အများပြည်သူ ဘေးကင်းလုံခြုံရေးဟူသည် မိမိနိုင်ငံသားများ၊ မိမိနိုင်ငံပိုင်နက်အတွင်း ရှိနေသူများ၊ အဖွဲ့အစည်းများနှင့် အင်စတီကျူးရှင်းများအား ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ် ခြိမ်းခြောက်ခံရမှုများမှနေ၍ ကာကွယ်ပေးရန် အာမခံရသော အစိုးရ၏ တာဝန်ဝတ္တရား ဖြစ်သည်။ အများပြည်သူ ဘေးကင်းလုံခြုံရေးဆိုင်ရာ ကဏ္ဍတွင် တိုးတက််များပြား လာနေသော စိန်ခေါ်မှုများနှင့်အညီ တာဝန်ရှိသည့် အများပြည်သူဆိုင်ရာ အင်စတီကျူးရှင်းများနှင့် အဖွဲဲ့အစည်းများသည် ကျရောက်လာနိုင်သည့် ဖြစ်နိုင်ဖွယ်ခြိမ်းခြောက်မှုများကို အောင်မြင်စွာ ကိုင်တွယ်နိုင်ရန် ၎င်းတို့၏ ကိုယ်ပိုင်စုံစမ်းထောက်လှမ်းမှုများကို ပြုလုပ်နိုင်သည်။ ယင်းအဖွဲ့အစည်းများသည် ၎င်းတို့၏ ဌာနတွင်းဖွဲ့စည်းတည်ဆောက်ပုံကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ရခြင်း၊ စုပေါင်းညှိနှိုင်းဆောင်ရွက်မှုကို အသုံးပြုရခြင်း နှင့် ၎င်းတို့၏ ဆောင်ရွက်ပုံနည်းလမ်းများနှင့်ပတ်သက်၍ ကုန်ကျစရိတ်နှင့် အကျိုးကျေးဇူးကို သေချာစွာ ချိန်ညှိရခြင်းတို့ လုပ်ဆောင်ကြရသည်။
အများပြည်သူ ဘေးကင်းလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများတွင် ဥပဒေထိန်းသိမ်းရေးအဖွဲ့များ၊ မီးသတ်အဖွဲ့များနှင့် အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်သည်။ မြူနီစီပယ်၊ ခရိုင်၊ ပြည်နယ်/တိုင်းနှင့် ပြည်ထောင်စု စသည့် အဆင့်ဆင့်တွင်ရှိသော အများပြည်သူ ဘေးကင်းလုံခြုံရေးဆိုင်ရာ အကြောင်းအရာများတွင် မူးယစ်ဆေးသုံးစွဲမှု၊ ကျူးကျော်ဝင်ရောက်မှု၊ ဖောက်ထွင်းခိုးယူမှု၊ နှောင့်ယှက်မှု၊ အသက်မပြည့်သေးသူများ ပြစ်မှုကျူးလွန်မှု၊ တရားမဝင်နေထိုင်မှု၊ ဆူညံမှု၊ စည်းကမ်းမဲ့အမှိုက်ပစ်မှု၊ မသင့်လျော်သည့် လူမှုရေးအပြုအမူများ၊ မူးယစ်ရမ်းကားမှုနှင့် အခြားဘဝနေထိုင်မှု အရည်အသွေးဆိုင်ရာ အကြောင်းအရာများ ပါဝင်သည်။ ရာဇဝတ်မှုဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ဖြစ်စေ (သဘာဝအတိုင်း သို့မဟုတ် လူတို့ကြောင့်ဖြစ်ပွားခြင်း) အရေးပါသည့် အန္တရာယ်၊ ဒဏ်ရာရရှိနိုင်မှု၊ အိုးအိမ်နှင့် ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးနိုင်မှုတို့မှနေ၍ အထွေထွေလူထု၏ ဘေးကင်းလုံခြုံမှုအပေါ် အန္တရာယ်သက်ရောက်နိုင်သည့် ဖြစ်ရပ်များအား ကြိုတင်ကာကွယ်ခြင်းနှင့် စောင့်ရှောက်ကာကွယ်ခြင်းတို့၌ ပါဝင်သည့် အဖွဲ့အစည်းများကို အများပြည်သူ ဘေးကင်းလုံခြုံမှုဆိုင်ရာ အဖွဲ့အစည်းများဟု ခေါ်ဆိုနိုင်သည်။
အဖွဲ့အစည်းအလိုက် ကျူးလွန်သော ရာဇဝတ်မှုများနှင့် နိုင်ငံတကာအကြမ်းဖက်မှုများသည် ပထဝီအနေအထားဆိုင်ရာ၊ ဘာသာစကားဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများကြောင့် တားဆီးရန် ခက်ခဲတတ်သည်။ ကျွမ်းကျင်မှုနှင့် အုပ်ချုပ်ရေးဆိုင် ရာအခက်အခဲများ ရှိနေတတ်သည်။ ယင်းအခက်အခဲများသည် နိုင်ငံအလိုက်ဖြစ်စေ၊ နိုင်ငံတကာအရဖြစ်စေအများပြည်သူ ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ အရေးကြီးသည့် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကြောင်းအရာများ ဖြစ်လာသည်။ နိုင်ငံရေး၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများနှင့် လုပ်ငန်းများသည် အများပြည်သူ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ရန်နှင့် စီးပွားရေးဆိုင်ရာ အကျိုးစီးပွားအတွက် တည်ငြိမ်သော ဝန်းကျင်တစ်ရပ်ကို ထိန်းသိမ်းထားနိုင်ရန် အနီးကပ်ပူးပေါင်းဆောင်ရွက်ကြရသည်။
အများပြည်သူ ဘေးကင်းလုံခြုံမှုသည် နေရာတစ်ခု၏ ဆွဲဆောင်နိုင်မှု၊ သက်ဆိုင်ရာ ပြည်သူများ၏ ထုတ်လုပ်နိုင်စွမ်းနှင့် စီးပွားရေးတစ်ရပ်၏ အသားတင်အောင်မြင်မှု အစရှိသည်တို့အတွက် အကြီးအကျယ် အရေးပါသော်လည်း ယင်းကဏ္ဍသည် ဘတ်ဂျက်နည်းပါးခြင်း၊ ရင်းမြစ်များ အကန့်အသတ်ရှိနေခြင်းနှင့် အချက်အလက်ဆိုင်ရာစနစ်များ မလုံလောက်ခြင်း အစရှိသည့် အခက်အခဲတို့ကို ရင်ဆိုင်ရတတ်သည်။ ကြီးမားသောဖြစ်ရပ်များ၊ ရောဂါအကြီးအကျယ် ပြန့်ပွားမှုများ၊ ပြင်းထန်သော မတော်တဆမှုများ၊ သဘာဝဘေးအန္တရာယ်များနှင့် အကြမ်းဖက်တိုက်ခိုက်မှုများကလည်း အများပြည်သူ ဘေးကင်းလုံခြုံရေးအပေါ် အကြီးအကျယ် ခြိမ်းခြောက်၍လာသည်။ ရဲတပ်ဖွဲ့များနှင့် နယ်စပ်ရေးရာ အာဏာပိုင်များသည် ပြည်တွင်းနိုင်ငံရေးစွမ်းရည်အတွက် အခြေခံအကြိုလိုအပ်ချက်တစ်ရပ်အဖြစ် နိုင်ငံလုံခြုံရေးအား အာမခံထားနိုင်ရန် လိုအပ်သည်။ ကျရောက်လာနိုင်ဖွယ်ရှိသော ခြိမ်းခြောက်မှုများ၏ အရည်အသွေးနှင့် အတိုင်းအတာသည် အရေးပါလောက်အောင် ပြောင်းလဲလာသည်နှင့်အညီ ရဲတပ်ဖွဲ့များနှင့် နယ်စပ်ရေးရာ အာဏာပိုင်များအတွက် လုပ်ငန်းတာဝန်များနှင့် အထွေထွေမူဘောင်များသည်လည်း သိသိသာသာ ပြောင်းလဲ၍ လာရသည်။
မည်သို့ပင်ဆိုစေကာမူ အများပြည်သူ ဘေးကင်းလုံခြုံရေးသည် မဖြစ်မနေ အာမခံထားပေးရသည့် အစိုးရ၏ အရေးကြီးသော တာဝန်ဝတ္တရားတစ်ရပ်ပင်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(မတ်လ ၁၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)