ကျပ်နှစ်ဘီလျံ အသုံးပြုမည့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲ ကျင်းပရန် နှစ်ပတ်ခန့်သာလိုတော့သည်။ သို့သော် စည်ပင်ရွေးကောက်ပွဲအတွက် ပြည်သူများအကြားတွင် စိတ်ဝင်စားမှု အားနည်းနေသည်ဟု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် စည်ပင်ရွေးကောက်ပွဲ ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်းများက ပြောကြားသည်။
“လူစိတ်ဝင်စားမှုကတော့ တော်တော်နည်းတယ်။ ကျွမ်းကျင်သူတွေ သုံးသပ်တာတော့ မဲလာပေးတဲ့သူ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်လို့ ခန့်မှန်းတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် မဲဆန္ဒနယ်အမှတ် (၃) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဝင်းချိုက ပြောကြားသည်။
ဦးဝင်းချိုမှာ ကြည့်မြင်တိုင်၊ လသာ၊ စမ်းချောင်း၊ လမ်းမတော်၊ ဆိပ်ကမ်း၊ အလုံ၊ ဒဂုံ၊ တာမွေ၊ ပန်းဘဲတန်း၊ ကမာရွတ်၊ ဗဟန်း၊ ရန်ကင်းမြို့နယ် ကိုယ်စားပြု မဲဆန္ဒနယ်အမှတ် (၃) တွင် ဝင်ရောက် ယှဉ်ပြိုင်မည့်သူဖြစ်ပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် NLD ပါတီမှ နုတ်ထွက်ထားသူတစ်ဦးဖြစ်သည်။
စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံတစ်ဝန်းကျင်းပသည့် အထွေထွေရွေးကောက်ပွဲပုံစံကျင်းပခြင်း ဖြစ်သော်လည်း ရန်ကုန်မြို့လူထုမှာ စိတ်ဝင်စားမှုနည်းပါးနေခြင်းဖြစ်သည်။
“အဓိက အခက်အခဲကတော့ ပြည်သူတွေ စိတ်ဝင်းစားမှုတွေကတော့ တော်တော်နည်းတယ်။ တော်တော်နည်းတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးတာလောက်ကိုပဲ အရေးကြီးတယ်ထင်နေတာ လေ။ အဓိကကတော့ စည်ပင်သာယာရေးကော်မတီကလည်း အခုဟာက သတင်းစာတွေထဲမှာလည်း ထည့်ရေးထားတယ်။ ဒါပေမဲ့ စောစောကလိုမျိုးပေါ့။ ပြည်သူလူထုကနေပြီးတော့ သိပ်ပြီးတော့ အာရုံစိုက်မှု လျော ့နည်းနေတယ်လို့ထင်ရတယ်” ဟု တာမွေမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအောင်မျိုးလင်းက ပြောကြားသည်။
ထို့ပြင် International IDEA အဖွဲ့မှ ကိုအောင်နိုင်မော်ကလည်း “လက်ရှိစည်ပင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လူထုရဲ့စိတ်ဝင်စားမှုကတော့ နည်းနေတာတော့ အမှန်ပဲ။ စိတ်ဝင်စားတာက ကျွန် တော်တို့အရပ်ဘက်အဖွဲ့အစည်းမှာ လုပ်နေတဲ့သူတွေရှိမယ်။ ပါတီတွေမှာ လုပ်နေတဲ့သူတွေရှိမယ်။သူတို့ကတော့ အဓိကစိတ်ဝင်စားတာ တွေ့ရတယ်။ သာမန်ပြည်သူ အများစုကတော့ စိတ်ဝင်စားမှု နည်းနေတာ တွေ့ရတယ်” ဟု ပြောကြားသည်။
စည်ပင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များအနေဖြင့် မတ် ၁ ရက်မှ စ၍ မဲဆွယ်မှုများ ပြုလုပ်နိုင်ပြီ ဖြစ်ပြီး ယင်းသို့ မဲဆွယ်စည်းရုံးရေး ကာလအတွင်း ဗီနိုင်းများထောင်ကာ မဲဆွယ်မှုများ ပြုလုပ်လျက် ရှိသော်လည်း လူထုအတွင်း သွားလာ၍ မဲဆွယ်မှုများကို မတွေ့ရသလောက် နည်းပါးလျက်ရှိကြောင်း ရန်ကုန်မြို့ခံအချို့က ပြောကြားသည်။
“ဗီနိုင်းထောင်တာပဲတွေ့ တယ်။ မြို့နယ်အတွက် ဘာလုပ်မယ်ဆိုတာကို လူတွေထဲဆင်းပြီး ပြောတာ သိပ်မတွေ့ရသေးဘူး။ အိမ်ကိုတောင် တစ်ခေါက်မှ မလာသေးဘူး။ ပြောစရာတွေကအများကြီးပဲ။ သူတို့ကလည်း ဘာလုပ်ပေးနိုင်မလဲဆိုတာ ကိုယ်တွေလည်း မသိရဘူး” ဟု သာကေတမြို့နယ်တွင် နေထိုင်သူ ဒေါ်အေးအေးက ပြောကြားသည်။
■ မဲလေးခါထည့်ရမယ့် ရန်ကုန် စည်ပင်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ဘယ်နှဦးဝင်ပြိုင်မှာလဲ
ယခုကျင်းပမည့် စည်ပင်ရွေးကောက်ပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် အဖြစ် ခြောက်ဦး၊ မြို့နယ် ၃၃ မြို့ နယ်တွင် တစ်မြို့နယ်လျှင် သုံးဦး စုစုပေါင်း ၉၉ ဦး ရွေးချယ်မည်ဖြစ်သည်။ ကော်မတီဝင် ခြောက်ဦးနှင့် မြို့နယ် ၃၃ မြို့နယ်မှ ကိုယ်စားလှယ် ၉၉ ဦးနှင့်ဆိုပါက ရွေးချယ်ခံကိုယ်စားလှယ် ၁၀၅ ဦးရှိမည်ဖြစ်သည်။
ယင်းတို့အနက် ကော်မတီဝင် ခြောက်ဦးတွင် အရွေးချယ်ခံရသူများမှာ ရန်ကုန်မြို့တော် ဒုတိယမြို့ တော်ဝန်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွင် အစိုးရကခန့်အပ်ထားသည့် ကိုယ်စားလှယ်ငါးဦးရှိပြီး စုစုပေါင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ၁၁ ဦးက ဒုတိယမြို့ တော်ဝန်နေရာအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မြို့တော်ကော်မတီဝင် ကိုယ်စားလှယ်လောင်း ဖြစ်ပါက ရွေးကောက်ပွဲ ကုန်ကျစရိတ် ကျပ်သိန်းနှစ်ရာအထိ အသုံးပြုနိုင်ပြီး မြို့နယ်ကိုယ်စားလှယ်လောင်း ဖြစ်ပါက ကျပ်သိန်းတစ်ရာအထိ အသုံးပြုနိုင်သည်။
ထို့ပြင် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ်ကို မိမိကိုယ်ပိုင်ငွေ၊ နိုင်ငံ သားတစ်ဦးချင်း၊ သက်ဆိုင်ရာပါတီ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ ကုမ္ပဏီ အစု အဖွဲ့များမှ တရားဝင်ရရှိထားသည့် ငွေကြေးများထဲမှ ထည့်ဝင်လှူဒါန်း ငွေ၊ ပစ္စည်းနှင့် အခြားဝန်ဆောင်မှုများ ရယူနိုင်သည်။
ကော်မတီဝင်ခြောက်ဦး အတွက်ရွေးချယ်ပေးရမည့်မဲဆန္ဒနယ်များမှာ မဲဆန္ဒနယ် (၁) တွင် တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ မဲဆန္ဒနယ် (၂) တွင် ဒဂုံမြို့သစ် လေးမြို့နယ်၊ မဲဆန္ဒနယ်(၃) တွင် ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဆိပ်ကမ်း၊ ဒဂုံ၊ ပန်းဘဲတန်း၊ ဗဟန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ တာမွေ၊ ကမာရွတ်၊ ရန်ကင်း၊ မဲဆန္ဒနယ်(၄) တွင် ကျောက်တံတား၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာ တောင်ညွန့်၊ သာကေတ၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ မဲဆန္ဒနယ်(၅)တွင် လှိုင်သာယာ၊ အင်းစိန်နှင့် မဲဆန္ဒ နယ်(၆)တွင် မရမ်းကုန်း၊ လှိုင်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာနေရာများဖြစ်သည်။
မြို့နယ်ကော်မတီဝင် သုံးဦးတွင် မြို့နယ်ဥက္ကဋ္ဌ၊ အဖွဲ့ဝင် (၁)နှင့် အဖွဲ့ဝင် (၂) နေရာအတွက် ရွေး ချယ်ခံရမည်ဖြစ်သည်။ ယင်းမြို့နယ်များမှာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် ရွေးချယ်ရ မည်ဖြစ်သည်။
ဒုတိယမြို့တော်ဝန်အဆင့်အထိ ရွေးချယ်ခံရမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ခြောက်ဦးနေရာအား ကိုယ်စားလှယ်လောင်း ၂၇ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းတို့အနက် အမျိုးသား ၂၅ ဦးရှိပြီး အမျိုးသမီး နှစ်ဦးပါဝင်သည်။ အမျိုးသမီး နှစ်ဦးအနက် တစ်ဦးမှာ Miss Universe Myanmar 2016 ဘွဲ့ ရရှိထားသူ အလှမယ် ထက်ထက်ထွန်း ဖြစ်ပြီး ၎င်းမှာ မဲဆန္ဒနယ် အမှတ် (၃)တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
အခြားသော မြို့နယ်ဥက္ကဋ္ဌ၊ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၀၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းကိုယ်စားလှယ်လောင်းတွင် အမျိုးသား ၉၁ ဦး ပါ ဝင်ပြီး အမျိုးသမီး ၁၀ ဦးသာ ပါဝင်သည်။
မြို့နယ်ဥက္ကဋ္ဌ (၁)၊ မြို့နယ် ဥက္ကဋ္ဌ (၂) နေရာများအတွက် ကိုယ်စားလှယ်လောင်း ၁၄၉ ဦးဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းတို့တွင် အမျိုးသား ၁၁၇ ဦးနှင့် အမျိုးသမီး ၃၂ ဦး ပါဝင်သည်။
ယင်းကြောင့် စည်ပင်ရွေး ကောက်ပွဲတစ်ခုလုံးတွင် အမျိုးသား ၂၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး အမျိုးသမီး ၄၄ ဦး ပါဝင်သဖြင့်အမျိုး သားဦးရေမှာ လေးဆခန့်များလျက် ရှိသည်ကို တွေ့ရသည်။
■ ပြင်ဆင်ချိန် သုံးလတာကာလအတွင်း တက်သုတ်ရိုက် ကျင်းပရမည့် စည်ပင်ရွေးကောက်ပွဲ
ယခုကျင်းပမည့် စည်ပင်ရွေး ကောက်ပွဲမှာ ပြည်လုံးကျွတ်ရွေးကောက်ပွဲနှင့် ဆင်တူနေသည်ကို တွေ့ရသည်။
“ပြည်သူလူထုအနေနဲ့ စည်ပင်သာယာရွေးကောက်ပွဲက ဘာနဲ့ သဏ္ဌာန်တူလဲဆိုတော့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကျင်းပသလို အလားသဏ္ဌာန် နဲ့ဆောင်ရွက်မှု ဆောင်ရွက်ချက် တူနေတယ်” ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားသည်။
ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းရင်းသားဖြစ်ပါက တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ပေးရသည်။
ယခုကျင်းပမည့် စည်ပင်ရွေးကောက်ပွဲတွင် တစ်ပြိုင်နက်တည်း မဲလေးခုပေးရမည်ဖြစ်သည်။ ကော် မတီဝင်တစ်ဦး၊ မြို့နယ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၁)၊ (၂) အတွက် မဲထည့်ရွေးချယ်ရမည်ဖြစ်သည်။
သို့သော် စည်ပင်ရွေးကောက်ပွဲအတွက် စတင်ကျင်းပချိန်မှပြီးဆုံးချိန်အထိ သုံးလတာကာလအတွင်း တက်သုတ်ရိုက် ကျင်းပရမည်ဖြစ်ပြီး လုပ်ငန်းစဉ်များကြောင်း၊ အချို့ သောမြို့နယ်များတွင် ကော်မရှင် အဖွဲ့များကို ရာနှုန်းပြည့်ဖွဲ့စည်းပြီး ဖြစ်သော်လည်း အချို့နေရာများတွင် ပြီးစီးမှုမရှိသေးကြောင်း ကော်မရှင်ဥက္ကဋ္ဌက ဇန်နဝါရီလအတွင်းက ပြောကြားခဲ့သည်။
“ဇန်နဝါရီ ၃ ရက်ကစပြီး ကျွန်တော်တို့ကို တာဝန်ပေးတဲ့အခါမှာ သုံးလတောင်မပြည့်ဘူး။ ရရှိတဲ့အချိန်က တအားနည်းတယ်။ လုပ်ငန်းစဉ်က တအားများတယ်။ ကော်မရှင်တွေ အသီးသီးဖွဲ့ရမယ်။ မြို့နယ်ကော်မရှင်ကိုစဖွဲ့ရမယ်။ စည်ပင်သာယာနယ်နိမိတ်ထဲမှာ အားလုံးပေါင်း ၃၃ မြို့နယ် ဖွဲ့စည်း ပြီးပြီ။ မြို့နယ်ကော်မရှင်ပြီးရင် ဘာလုပ်ရမလဲဆိုတော့ ရပ်ကွက်၊ ကျေး ရွာအုပ်စု ကော်မရှင်ဖွဲ့ရမယ်။ အခု အချိန်မှာဆိုရင် တချို့မြို့နယ်တွေမှာ ရာခိုင်နှုန်းပြည့်ဖွဲ့ပြီးပြီ။ တချို့ မြို့နယ်တွေမှာ ၅၀ ရာခိုင်နှုန်း လောက်ဖွဲ့ပြီးပြီ။ အချို့မြို့နယ်တွေ မှာ ဖွဲ့စည်းနေတုန်း” ဟု ဦးအောင်ခိုင်က ပြောကြားခဲ့သည်။
ယင်းအပြင် မဲစာရင်းအချိန်မီ ရရှိရေးမှာလည်း စိန်ခေါ်မှုတစ်ခု ဖြစ်သည်။
ပြဋ္ဌာန်းထားသည့် စည်ပင်ဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးရမည်ဖြစ်ခြင်းကြောင့် ရန်ကုန်တိုင်းအတွင်းရှိ လူဦးရေစာရင်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကောက်ယူနေပြီး ရရှိလာသည့် စာရင်းတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူကို ကော်မရှင်က ထပ်မံစိစစ်ရမည်ဖြစ်သည်။ မဲစာရင်းရရှိပါက သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် မဲစာရင်းကပ်ရမည်ဖြစ်ပြီး မဲစာရင်းများကို ပြည်သူများက လာရောက်ကြည့်ရှုရမည်ဖြစ်သည်။ အမည်စာရင်း မပါပါက ရပ်/ကျေးကော်မရှင်များတွင် ခိုင်လုံသည့်အထောက်အထားဖြင့် အမည်စာရင်းပြန်လည်ထည့်သွင်းခြင်း ပြုလုပ်ရမည်ဖြစ်သည်။
လက်ရှိအချိန်တွင် ယင်းကာလမှာ ကျော်လွန်ခဲ့ပြီဖြစ်ပြီး အချို့သောမြို့နယ်များတွင် မဲစာရင်း လွဲမှားမှုများရှိခဲ့ကြောင်း တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအောင်မျိုးလင်းက ပြောကြားသည်။
“မဲစာရင်းတွေနဲ့ ပတ်သက်ပြီး တော့ မဲစာရင်းတွေက လွဲမှားမှုတွေ ရှိနေတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်ခဲ့တာတွေရှိတယ်လေ။ အဲဒီလိုမျိုး အခက်အခဲတွေတော့ရှိတယ်” ဟု ၎င်းက ပြောကြားသည်။
စည်ပင်ရွေးကောက်ပွဲမှာ လူစိတ်ဝင်စားမှုနည်းပါးခြင်းကြောင့် မဲစာရင်း မှားယွင်းမှုစသည့်အခြေ အနေများကိုလည်း အနည်းငယ်သာ သိရှိနိုင်ကြောင်း မဲဆန္ဒနယ် အမှတ် (၃) တွင် ဝင်ရောက်ယှဉ်ပြိုင် မည့် ဦးဝင်းချိုက ပြောကြားသည်။
“လူတွေက စိတ်မဝင်စားရင် မဲလာမပေးဘူး။ မဲမပေးဘူးဆိုရင် စာရင်းလည်း လာကြည့်မှာ မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ကျွန်တော့်မဲဆန္ဒနယ်မှာတော့ အဲဒီလို သတင်းမျိုး သိပ်မကြားရဘူး” ဟု ဦးဝင်းချိုက ပြောကြားသည်။
■ စည်ပင်ရွေးကောက်ပွဲအတွက် ပညာပေးအစီအစဉ် လုပ်နေသည့်သူများကို တားဆီးမှုများရှိနေ
စည်ပင်သာယာရွေးကောက်ပွဲအတွက် လူထုက စိတ်ဝင်စားမှု နည်းပါးချိန်တွင် ဘူးလေးရာ ဖရုံဆင့် ဆိုသကဲ့သို့ပင် ရွေးကောက်ပွဲအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကို တားဆီးမှုများလည်း ရှိနေသည်။
ယင်းအဖွဲ့အစည်းများမှာ စည်ပင်ရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုထားသည့် အဖွဲ့များဖြစ်ပြီး အချို့မြို့နယ်များတွင် သက်ဆိုင်ရာအာဏာပိုင်များက ခွင့်မပြုခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းများ ကြုံတွေ့နေရ ခြင်း ဖြစ်သည်။
“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးတဲ့ကတ်ပြားကို တောင် သံသယဖြစ်တယ်။ အလွယ်တကူ ခွင့်မပြုခြင်းမျိုး တွေ့ရပါတယ်”ဟု International IDEA အဖွဲ့မှ ကိုအောင်နိုင်မော်ကပြောကြားသည်။
အဆိုပါအဖွဲ့မှာ စည်ပင်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အသိ ပညာပေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့ရှိ မြို့နယ်များတွင် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် အဖွဲ့ဖြစ်သည်။ သို့သော်လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေရသည့် အခြေအနေမှာ အားနည်းနေကြောင်း ကိုအောင်နိုင်မော်က ဝန်ခံပြောကြားသည်။
“ကျွန်တော်တို့ ဆောင်ရွက်မှုကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတိုင်းအတာတစ်ခုလုံးနဲ့ယှဉ်ရင်တော့ နည်းနေ သေးတယ်။ နည်းနေသေးတယ်ဆိုတာကလည်း အချိန်အကန့်အသတ်ရှိတာရယ်။ သင်တန်းလုပ်မယ်ဆိုရင် ခွင့်ပြုမိန့်အခက်အခဲရှိတယ်။အဲဒါရှိတဲ့အခါကျတော့ လုပ်ရတာ နှောင့်နှေးမှုရှိတယ်”ဟု ကိုအောင်နိုင်မော်က ပြောကြားသည်။
ထို့ပြင် မြို့နယ်စည်ပင် ရွေးကောက်ပွဲကော်မရှင်အချို့မှာ မဲဆွယ်ခြင်းနှင့် ရွေးကောက်ပွဲအသိ ပညာပေးလုပ်ငန်းကို ကွဲပြားစွာ နားမလည်သေးသည့်ဖြစ်စဉ်များ ကြုံတွေ့ရကြောင်း ကိုအောင်နိုင်မော်က ပြောကြားသည်။
“တချို့သော မြို့နယ်တွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ပူးပေါင်းပါဝင်မှုကို သံသယဖြစ်တာမျိုး၊ ရွေးကောက်ပွဲအသိပညာပေး လုပ်ငန်းလုပ်တာမျိုးကို သူတို့အနေနဲ့ မဲဆွယ်စည်းရုံးတာတွေနဲ့ မသဲကွဲဘူး။ ကော်မရှင်တွေကိုယ်တိုင်က မဲဆွယ်စည်းရုံးတာနဲ့ အသိပေးပညာပေးတာကို မသဲကွဲတဲ့အခါကျတော့ လုပ် ကိုင်ရတာအခက်တွေ့တယ်” ဟု ၎င်းက ပြောကြားသည်။
အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် စည်ပင်ရွေးကောက်ပွဲအတွက် အဓိကလုပ်ဆောင်မည့်အရာနှစ်ခုမှာ စာစောင်ပန်းဖလက်များ ဝေငှခြင်းနှင့် ကမ်ပိန်းများကို ဆက်လက်လုပ်ဆောင်မည်ဟု အရပ်ဘက် အဖွဲ့အစည်းများမှ သိရသည်။
“လူထုသိရှိဖို့အတွက် အသိပညာပေး ဆွေးနွေးပွဲတွေလုပ်တာရှိ တယ်။ နောက်တစ်ခုက ဆိုရှယ်မီဒီယာ Facebook ကနေပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဝေမျှပေးတယ်။ အစုအဖွဲ့အလိုက် လူစည်ကားတဲ့ နေရာတွေကို သွားပြီးလက်ကမ်း စာစောင်ဝေတာရှိပါတယ်” ဟု ကိုအောင်နိုင်မော်က ပြောကြားသည်။
■ စည်ပင်ရွေးကောက်ပွဲကို လူတွေဘာကြောင့် စိတ်မဝင်စားတာလဲ
ဒီမိုကရေစီစနစ်သို့ သွားနေသည့် နိုင်ငံတစ်နိုင်ငံတွင် ရွေးကောက်ပွဲ ဆိုသည်မှာ မရှိမဖြစ်အရာတစ်ခု ဖြစ်သည်။ ဒီမိုကရေစီစနစ်နှင့် ရွေး ကောက်ပွဲဆိုသည်မှာ ခေါင်းနှင့် ပန်းလိုမျိုးပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၅ ရွေးကောက်ပွဲကာလက တစ်နိုင်ငံလုံး တက်ကြွစွာ ပါဝင်မဲပေးခဲ့ကြသော်လည်း လက်ရှိ စည်ပင်ရွေးကောက်ပွဲတွင်မူ ရန်ကုန်မြို့နေလူထုမှာ ရွေးကောက်ပွဲအတွက် တိတ်ဆိတ် ငြိမ်သက်လျက်ရှိသည်ကို တွေ့ရမည် ဖြစ်သည်။
“၂၀၁၅ တုန်းက ပြည်သူက သူတို့ဘဝတွေ အကျိုးရှိမယ်ထင်လို့ ရွေးကောက်ပွဲမှာ မဲတွေပေးခဲ့ကြတယ်။ ဒါပေမဲ့တချို့နေရာတွေမှာ အလုပ်မလုပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကြောင့် မဲပေးရတာ အလကားပါကွာဆိုတဲ့ အမြင်တွေ ဖြစ်လာတယ်။ အဲဒီလိုဖြစ်လာတော့ အခုရွေးကောက်ပွဲမှာ လူစိတ်ဝင်စားမှု နည်းလာတယ်လို့ မြင်တယ်” ဟု စည်ပင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဝင်းချိုကပြောကြားသည်။
စည်ပင်လုပ်ငန်းတာဝန်များ မှာ လူထု၏ စိတ်ထဲတွင်အမှိုက်ရှင်း၊ သန့်ရှင်းရေးလုပ်ဆိုသည့် ကိစ္စများကိုသာ ပြည်သူက ထင်မြင်နေသည်မှာ အများစုဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များထက် ပိုမိုကျယ်ပြန့်ကြောင်း၊ စည်ပင်ရွေးကောက်ပွဲအတွက် လူထုက စိတ်ဝင်စားမှု နည်းပါးနေခြင်းမှာ အချက်နှစ်ချက်ကြောင့် ဖြစ် ကြောင်း International IDEA အဖွဲ့မှ ကိုအောင်နိုင်မော်ကပြောကြားသည်။
“တစ်ခုကတော့ စည်ပင်သာယာရဲ့အခန်းကဏ္ဍပေါ့။ အရင်က စည်ပင်သာယာလို့ ပြောလိုက်ရင် အမှိုက်သိမ်းတယ်။ လမ်းကိစ္စလုပ်တယ် စသည်အားဖြင့် ဒီလိုပဲမြင်တာကို။ ဒါပေမဲ့ တကယ်တမ်းလက် တွေ့စည်ပင်သာယာက ဒေသန္တရအဆင့် ပြည်သူတွေရဲ့အရေးကိစ္စတွေကို ဆောင်ရွက်တဲ့အခါမှာ အဓိကလူထုနဲ့ထိတွေ့ဆိုတဲ့အခန်းကဏ္ဍကို ပြည်သူတွေထဲမှာ သိရှိမှု အားနည်းနေတယ်။ အရင်တုန်းက စည်ပင်ဆိုရင် စျေးကောက်ကောက်တယ်။ အမှိုက်သိမ်းတယ်။ မိလ္လာ စသည်အားဖြင့် အဲဒီလိုကိစ္စတွေပဲ လုပ်တယ်လို့ ထင်နေတယ်။ စည်ပင်သာယာရဲ့အခြားအရေးပါမှုကို လူထုအနေနဲ့ သိရှိမှုအားနည်းနေတယ်။ ဒုတိယအချက်က ကျွန်တော်တို့ တာဝန်ရှိတဲ့သူတွေ ရွေးကောက်ပွဲကော်မရှင်တို့ သက်ဆိုင်ရာအစိုးရ တွေဘက်ကလည်း အချိန်ကာလ နည်းနည်းအတွင်းမှာ လုပ်ရတာ ဖြစ်တဲ့အတွက် သူတို့အနေနဲ့ လူထု စိတ်ဝင်စားအောင်လုပ်ဖို့ အပိုင်းမှာ အားနည်းနေလို့ဖြစ်တဲ့အတွက်ကြောင့် ထင်ပါတယ်” ဟု ကိုအောင် နိုင်မော်က ပြောကြားသည်။
စည်ပင်ရွေးကောက်ပွဲတွင် စိတ်ဝင်စားမှု အားနည်းနေခြင်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ ဝတ်ကျေတန်းကျေ လုပ်ဆောင်မှုများလည်း ရှိနေကြောင်း ကိုအောင်နိုင်မော်က ဆက်လက်ပြောကြားသည်။
“လက်ရှိမှာ ရပ်ကွက်နဲ့ကျေးရွာ ကော်မရှင်တွေက မဲစာရင်းကပ်တာတောင်မှ မဲစာရင်းကို လာကြည့်ပါ။ လူထုအနေနဲ့ မဲစာရင်းက အရေးကြီးပါတယ်ဆိုတဲ့ အချက်တောင်မှ သူတို့အနေနဲ့ လူထုကိုပြောဖို့ အားနည်းနေတယ်။ သူတို့အနေနဲ့ရပ်ကွက်ရုံးမှာ ဆိုင်းဘုတ်ပေါ်မှာ ကပ်လိုက်တာပြီးပြီလို့ ထင်နေကြတယ်။ သက်ဆိုင်ရာရပ်ကွက်နဲ့ ကျေးရွာကော်မရှင်တွေက သူတို့ကိုယ်တိုင်ကိုက ဒီလိုမျိုး ဝတ်ကျေတန်းကျေ လုပ်နေတဲ့အခါကျတော့ သူတို့အနေနဲ့ ပြည်သူလူထုစိတ်ဝင်စားဖို့ အတွက်ပိုပြီးတော့ အားနည်းချက်တွေ ရှိလာတယ်။ အရပ်ဘက်အဖွဲ့အစည်းကတော့ လုပ်တာမှန်ပေမယ့် သက်ဆိုင်ရာ တာဝန်ရှိတဲ့သူ အသီးသီးကလည်း လုပ်မှသာလူ ထုစိတ်ဝင်စားမှုက များလာမှာပါ။အဲဒါတွေ မလုပ်ဘူးဆိုရင်တော့ စည်ပင်ရွေးကောက်ပွဲအပေါ်မှာ လူထုစိတ်ဝင်စားမှုက ရွေးကောက်ပွဲ နေ့တိုင်အောင် နည်းနေဦးမယ်လို့ ယူဆပါတယ်” ဟု ၎င်းကပြောကြားသည်။
လက်ရှိတွင် ရွေးကောက်ခံရသည့် စည်ပင်ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်မှာ ဒုတိယမြို့တော်ဝန် အထိ ဝင်ရောက် ရွေးချယ်ခံခွင့်ရှိနေပြီး မြို့နယ်စည်ပင်ဥက္ကဋ္ဌမှာလည်း မြို့နယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်သူ့ကိုယ်စားအဖြစ် တင်ပြဆွေးနွေးနိုင်မည်ဖြစ်သည်။
မြို့နယ်များတွင် အဂတိလိုက်စားမှုများ၊ ဥပဒေမဲ့လုပ်ဆောင်ချက်များကို စောင့်ကြည့်ထိန်းကျောင်း နိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် ယခင်က မီးတားကွင်းဟုခေါ်သည့် မြေနေရာများကို ဂရန်ဖောက်ရယူ သွားမှုများကို ထိန်းကျောင်းလုပ်ဆောင်နိုင်မည်ဖြစ်သည်။
ထို့ပြင် ရွေးချယ်ခံရသည့် ကိုယ်စားလှယ်များကိုလည်း ဒေသခံများကို စောင့်ကြည့်ထိန်းကျောင်းရ မည် ဖြစ်သည်။
“အရွေးခံရတဲ့သူတွေကိုလည်း ပြည်သူက ပြန်စောင့်ကြည့်ရမယ်။ အရွေးခံရပြီးတော့မ ှအလုပ်လုပ်တာ ပြည်သူမျက်နှာ မကြည့်ဘူးဆိုရင် စွပ်စွဲပြစ်တင်ပြီးတော့ ထိန်းကျောင်းနိုင်ရမယ်။ ကိုယ်စားလှယ်ကလည်းလူပဲ။ သူ့ကိုပြန်ထိန်း ကျောင်းရမှာပဲ။ အဓိကကိုယ်လိုအပ်တာပြောနိုင်ဖို့ မဲပေးဖို့ စိတ်မပျက်ကြပါနဲ့လို့ပဲပြောချင်တယ် “ဟု ဦးဝင်းချိုက ပြောကြားသည်။