လာမည့်တစ်နှစ်ခွဲအတွင်း မဂ္ဂါဝပ် ၁၀၀၀ ကျော် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ပြီး ၅၀၀ ကေဗွီဓာတ်အားလိုင်းများဖြင့် မြန်မာနိုင်ငံတစ်ဝန်း ဓာတ်အားပြတ်တောက်မှုမရှိစေရန် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား

လာမည့်တစ်နှစ်ခွဲအတွင်း မဂ္ဂါဝပ် ၁၀၀၀ ကျော် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ပြီး ၅၀၀ ကေဗွီဓာတ်အားလိုင်းများဖြင့် မြန်မာနိုင်ငံတစ်ဝန်း ဓာတ်အားပြတ်တောက်မှုမရှိစေရန် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား
စင်ကာပူအခြေစိုက် Sembcorp မြင်းခြံ ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
စင်ကာပူအခြေစိုက် Sembcorp မြင်းခြံ ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 18 March 2019
ဇေယျာငြိမ်း

လာမည့်တစ်နှစ်ခွဲတွင် မဂ္ဂါဝပ် ၁,၀၀၀ ကျော် ဓာတ်အားပေးစက်ရုံများ တည်ဆောက် ပြီး ၅၀၀ ကေဗွီဓာတ်အားလိုင်းများဖြင့် မြန်မာနိုင်ငံအရှေ့၊ အနောက်၊ တောင်၊ မြောက်အားလုံးသို့ ဓာတ်အားပြတ်တောက်မှု မရှိစေရန် ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

လက်ရှိတွင် ဓာတ်အားလိုင်းတစ်လိုင်းသည် အမြင့်ဆုံးဓာတ်အားပမာဏ ၃၀၀ မဂ္ဂါဝပ်ခန့်သာ သယ်ယူပို့ဆောင်နိုင်ပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀ အောက်ထုတ်လုပ်နိုင်သည့် စက်ရုံများသာရှိကြောင်း သိရသည်။

“နောင်တွင် တည်ဆောက်ပြီးစီးမည့် ဓာတ်အားပေးစက်ရုံများဟာဆိုရင် မဂ္ဂါဝပ် ၁,၀၀၀ ကျော်ခန့်ကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၃၀ ကေဗွီနိုင်မနိုင်တော့ လို့ ၅၀၀ ကေဗွီဓာတ်အားလိုင်းများဖြင့် သယ်ယူပို့ဆောင်ရမှာ ဖြစ်ပါတယ်။ အခုဆိုရင် ၅၀၀ ကေဗွီ မတ္ထီလာ-တောင်ငူ-ဘုရားကြီး-ရန်ကုန် ဓာတ်အားလိုင်းကြီးကို ကြိုးသွယ်တန်းခြင်း စတင်နေပါပြီ။ ၅၀၀ ကေဗွီဓာတ်အားလိုင်းများဟာဆိုရင် Northern ,Southern,Eastern and Western Grid များ တစ်ခုနှင့် တစ်ခု ချိတ်ဆက်ရာမှာ အဓိကကျသော ကျောရိုးဖြစ်လာမှာဖြစ်ပါတယ်။ နောက်တစ်နှစ်ခွဲ နှစ်နှစ်မှာဆိုရင် မြန်မာပြည်ဘယ်နေရာမှာ နေနေ၊ ဘယ်နေရာမှာပဲလုပ်ငန်းလုပ် ဒီဓာတ်မဟာလိုင်းစနစ်ကြီးကနေ လိုတဲ့နေရာ လိုသလောက်ကို ဓာတ်အားပြတ်တောက်မှု မရှိစေဘဲ ဓာတ်အားဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ ဓာတ်အားထုတ်လုပ်နိုင်မှုမှာ မဂ္ဂါဝပ် ၃၈၀၀ ခန့်သာရှိသော်လည်း လာမည့်သုံးနှစ်အတွင်း နောက်ထပ်မဂ္ဂါဝပ် ၃ဝဝဝခန့် တိုးမြှင့်ထုတ် လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မတ် ၁၆ ရက်က ပြောကြားသည်။

နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်အနေဖြင့် တစ်နှစ်လျှင် ၁၉ ရာခိုင်နှုန်း ခန့်တိုး တက်လျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် တစ်နှစ် မဂ္ဂါဝပ် ၃ဝဝမှ ၅၀၀ ကြား တိုးတက်လိုအပ်လျက်ရှိသည်ကို တွေ့ရကြောင်း၊ အဆိုပါဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ရေတိုရေရှည်အစီအမံများ ချမှတ်ကာ ကြိုတင်စီမံဆောင်ရွက်မှသာ နိုင်ငံ တော်၏ ဓာတ်အားလိုအပ်ချက်ကို နှစ်စဉ်အချိန်မီပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြား သည်။

“နောက်သုံးနှစ်အတွင်းမှာ လိုအပ်လာမယ့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ဖို့အတွက်တော ့ရေတိုအစီအမံအနေ နဲ့ လျင်မြန်စွာတည်ဆောက်ပြီး ဓာတ်အားထုတ်မောင်းနှင်နိုင်တဲ့ သဘာဝဓာတ်ငွေ့သုံး အင်ဂျင်ဓာတ်အားပေးစက်ရုံများ အကောင်အထည်ဖော်၍ ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒီနေရာမှာလည်း သဘာဝဓာတ်ငွေ့ရရှိမှုဟာ အကန့်အသတ်ရှိတဲ့အတွက် တခြားလောင်စာများကို အသုံးပြု၍ ဓာတ်အားထုတ်လုပ် နိုင်ရန်လည်း စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆိုသည်။

“လက်ရှိအနေအထားအရ မြန်မာနိုင်ငံတွင် နှစ်စဉ်ဓာတ်အားတိုးတက်သုံးစွဲမှုမှာ ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲလာတဲ့အတွက် နှစ်အလိုက်ဓာတ်အားလိုအပ်ချက်မှာ ၂၀၂၀ - ၂၀၂၁ ခုနှစ်မှာ ၄၅၃၁ မဂ္ဂါဝပ်ခန့် တိုးတက်သုံးစွဲလာမယ်လို့ ခန့်မှန်းရတဲ့အတွက် စုစုပေါင်း ၂၇၅၇ မဂ္ဂါဝပ်ကို ထပ်မံတိုးတက်ထုတ်လုပ်ပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆိုသည်။

အဆိုပါ ဓာတ်အားထုတ်လုပ်မှုများမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့အပြင် ၂၀၂၀ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းလာမည်ဖြစ်သည့်အတွက် LNG ဓာတ်ငွေ့သုံးစက်ရုံများဖြင့် စုစုပေါင်း ၃၀၀၀ မဂ္ဂါဝပ်ခန့်ကိုလည်း တည်ဆောက်၍ ဓာတ်အားတိုးတက်ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။                                    

 

Most Read

Most Recent