series Actor Award ကို သရုပ်ဆောင် ဒေါင်းက ပုဂံမြို့သူ ဇာတ်လမ်းတွဲဖြင့်လည်းကောင်း၊ Best TV Series Actress Award ကို သရုပ်ဆောင် မေမီကိုကိုက ‘ ပျားရည်အိုင်’ ဇာတ်လမ်းတွဲ ဖြင့်လည်းကောင်း၊ Best TV Series Special Award ကို ‘ ဘဝထဲကဝတ္ထု ဝတ္ထုထဲကဘဝ’  ဇာတ်လမ်းတွဲများဖြင့် ဦးသိန်းစိုး(သီဟရတနာ) တို့က ဆုများအသီး သီးရရှိခဲ့ကြသည်။

ယင်းဆုများအနက် ကိုယ်တိုင်တက်ရောက်ရယူနိုင်ခြင်းမရှိသည့် ဒါ ရိုက်တာကျော်သူအတွက် ဆုကို မိခင်ဖြစ်သူ ဒေါ်မြသန်းကလည်းကောင်း၊ ဒေါင်းအတွက် ကိုယ်စားအဖြစ် အကယ်ဒမီများရှင် ရန်အောင်ကလည်း ဆုများကို တက်ရောက်ရယူပေးခဲ့သည်။

ယင်းနောက်တွင် ပွဲတက်လာသူ အနုပညာရှင်များထဲမှ ဖက်ရှင်အကျဆုံးသူအား Fashion Star (Male) ဆုချီးမြှင့်ရာတွင် ခါရာက ရရှိခဲ့သည်။ ထို့နောက်တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက Star Award Movie/TVဆုချီးမြှင့် ပွဲအတွက် ပေးပို့လာသည့် သဝဏ်လွှာကို အစီအစဉ်တင်ဆက်သူ သရုပ်ဆောင် အရိုင်းက ဖတ်ကြားခဲ့သည်။

ထို့နောက်တွင် ၂၀၁၈ ခုနှစ်အတွင်း ပြသခဲ့ကြသည့် မြန်မာရုပ်ရှင်ဇာတ်ကား ၈၃ ကားအနက်မှ စကာတင်ရွေးချယ်ခဲ့သည့် ဇာတ်ကား ၂၃ ကားမှ Star Awards ဆုရရှိသည့်ဇာတ်ကားများကို ဆက်လက်ကြေညာခဲ့သည်။ ယင်းဆုများအနက် ပထမဆုံးဆုအဖြစ် Best Story Award ဆုကို ‘ မုန်းစွဲ’ ဇာတ်ကား၏ ဇာတ်လမ်းပိုင်ရှင် ဆရာတော်အရှင်ဆန္ဒာဓိက ရှိရာ ရွှေပါရမီတောရ ကျောင်းသို့သွားရောက် ဆပ်ကပ်လှူဒါန်းမှုကို ပရိုဂျက်တာ မှတစ်ဆင့် ပြသခဲ့သည်။

ထို့နောက်တွင် ဆုများကိုထပ်မံကြေညာ ပေးအပ်ခဲ့ရာတွင် Best Picture Award ဆုကို ‘ လရောင်ဖြာတဲ့ အင်းလေးမှာ’ ဇာတ်ကားကလည်းကောင်း၊ Special Award (Costume and Make – Up) ကို ‘ မီ’ ဇာတ် ကားမှ မိတ်ကပ် မေဦး၊ Special Award (Setting and Special Effects) ကို ‘ ဒုဋ္ဌဝတီကို လွန်၍’ ဇာတ်ကား၊ Special Award(Performance) ကို ‘ ဇာတိမြေ’ ဇာတ်ကားမှ မိုရီဆာကီဝင်းကလည်းကောင်းရရှိခဲ့သည်။ မိုရီဆာကီဝင်းအတွက် ဆုကို ဒေါ်နန်းမောက်လောဝ်ဆိုင်က ကိုယ်စား လက်ခံရယူခဲ့သည်။

ဆက်လက်၍ ပွဲတက်လာသူများအနက်မှ ဖက်ရှင်အကျဆုံး ဧည့်သည်အတွက် ပေးအပ်သည့် Stellar Star (Guest) Award ကို သရုပ်ဆောင် ပိုင်ဇေရဲထွန်း၏ ဇနီး မဇင်သဲနိုင်က ရရှိခဲ့ပြီး ဆုချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် တေးသံရှင် ဇော်ဝင်းထွဋ်က တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီးနောက် ရုပ်ရှင်အတွက်ပေးအပ်သည့် Best Theme Song Award ဆုရရှိသည့် ‘ ချူဆီ’ ဇာတ်ကားကို ကြေညာဆု ချီးမြှင့်ခဲ့သည်။

Star Awards  ဆုပေးပွဲမှ ရုပ်ရှင်အတွက် ဆုများကို ဆက်လက် ရွေးချယ်ပေးအပ်ရာတွင် Rising Star Award (Male) အား ခါရာ၊ Rising Star Award (Female) အား  မေမြင့်မိုရ်၊ Best Cinematography Award အား ‘ မီ’ ဇာတ်ကားဖြင့် ဒါရိုက်တာ ဏကြီးတို့က ရရှိခဲ့သည်။ ယင်းနောက် ပွဲတက်လာသည့် အနုပညာရှင်ထဲမှ ရွေးချယ်ပေးအပ်သည့် Fashion Star (Female) ဆုကို ဝတ်မှုန်ရွှေရည်က ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ဓိရာမိုရ် နှင့်အဖွဲ့၏ ‘ ဧရာဝတီ’ တေးသီချင်းဖြင့် ဖျော်ဖြေမှုကို တင်ဆက်ခဲ့သည်။

ဖျော်ဖြေရေး အစီအစဉ်အပြီးတွင် ဆုများကို ဆက်လက်ကြေညာပေးအပ်ရာ Best Actor In A Leading Role Award ကို ‘ တိမ်တိုက်တံတား’ ဇာတ်ကားမှ နေတိုး၊ Best Actress In A Supporting Award ကို ‘ သုံး ရောင်ခြယ်’ ဇာတ်ကားဖြင့် ရွှေသမီး၊ Best Director  Award ကို ‘ ဥပါယ်တံမျဉ်’ ဇာတ်ကားမှ ဒါရိုက်တာ ခရစ်စတီးနားခီ၊ Best Actor In A Supporting Role Award ကို ‘ ငယ်ကျွန်’ ဇာတ်ကားမှ လူမင်း၊  Best Actress In A Leading Role Award  ကို  ပိုင်ဖြိုးသုက ‘ မီ’ ဇာတ်ကားတို့ဖြင့် အသီးသီးဆုများရရှိခဲ့ ကြသည်။

 ရုပ်ရှင်အတွက်ပေးအပ်သည့်ဆု ၁၅ ကို တစ်ဆုလျှင်  ရွှေရောင်ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် သိန်း ၅၀ ကိုလည်း ရုပ်သံဇာတ်လမ်းတွဲများအတွက် ရွေးချယ်ပေးအပ်သည့် ဆုငါးဆုကို တစ်ဆုလျှင် ငွေရောင်ဆုတံဆိပ်နှင့် ဆုကြေး ငွေကျပ် သိန်း ၃၀ စီ ပေးအပ်ချီးမြှင့်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆုများအပြင် ဝတ်စားဆင်ယင်မှု ဖက်ရှင်ဆု ၃ ဆုကို အောင်သမာဓိရွှေဆိုင်မှ ပြုလုပ်ထားသည့် ရွှေနှစ်ကျပ်သား ရင်ထိုးကို ပေးအပ်ခဲ့သည်ဟု သိရသည်။

Most Read

Most Recent