အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်း သုံးနှစ်ကျော် ကာလတွင် အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး FDA ညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အား စတင်အရေးယူခဲ့သည်။ ယင်းနောက်တွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးအား ထပ်မံအရေးယူခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ပွဲဦးထွက်အဖြစ် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။
အစိုးရပိုင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် တစ်ဦးအား စတင်အရေးယူခဲ့သည့်ဖြစ်စဉ် လည်းဖြစ်သည်။
တနင်္သာရီဝန်ကြီးချုပ် ဒေါ်လဲလဲ့မော်က ဘယ်လိုလူလဲ
တနင်္သာရီတိုင်းဒေသကြီးမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တိုင်းအတွင်းရှိ ၁၀ မြို့နယ်စလုံး၌ ပါတီကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရပြီး အနီရောင်လွှမ်းခဲ့သော နယ်မြေတစ်ခုဖြစ်သည်။
အဂတိ လိုက်စားမှုဖြင့် အမှုဖွင့်ခံရသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် သရက်ချောင်းမြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရခဲ့သည့် ပါတီကိုယ်စားလှယ် တစ်ဦးဖြစ်သည်။ ယင်းနောက် တနင်္သာရီတိုင်း ဒေသကြီး၏ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ဝန်ကြီးချုပ်ဖြစ်လာပြီး အစပိုင်းနှစ်များတွင် တနင်္သာရီတိုင်းဒေသကြီးရှိ လမ်းများ၊ တံတားများကို အောက်ခြေအထိဆင်းပြီး ကိုယ်တိုင် စိစစ်ကြပ်မတ်သဖြင့် လူမှုကွန်ရက်များတွင် ချီးကျူးမှုများ ရရှိခဲ့သူ တစ်ဦးဖြစ်သည်။
သို့သော် ဝန်ကြီးချုပ်ဖြစ်ပြီး နှစ်နှစ်ကျော်အကြာတွင် အဂတိ လိုက်စားမှုများ ရှိလာခဲ့သဖြင့် ဒေသခံများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက အစိုးရအဖွဲ့သို့ တိုင်ကြားခြင်း၊ လွှတ်တော်တွင်း ဝေဖန်ခြင်းများ ခံခဲ့ရသည်။
ဒေါ်လဲ့လဲ့မော်မှာ နိုင်ငံရေးလောကမှ ပါတီတွင်း ဝင်ရောက်လာခြင်း မဟုတ်ဘဲ ထားဝယ်ပြည်သူ့ဆေးရုံကြီး၊ သရက်ချောင်းမြို့နယ် ဆေးရုံတို့၌ လက်ထောက်ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ နှစ်များအတွင်းကမှ ပါတီသို့ ဝင်ရောက်၍ ပါတီ၏ နယ်လှည့်ဆေးကုသရေး အစီအစဉ်များတွင် ပါဝင်လှုပ်ရှား ခဲ့သူဖြစ်သည်။
အလားတူ ဒေါက်တာလဲ့လဲ့မော် အနိုင်ရရှိခဲ့သည့် သရက်ချောင်းမြို့နယ်တွင် ၎င်း၏ခဲအို ဦးအောင်စိုး (လက်ရှိ တနင်္သာရီတိုင်း NLD ပါတီဥက္ကဋ္ဌ) သည်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် အနိုင်ရရှိခဲ့သည်။ ဦးအောင်စိုးမှာ ဒေါ်အောင်ဆန်းစုကြည် နံဘေးတွင် အနီးကပ် လိုက်ပါခွင့်ရသူ တစ်ဦးဖြစ်ပြီး၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း လောင်းလုံးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။
“စတက်တုန်းကတော့ ထောက်ခံမှုရတယ်။ နောက်ပိုင်းမှ တော်တော်လေးကို သတင်း (အဂတိလိုက်စားမှု) ထွက်လာတာ” ဟု တနင်္သာရီတိုင်း မြိတ်ကျွန်းစုတွင် ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်နေသူ တစ်ဦးက မှတ်ချက်ပြုသည်။
စီးပွားရေးလုပ်ငန်းရှင်များ အကြားတွင်လည်း ၎င်း၏လူမှုဆက်ဆံရေးကြောင့် လုပ်ငန်းရှင်များ အနေဖြင့် အခက်တွေ့ခဲ့ရသည့် အခြေအနေများရှိကြောင်း အဆိုပါလုပ်ငန်းရှင်က ပြောကြားသည်။
“မြိတ်ကျွန်းစုထဲက ကျွန်းတွေဆိုရင်လည်း ရှင်တို့လုပ်ငန်းလုပ်မှာလား။ မလုပ်ရင် ပြန်သိမ်းပစ်မယ် ဆိုတာက အမြဲတမ်းပြောတယ်။ သူကသိမ်းမယ်ဆိုပြီး ပြောတဲ့လုပ်ကွက်တွေက လုပ်ခွင့်ရတာ သိပ်မကြာသေးတဲ့ဟာတွေ။ အလွန်ဆုံးရှိမှ သုံးနှစ်။ အဲဒါကို ပြန်သိမ်းပစ်မယ် ဆိုတာချည်းပဲ။ ဘယ်လိုပြောရမလဲ စကားပြောတာက ပညာတတ် မဆန်ဘူး” ဟု အမည်မဖော်လိုသည့် အဆိုပါလုပ်ငန်းရှင်က ပြောကြားသည်။
ဖမ်းဆီးတရားစွဲခံရပြီ
တနင်္သာရီဒေသခံများက ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏ အဂတိ လိုက်စားမှုများကို အစိုးရအဖွဲ့၊ ပါတီသို့ တိုင်ကြားစာများ ပေးပို့ခဲ့သည်။
ယင်းနောက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးများကို လျှို့ဝှက်လုပ်ဆောင်ခဲ့သည်။
ယင်းသို့ တိုင်ကြားပြီး နှစ်လကျော်အကြာတွင် ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေများဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
ယင်းသို့ အမှုဖွင့် အရေးယူခံရသူများတွင် GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နှင့် ဦးသူရအုံတို့လည်း ပါဝင်ခဲ့သည်။
ဝန်ကြီးချုပ်နှင့် အပေါင်းပါများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထားဝယ်မြို့မရဲစခန်း၌ ဖွင့်လှစ်ထားသည့် အမှုလေးမှုရှိပြီး (ပ) ၇၆၆/၂၀၁၉ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နှင့် ဦးသူရအုံတို့အား လည်းကောင်း၊ (ပ) ၇၆၇/၂၀၁၉ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်တို့အား လည်းကောင်း၊ (ပ)၇၆၈/၂၀၁၉ နှင့် (ပ)၇၆၉/၂၀၁၉ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို လည်းကောင်း အသီးသီး အမှုဖွင့်ထားပြီး ထားဝယ်အကျဉ်းထောင်၌ ဖမ်းဆီးထားသည်။
ယင်းဥပဒေပုဒ်မများမှာ ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် ၁၅ နှစ်အထိ အရေးယူနိုင်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မတီအဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်များအရ ၂၀၁၆ ခုနှစ် ဧပြီတွင် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာတွင် ထားဝယ် တက္ကသိုလ်ဝင်းအတွင်း ချုံနွယ်ရှင်းလင်းခြင်းလုပ်ငန်း၊ ထားဝယ်လေယာဉ်ကွင်း အပြင်ဘက် ချုံနွယ်ရှင်းလင်းခြင်း လုပ်ငန်းများအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ထိုက်သင့်သည့် တန်ဖိုးမပေးဘဲ F-22 Sunny Construction Co.,Ltd. သို့ တာဝန်ပေး ဆောင်ရွက်စေခဲ့ပြီး မကြာမီ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် တင်ဒါခေါ်ယူခြင်း၊ အစိုးရအဖွဲ့ အစည်းအဝေး၌ အတည်ပြု ဆုံးဖြတ်ခြင်းတို့ မရှိဘဲ ထားဝယ် လေယာဉ်ကွင်းအတွင်း ချုံနွယ်ရှင်းလင်းခြင်းလုပ်ငန်း တစ်ခုတည်းကို ခွင့်ပြုငွေ ကျပ်သိန်း ၄၀၀၀ ဖြင့် ဝန်ကြီးချုပ်၏ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ F-22 Sunny Construction Co.,Ltd. သို့ တိုက်ရိုက်ခွင့်ပြု ဆောင်ရွက်စေခြင်းသည် တံစိုးလက်ဆောင်ကို အဖွဲ့အစည်းအတွက် ရယူခြင်း ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးများ၏ ဒေသန္တရ ပေါက်စျေးများနှင့် နှိုင်းယှဉ်တွက်ချက်မှုအရ နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရကြောင်း၊ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ လမ်းဦးစီးဌာနသို့ တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁ ဒသမ ၉ ဘီလျံခန့် ထုတ်ယူရန် အခွင့်အရေး ပေးအပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလခန့်တွင် တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးအား သူမ၏ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟို အမည်ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံလမ်းနှင့် ဂေါ်သဇင်လမ်းထောင့်ရှိ အိမ်အမှတ် ၁၀၆၈ နှင့် ၁၀၇၀ မြေကွက် နှစ်ကွက်ကို အုတ်ခြံစည်းရိုး ကာရံပေးရန် စေခိုင်းခဲ့ရာ ကျပ်သိန်း ၁၄၀ ကျော် ကုန်ကျခဲ့ပြီး သူမအား စုံစမ်းစစ်ဆေးသည့်အခါမှ ယင်းငွေကို ပြန်လည်ပေးချေကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ထိုက်သင့်သည့်တန်ဖိုး ပေးချေခြင်း မရှိဘဲ အုတ်ခြံစည်းရိုး ကာရံပေးစေခြင်းဖြင့် တံစိုးလက်ဆောင် ရယူခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရသည်ဟု သိရသည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် ၎င်း၏ မိသားစုပိုင်သည့် သရက်ချောင်းမြို့နယ်၊ မြို့မရပ်၊ မြိတ်-ထားဝယ် ကားလမ်း၊ အိမ်အမှတ် (၆) ရှိ နှစ်ထပ်နေအိမ်နှင့် ၀ိုင်းမြေကို ကာလတန်ဖိုးကျပ် သိန်း ၃၂၀ ကျော်သာ တန်ဖိုးရှိသော်လည်း ကျပ်သိန်း ၂၀၀၀ ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့ကြောင်း၊ GGS ကုမ္ပဏီအား သရက်ချောင်း ငါးလေလံစျေး တည်ဆောက်ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ထားဝယ်မြို့ ခြင်းလုံးရုံ တည်ဆောက်ခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ ထားဝယ်နှင့် မြိတ်တွင် ခြောက်ခန်းတွဲ လေးထပ် တန်ဖိုးနည်း အငှားအိမ်ရာလေးလုံး တည်ဆောက်ခြင်း၊ နေပြည်တော်တွင် တနင်္သာရီတိုင်း ဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် အခွင့်အရေး ပေးခဲ့ကြောင်း၊ နေအိမ်ကို ဝယ်ယူသူ ဦးသူရအုံသည် GGS ကုမ္ပဏီနှင့် အကျိုးစီးပွား ဆက်စပ်ဆောင်ရွက်သူဖြစ်ပြီး ကုမ္ပဏီ အထွေထွေမန်နေဂျာ ဖြစ်ကြောင်း၊ GGS ကုမ္ပဏီမှ တာဝန်ရှိသူများဖြစ်သော ဦးသိန်းထွေး၊ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့ သည် အိမ်နှင့်မြေကို ကာလတန်ဖိုးထက် ခြောက်ဆခန့်ပိုသည့် တန်ဖိုးဖြင့် စျေးပိုပေး၍ ဝယ်ယူခဲ့ပြီး အကျိုးအမြတ် ရရှိမည့် လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိခဲ့ကြကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူ စာချုပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ချုပ်ဆိုခဲ့ပြီး လုပ်ကိုင်ခွင့်ပြုသူနေရာတွင် တိုင်းအစိုးရအဖွဲ့ကိုယ်စား အတွင်းရေးမှူးနှင့်၊ လုပ်ကိုင်ခွင့်ရသူနေရာတွင် GGS ကုမ္ပဏီကိုယ်စား ဦးသိန်းထွေးတို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း အကောင်အထည်ဖော်ရေး ကြီးကြပ်ရန် ပျက်ကွက်သဖြင့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ရာ ရောက်ကြောင်း၊ ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ စစ်ဆေးသည့် အချိန်အထိ သဘာဝဓာတ်ငွေ့ဖိုး ကျပ်သန်း ၈၀၀၀ ကျော်ကို ပေးချေရန် တာဝန်ရှိသည့် GGS ကုမ္ပဏီဘက်မှ ပေးချေရန် ပျက်ကွက်နေကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက စိုက်ထုတ်ကျခံခဲ့ရသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများ ထိခိုက်နစ်နာ ဆုံးရှုံးမှုရှိကြောင်း ပေါ်ပေါက်မှုအပေါ် အဆိုပါ လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီမှ ဦးသိန်းထွေးနှင့် ဦးအောင်မြတ်တို့သည် အဂတိလိုက်စားမှုဖြင့် ငြိစွန်းကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တနင်္သာရီဝန်ကြီးချုပ်၏ နောက်ဆက်တွဲပြဿနာ
တနင်္သာရီဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အပါအဝင် လေးဦး အမှုဖွင့် အရေးယူခံရပြီး မကြာမီတွင် လူမှုကွန်ရက် Facebook တွင် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့လာခဲ့သည်။
ယင်းရုပ်သံဖိုင်တွင် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန စသည့်ဌာနဆိုင်ရာများလည်း ပါဝင်သည့် အစည်းအဝေးတစ်ခု ပြုလုပ်နေသည်ကို တွေ့ရသည်။
ယင်းအစည်းအဝေး၌ မြိတ်ကျွန်းစုများတွင် တစ်ခုအပါအဝင် ဖြစ်သည့် စောင်းကောက်ကျွန်းအား မိသားစု တစ်စုကိုပေးရန် ပြောကြားနေသည်ကို တွေ့ရသည်။
လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်မှာ သုံးမိနစ်စာသာရှိပြီး Weekly Eleven ဂျာနယ်က ရရှိထားသည့် ရုပ်သံဖိုင်မှာ ရှစ်မိနစ်နီးပါးခန့် ကြာမြင့်သည်ကို တွေ့ရပြီး ယင်းရုပ်သံဖိုင်အား တနင်္သာရီ ဝန်ကြီးချုပ်ကို အရေးမယူမီ ရက်သတ္တနှစ်ပတ်နီးပါးခန့် ကတည်းက ပျံ့နှံ့ရရှိ ထားခဲ့ခြင်းဖြစ်သည်။
ရှစ်မိနစ်နီးပါးခန့် ကြာမြင့်သည့် ရုပ်သံဖိုင်တွင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောဆိုချက် အပြည့်အစုံ ရိုက်ကူးထားသည်ကို တွေ့ရသည်။
ယင်းပြောကြားချက်များတွင် စောင်းကောက်ကျွန်းအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကာလတစ်လျှောက်လုံး ကူညီခဲ့သည့် မိသားစု တစ်စု၏ သားတစ်ယောက်က လုပ်ပိုင်ခွင့်ရရှိရန် လာရောက် အကူအညီ တောင်းခံကြောင်း၊ ယင်းသို့ တောင်းဆိုမှုကြောင့် ငြင်းရခက်ကြောင်း၊ မိမိခေါင်းဆောင် ဒုက္ခရောက်စဉ်အခါက ကူညီခဲ့သည့် မိသားစုဖြစ်သဖြင့် ကူညီချင်ကြောင်း စသည့်အကြောင်းများ ပြောကြားနေသည်ကို တွေ့ရသည်။
အဆိုပါ အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးရှိ ကျွန်းများအကြောင်း ပြောကြားချက်များ ပါဝင်သည်။
“စောင်းကောက်ကျွန်းက ကျွန်မပဲပေါ့နော်။ ကျွန်မတို့ ဆိုတာက ကျွန်မတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကာလစဉ်တစ်လျှောက်လုံး ကူညီတဲ့မိသားစု ရှိပါတယ်။ အဲဒီမိသားစုက သားတစ်ယောက်က ကျွန်မကို လာအကူအညီ တောင်းပါတယ်။ လာအကူအညီ တောင်းတဲ့အခါမှာ သူတို့အဖွဲ့နဲ့ လုပ်မယ်ဆိုပြီး ပြောပါတယ်။ ဒါအရမ်းအားနာပါတယ်။ ကျွန်မစိတ်ထဲမှာ အရမ်းရှင်းပါတယ်။ Corruption လည်း လုပ်တာမဟုတ်ပါဘူး။ ကိုယ့်ခေါင်းဆောင် ဒုက္ခရောက်စဉ်အခါက ကူညီထားတဲ့ မိသားစုတွေဖြစ်လို့ ကျွန်မကလည်း ပြန်ကူညီချင်လို့ ကူညီနိုင်တဲ့ အနေအထားမှာလည်းရှိလို့ သူတို့မိသားစု လေးယောက် ငါးယောက်ကို ကျွန်မအဲဒီ စောင်းကောက်ကျွန်းလေး ကျွန်မတို့ ပေးချင်ပါတယ်။ တစ်စိတ်တစ်ဒေသပါ။ ကျန်တဲ့သူတွေလည်း ချပေးလို့ရပါတယ်” ဟု အဆိုပါ ရုပ်သံဖိုင်တွင် ဒေါ်လဲ့လဲ့မော်က ပြောကြားထားသည်ကို တွေ့ရသည်။
ယင်းရုပ်သံဖိုင်တွင် တနင်္သာရီတိုင်း အတွင်းရှိ ကျွန်းများနှင့် ပတ်သက်၍ ပြောကြားချက်များ၊ ယင်းကျွန်းများကို လုပ်ပိုင်ခွင့် ချထားပေးသည့် အခြေအနေများကို ဒေါ်လဲ့လဲ့မော်က ပြောကြားနေသည်ကို တွေ့ရသည်။
“ကျွန်းတွေကိုယူထားပြီး ဘာမှအသုံးမပြုတဲ့ သူတွေကို ရှေ့ဆက်ဘယ်လို စဉ်းစားမလဲ ဆိုတာလေး ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နေရာဦးချင်တယ် ဆိုတာက ကျွန်မတို့အစိုးရ လက်ထက်မှာ အဆင်မပြေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က လူတစ်စုအတွက် လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်မတို့အစိုးရက ဒီမိုကရေစီနည်းလမ်းအတိုင်း သွားပါမယ်။ ပြည်သူကို အခြေခံတဲ့ အုပ်ချုပ်ရေးကို သွားနေတာပါ။ ကျွန်မတို့အနေနဲ့ အရင်အစိုးရ လက်ထက်တုန်းက MIC မှာ ကျပြီးလို့ စာချုပ်ချုပ်ထားတဲ့ သူတွေနဲ့ ကျွန်မတို့ ဆက်သွားပါမယ်။ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရပါမယ်” ဟု ဒေါ်လဲ့လဲ့မော်က ယင်းအစည်းအဝေးတွင် ပြောကြားထားသည်ကို တွေ့ရသည်။
ယင်းအစည်းအဝေးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တာဝန်ယူပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သည့် ရုပ်သံဖိုင် ဖြစ်ဖွယ်ရှိကြောင်း တနင်္သာရီတိုင်း ဒေသခံအချို့က ဆိုသည်။
စောင်းကောက်ကျွန်းကို ဘယ်သူလုပ်ပိုင်ခွင့် ရထားသလဲ
ရုပ်သံဖိုင်တွင် ပြောကြားထားသည့် စောင်းကောက်ကျွန်းအား ဦးလုံးဆိုသူက ရရှိလုပ်ကိုင်လျက်ရှိပြီး Weekly Eleven ဂျာနယ်က စုံစမ်းရရှိထားသည့် အချက်အလက်များအရ ယင်းသို့ လုပ်ပိုင်ခွင့် ရရှိထားခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ် ဆက်ဆံရေးရှိ၍ သော်လည်းကောင်း၊ ကူညီခဲ့ဖူးခြင်းရှိ၍ သော်လည်းကောင်း ရရှိထားခြင်း မဟုတ်ကြောင်း သိရသည်။
အဆိုပါကျွန်းအတွက် လုပ်ပိုင်ခွင့်မှာ ကျွန်းတစ်ကျွန်းအား သီးသန့်ပေးထားခြင်း မဟုတ်ဘဲ လုပ်ပိုင်ခွင့်ကို မျှဝေသုံးစွဲရသည့် စနစ်ဖြစ်သည်။
ယင်းကျွန်းအား ကုမ္ပဏီငါးခုက လာရောက် လျှောက်ထားခဲ့ပြီး ယင်းကုမ္ပဏီများအတွက် မြေနေရာ ခွဲဝေချထား ပေးခဲ့ကြောင်း၊ ယင်းမြေနေရာနှင့် ပတ်သက်၍ နေရာကောင်းမကောင်းပေါ် မူတည်ပြီး အငြင်းပွားမှုများ ရှိနေကြောင်း၊ အဆိုပါ ကုမ္ပဏီများကိုလည်း လုပ်ပိုင်ခွင့် ချထားပေးသည့် စာချုပ်များနှင့် ပတ်သက်ပြီး ပြန်လည်စိစစ်ရန် တင်ပြခိုင်းထားကြောင်း တနင်္သာရီတိုင်း အစိုးရအဖွဲ့မှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယင်းကျွန်းအတွက် ခရီးသွားလုပ်ငန်းကို ၂၀၁၇ ခုနှစ်တွင် ကော့သောင်းမြို့ အခြေစိုက် ခရီးသွားလုပ်ငန်း တစ်ခုဖြစ်သော Vega Travel and Tour ကုမ္ပဏီက ၂၀၁၇ ခုနှစ်တွင် လုပ်ကိုင်ခဲ့ပြီး လူမှုကွန်ရက် Facebook တွင် ကြော်ငြာထားသည်ကို တွေ့ရသည်။ အဆိုပါ ကြော်ငြာတွင် ဖော်ပြထားသည့်ဖုန်းအား ဆက်သွယ်မေးမြန်းရာ စက်ပိတ်ထားသည်နှင့်သာ ကြုံနေရသည်။
လက်ရှိတွင် ထိုင်းအခြေစိုက် ခရီးသွားလုပ်ငန်း တစ်ခုဖြစ်သည့် Seastar ကုမ္ပဏီက တာဝန်ယူပို့ဆောင် ပေးလျက်ရှိပြီး ကျွန်းတွင် အိပ်ဆောင်များ၊ ထမင်းစားနားနေရန် ပြုလုပ်ထားကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။ အဆိုပါကျွန်းမှာ တူရိယာပစ္စည်း တစ်မျိုးဖြစ်သည့် စောင်းပုံသဏ္ဌာန် ရှိသဖြင့် စောင်းကောက်ကျွန်းဟု ခေါ်ဆိုပြီး အင်္ဂလိပ်အမည်မှာ Bruer Island ဟု ခေါ်ဆိုကြောင်း သိရသည်။
ယင်းကျွန်းတွင် ၂၀၁၅ ခုနှစ် ဇူလိုင် ၉ ရက်က ဘင်္ဂါလီများကို ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။ ဖမ်းဆီးရမိခဲ့သည့် အရေအတွက်မှာ ၁၀၂ ဦးဖြစ်ပြီး ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်မှ လာရောက်သူများ ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် ဇူလိုင် ၁၄ ရက်က ထုတ်ဝေသည့် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
တနင်္သာရီတိုင်းမှာ ကျွန်းတွေကို ဘယ်လိုလုပ်ကိုင်ခွင့် ပေးသလဲ
တနင်္သာရီတိုင်း ဒေသကြီးတွင် ကျွန်းပေါင်း ၈၀၀ နီးပါးခန့်ရှိပြီး အပန်းဖြေ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် ကျွန်းမှာ ဆယ်ဂဏန်း ခန့်သာရှိသည်။ လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုမည့် ကျွန်းများကို လုပ်ကိုင်ခွင့်နှင့် ပတ်သက်ပြီး ယခင်ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ကက်ဘိနက် အစည်းအဝေးသို့ တင်ပြပြီး ခွင့်ပြုချက် ရရှိပါက လုပ်ကိုင်နိုင်သည်။
သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုချက်ရရှိမှသာ လုပ်ကိုင်ခွင့်ပြုသည်။
ယခင်အစိုးရ လက်ထက်တွင် ခွင့်ပြုထားသည့် ကျွန်းများမှာ MIC က ထုတ်ပြန်ထားသည့် စာရင်းအရ ကျွန်းပေါင်း ၁၂ ခုရှိပြီး ကုမ္ပဏီ ၁၀ ခုက လုပ်ပိုင်ခွင့်ရရှိထားပြီး ယခင်အစိုးရ လက်ထက်တွင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ထုတ်ပြန်ထားသည့် စာရင်းတွင် စောင်းကောက်ကျွန်း ပါဝင်ခြင်း မရှိသည်ကို တွေ့ရသည်။
ခရီးသွား လုပ်ငန်းအတွက် ကျွန်းများ လျှောက်ထားရာတွင် လူမနေသည့် ကျွန်းများနှင့် ပတ်သက်ပြီး လျှောက်ထားပါက လွယ်ကူနိုင်သော်လည်း လူနေထိုင်သည့်ကျွန်းများ ရှိပါက မြေယာပြဿနာများဖြင့် အချိန်ကုန်တတ်ကြောင်း မြိတ်ကျွန်းစုတွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
“ဒီမှာက အကုန်လုံးကတော့ (ကျွန်းတွေက) အစိုးရပိုင်တွေ ချည်းပဲလေ။ အဲဒီကမှတစ်ဆင့် ငှားရမ်းခွင့် လျှောက်ထားရတာပေါ့။ လုပ်ခွင့်ရတဲ့သူတွေ တော်တော်များများကလည်း လုပ်ငန်းကို အများကြီး မလုပ်နိုင်သေးဘူး။ မြေယာပြဿနာကရှိတယ်။ လူမနေရင်တော့ ပြဿနာ မရှိဘူး။ လူနေရင် ဒေသခံတွေနဲ့ မြေယာကိစ္စက စကားပြောရတယ်” ဟု ၎င်းက ပြောကြားသည်။
တနင်္သာရီတိုင်း ခေတ္တဝန်ကြီးချုပ်အတွက် စိန်ခေါ်မှုတစ်ခု
ဒေါက်တာ ဒေါ်လဲ့လဲ့မော်အား အဂတိလိုက်စားမှုဖြင့် အမှုဖွင့် ဖမ်းဆီးထားပြီး နောက်ပိုင်းတွင် ခေတ္တဝန်ကြီးချုပ် အဖြစ် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား ဗဟိုအစိုးရက ခန့်အပ်တာဝန် ပေးခဲ့သည်။
ဦးမြင့်မောင်မှာ ကော့သောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ရွေး ချယ်ခံရခြင်းဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တနင်္သာရီတိုင်းဒေသကြီး အတွင်းရေးမှူး တာဝန်ကို ရယူထားသူဖြစ်သည်။
ဦးမြင့်မောင်မှာ ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားပြီး တစ်ရက်အကြာတွင် မီဒီယာများနှင့် တွေ့ဆုံရာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်လက်စ လုပ်ငန်းများကိုသာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ပြန်လည် သုံးသပ်ခြင်းများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“နိုင်ငံတော်ရဲ့ မူဝါဒတွေရှိမယ်။ တိုင်းအစိုးရအဖွဲ့ရဲ့ မူဝါဒတွေရှိမယ်။ လုပ်လက်စတွေရှိမယ်။ ဒီကြားကာလမှာ ဒါကိုပဲ အဓိကထား လုပ်ဆောင်သွားမယ်။ ကျန်တာတွေကတော့ ပြန်သုံးသပ်ရမယ့်ဟာတွေ ရှိမယ်။ ထပ်ပြီးတော့ ပြည်ထောင်စု အစိုးရအဖွဲ့က ထပ်မံချမှတ်မယ့် မူဝါဒတွေနဲ့ တိုင်းဒေသကြီးနဲ့ ကိုက်ညီမယ့် ဟာတွေကို ချမှတ်ရမှာပေါ့။ ဒီကြားကာလမှာတော့ ပြည်သူတွေ နစ်နာတာတွေကိုလည်း ဂရုတစိုက် နားထောင်ပြီး အားထည့်လုပ်သွားမယ်” ဟု တနင်္သာရီတိုင်း ခေတ္တဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောကြားသည်။
ယခင်ဝန်ကြီးချုပ် လက်ထက်တွင် တိုင်းအစိုးရအဖွဲ့နှင့် တိုင်းလွှတ်တော်တွင် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းများ ရှိခဲ့ပြီး အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံရသည့် ထားဝယ် လေယာဉ်ကွင်းဖြစ်စဉ်တွင် တိုင်းလွှတ်တော်က တိုင်းအစိုးရအဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းများ ရှိခဲ့သည်။
ယခုခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဦးမြင့်မောင်မှာ လွှတ်တော်နှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေး ရှိခြင်းကြောင့် အစိုးရနှင့် လွှတ်တော် ဆက်ဆံရေးမှာ ကောင်းမွန်လာနိုင်သည်ဟု ယူဆနိုင်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။
ယင်းသို့ လွှတ်တော်နှင့် ဆက်ဆံရေးကောင်းရှိသည့် တနင်္သာရီတိုင်း ခေတ္တဝန်ကြီးချုပ် အနေဖြင့် ခရီးသွား လုပ်ငန်းအတွက် မျက်စိကျစရာ ကျွန်းများသည် စိန်ခေါ်မှုတစ်ရပ်ဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။
ယခင် ဝန်ကြီးချုပ်က လုပ်ပိုင်ခွင့်ပေါ် မူတည်ပြီး မည်သည့်ကျွန်းများကို မည်သူ့အတွက် ချထားပေးခဲ့သလဲ ဆိုသည်မှာ ဖြေဆိုရမည့် ပုစ္ဆာတစ်ပုဒ်လည်း ဖြစ်သည်။ ရုပ်သံဖိုင်တွင် ဒေါ်လဲ့လဲ့မော်၏ ပြောကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို အမည်ခံပြီး မိမိ၏အာဏာကို အလွဲသုံးစား ပြုလုပ်၍ အခြားအရာများတွင်လည်း လုပ်ပိုင်ခွင့် ပေးခဲ့သလား ဆိုသည်မှာ မေးခွန်းထုတ်ရမည့် အခြေအနေဖြစ်သည်။
ယင်းသို့ ပြုလုပ်ခဲ့ခြင်းများ ရှိပါက နိုင်ငံတော်၏ ဘဏ္ဍာငွေများလည်း ဆုံးရှုံးမည်ဖြစ်ပြီး ဒေသခံများ အတွက်လည်း ဒုက္ခများနှင့် ကြုံတွေ့ရမည်ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ တနင်္သာရီတိုင်း ခရီးစဉ်တွင် ဒေသခံ ဆလုံလူမျိုးများက တောင်းဆိုမှုတစ်ခု ရှိခဲ့သည်။
ယင်းမှာ ခရီးသွား လုပ်ငန်းများတွင် ဒေသခံများအတွက် အကျိုးခံစားခွင့်နှင့် ပတ်သက်၍ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ခရီးသွားလုပ်ငန်း အနည်းငယ် ဖွံ့ဖြိုးလာသော်လည်း ဒေသခံများအတွက် အကျိုးခံစားခွင့် မရသလောက် ရှိနေခြင်းအပေါ် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ယင်းသို့သော အခြေအနေတွင် ယခင် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏ လုပ်ကိုင် ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှု ထပ်မံရှိ-မရှိ မေးခွန်းထုတ်ပြီး ပွင့်လင်းမြင်သာစွာ အဖြေရှာရမည် ဖြစ်သည်။