စံချိန်တင်ဇာတ်ကားများပြားမှု၊ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတွေနဲ့ ၂၀၁၈ အကယ်ဒမီ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲ

စံချိန်တင်ဇာတ်ကားများပြားမှု၊ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတွေနဲ့ ၂၀၁၈ အကယ်ဒမီ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲ
၂၀၁၈ ခုနှစ် အကယ်ဒမီစာရင်းဝင် ဇာတ်ကားအချို့ကို တွေ့ရစဉ်
၂၀၁၈ ခုနှစ် အကယ်ဒမီစာရင်းဝင် ဇာတ်ကားအချို့ကို တွေ့ရစဉ်
Published 17 March 2019
လင်းလင်းခိုင်

မြန်မာရုပ်ရှင်အနုပညာရှင်များ၊ ရုပ်ရှင်ချစ်သည့် ပရိသတ်များအားလုံးအတွက် ရင်ခုန်စိတ်လှုပ်ရှားစေနိုင်သည့် တန်ဖိုးအမြင့်ဆုံးဆုတစ်ခုမှာ အကယ်ဒမီထူးချွန်ဆုပင်ဖြစ်သည်။ နှစ်တစ်နှစ်အတွင်း ရုံတင်ပြသခဲ့သည့် မြန်မာရုပ်ရှင်ဇာတ်ကားများထဲမှ ဆုအမျိုးအစား ၁၁ ဆုနှင့် အထူးဆုတို့သတ်မှတ်ကာ ထူးချွန်ပြောင်မြောက်သည့် အနုပညာရှင်များကို ချီးမြှင့်ပေးအပ်ခြင်း ဖြစ်သည်။

၁၉၅၂ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးအပ်ခြင်းသည် ယခုနှစ်တွင် ၆၆ နှစ်မြောက်အဖြစ် ပေးအပ်တော့မည်ဖြစ်ပြီး၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် မြန်မာဇာတ်ကားများတွင် ထူးချွန်ပြောင်မြောက်စွာ ပါဝင်ခဲ့သည့် အနုပညာရှင်များအား ရွေးချယ်ပေးအပ်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း မြန်မာရုပ်ရှင်ဇာတ်ကား ၈၃ ကား ရုံတင်ပြသခဲ့ပြီး စံချိန်တင်ဇာတ်ကားများပြားခဲ့သည့် နှစ်တစ်နှစ်ဖြစ်ကာ ယခင်နှစ်ထက် ဇာတ်ကား ၃၀ ကျော် ပိုများလာခြင်းလည်းဖြစ်သည်။        ယခုနှစ်တွင် အကယ်ဒမီထူးချွန်ဆု ပေးအပ်နိုင်ရန်အတွက် အကယ်ဒမီထူးချွန်ဆု စိစစ်ရွေးချယ်ရေးအကဲဖြတ်အဖွဲ့အား ပထမဆင့်တွင် ၄၀ ဖြင့် ဖွဲ့စည်းပြီးနောက် ဇာတ်ကား ၈၃ ကားကို စိစစ်အကဲဖြတ်ခဲ့သည်။ ထို့နောက် ယင်းဇာတ်ကားများထဲမှ ဆန်ခါတင် ထပ်မံစိစစ်အကဲဖြတ်ရန် အဆင့်မီသည့် ဒုတိယအဆင့် ဆန်ခါတင်ဇာတ်ကား ၂၅ ကား ရွေးချယ်ကြေညာကာ ၀ါရင့်အနုပညာရှင် အတတ်ပညာရှင်ငါးဦး ထပ်မံပါဝင်စေ၍ အကဲဖြတ်အဖွဲ့ဝင် ၄၅ ဦးဖြင့် အကြိမ်ကြိမ်အထပ်ထပ် စိစစ်အကဲဖြတ်နေခြင်းလည်းဖြစ်သည်။

၂၀၁၈ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်မည့် အကယ်ဒမီထူးချွန်ဆုပေးပွဲအား မတ် ၂၃ ရက်ညနေပိုင်းတွင် ရန်ကုန်မြို့ The One Entertainment Park တွင် ကျင်းပတော့မည်ဖြစ်သဖြင့် ရက်သတ္တတစ်ပတ်ခန့်သာ အချိန်ကြာမြင့်တော့မည်ဖြစ်သည်။ ယင်းအတွက် ယခုနှစ်တွင် စံချိန်တင်ဇာတ်ကားအရေအတွက်၊ ပြင်းထန်သည့် ပြိုင်ဆိုင်မှုများကြားတွင် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုများ မည်သည့်အနုပညာရှင်များက ဆွတ်ခူးပိုင်ဆိုင်မည်ဆိုသည်ကို ရင်ခုန်စိတ်လှုပ်ရှားလျက် ရှိနေကြပြီလည်းဖြစ်သည်။

စံချိန်တင်ဇာတ်ကားများပြားမှု

၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားအရေအတွက် စံချိန်တင်များပြားခဲ့သည့်အပြင် ဆန်ခါတင်စာရင်းဝင် ဇာတ်ကားစာရင်းကိုလည်း တရားဝင် ထုတ်ပြန်ကြေညာထားသဖြင့် ယင်းဇာတ်ကားများ၌ ပါဝင်ထားသည့် အနုပညာရှင်၊ အတတ်ပညာရှင်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ပင်ဖြစ်သည်။ ယခင်နှစ်များက အကယ်ဒမီဆန်ခါတင်စာရင်းဝင် ဇာတ်ကားများ၏စာရင်း ကြိုတင်ကြေညာခြင်းမရှိဘဲ အကယ်ဒမီထူးချွန်ဆုပေးပွဲ၌ ဆုကြေညာမည့်အချိန်မှသာလျှင် မည်သည့်ဇာတ်ကားများ ဆန်ခါတင်စာရင်းဝင်နေသည်ကို ကြေညာခြင်းဖြစ်သည်။

ယခုနှစ်တွင် မူအကယ်ဒမီဆန်ခါတင်ဇာတ်ကားများ၏စာရင်း ကြိုတင်ကြေညာထားသဖြင့် အနုပညာရှင်များအတွက်သာမက ပရိသတ်များအတွက် ပို၍စိတ်လှုပ်ရှားရင်ခုန်စေခြင်းဖြစ်သည်။

အကယ်ဒမီဆန်ခါတင်စာရင်းဝင် ဇာတ်ကား ၂၅ ကားတွင် ရုံတင်ပြသစဉ်က ပရိသတ်အားပေးမှုများခဲ့သည့် ဇာတ်ကားများ၊ ရက်သတ္တပတ်များစွာ ပြသခွင့်ရရှိခဲ့သည့် ဇာတ်ကားများ၊ မျက်နှာသစ်အနုပညာရှင်များ၏ အားထုတ်ကြိုးပမ်းထားသည့် အနုပညာလက်ရာများ ပါဝင်နေသဖြင့် အနုပညာရှင်များနှင့် ပရိသတ်များအတွက် ပို၍စိတ်လှုပ်ရှားဖွယ်ပင်ဖြစ်သည်။

“အကယ်ဒမီစိစစ်အကဲဖြတ်မှုမှာ ဆန်ခါတင်ဇာတ်ကားစာရင်းကို တရားဝင်ထုတ်ပြန်လိုက်တာက ပိုပြီးပွင့်လင်းမြင်သာရှိစေဖို့ပါ။ ဒီဇာတ်ကား ၂၅ ကားစလုံးက ဒုတိယအဆင့် စိစစ်အကဲဖြတ်ဖို့ အဆင့်မီတယ်။ ဒီအတွက် အကဲဖြတ်တွေအားလုံးက လိုအပ်ရင် လိုအပ်သလောက် အကြိမ်ကြိမ်အထပ်ထပ် စိစစ်အကဲဖြတ်မယ်။ ဒီလိုကြေညာထားတဲ့ ဇာတ်ကားအားလုံးက ဆုရရှိမယ်လို့ ယူဆလို့မရသလို တစ်ကားတည်းကလည်း ဆုတွေအများကြီးရနိုင်တယ်။ တစ်ကားကနေ ဆုတစ်ဆုပဲရတာလည်း ဖြစ်နိုင်တယ်။ အဓိကတော့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့၊ တကယ်ထူးချွန်တဲ့ အနုပညာရှင်တွေကို ရွေးချယ်မှာပဲဖြစ်တယ်။ မသမာမှုတစ်ခုခုရှိခဲ့ရင် ဆုပေးခဲ့ပြီးဖြစ်ရင်တောင်မှ ဒီမသမာမှုကို စစ်ဆေးတွေ့ရှိရင် ဆုကိုပြန်ရုပ်သိမ်းဖို့အထိ သတ်မှတ်ထားတာကြောင့် မှန်ကန်တိကျတဲ့ ရလဒ်မျိုးထွက်ပေါ်ဖို့တော့ မျှော်လင့်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက ပရိသတ်ဆိုတာက ကိုယ်ချစ်တဲ့အားပေးတဲ့သူကို ဆုရစေချင်ကြပေမယ့် အကဲဖြတ်အဖွဲ့ဝင်တွေ အားလုံးကတော့ စံချိန်စံညွှန်းနဲ့ တကယ်ကိုက်ညီတဲ့၊ အနုပညာအရည်အသွေး အကောင်းဆုံးသူကိုပဲ ရွေးချယ်ကြမှာပါ” ဟု အကယ်ဒမီစိစစ် ရွေးချယ်ရေးအကဲဖြတ်အဖွဲ့ဝင် ဥက္ကဋ္ဌဦးကြည်စိုးထွန်းကဆိုသည်။

အသစ်ပြန်လည်ရေးဆွဲထားသည့် အကယ်ဒမီစံချိန်စံညွှန်းသတ်မှတ်ချက်များ

၂၀၁၈ ခုနှစ်အတွက်ပေးအပ်မည့် အကယ်ဒမီထူးချွန်ဆု ရွေးချယ်စိစစ်ရာတွင် ရုပ်ရှင်လောကသားများ၏ အကြံပေးမှုများဖြင့် အသစ်ပြန်လည်ရေးဆွဲထားသည့် စံချိန်စံညွှန်းအသစ်များဖြင့် စိစစ်အကဲဖြတ်ထားခြင်းဖြစ်သည်။ အသစ်ပြန်လည်ရေးဆွဲထားသည့် စံချိန်စံညွှန်းများတွင် ပြက္ခဒိန်တစ်နှစ်အတွင်း အမှန်တကယ် ရုံတင်ပြသသည့် ဇာတ်ကားများကိုသာရွေးချယ်ချီးမြှင့်ရန်၊ အကယ်ဒမီစာရင်းဝင်ရန်အတွက် စတိသဘော ရုံတင်ခဲ့သည့် ဇာတ်ကားအား ထည့်သွင်းစဉ်းစားခြင်းမပြုရန်၊ အနုပညာရှင် အတတ်ပညာရှင်တို့၏ ပုဂ္ဂလိက လူမှုရေးဘဝနှင့် ရာဇဝတ်မှု ပြစ်ဒဏ်၊ နိုင်ငံရေးအသွေးအရောင်တို့ကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ အနုပညာ အတတ်ပညာစံချိန်စံညွှန်းဖြင့်သာ ရွေးချယ်ရန်၊ သက်ဆိုင်ရာ ဆုတစ်ခုချင်းအတွက် ထူးချွန်ဆု တစ်ဆုသာ ချီးမြှင့်ရန်နှင့်ပူးတွဲနှစ်ဆု ပေးအပ်ခြင်းမပြုရန်၊ မြန်မာနိုင်ငံသား အနုပညာရှင် အတတ်ပညာရှင်များကိုသာ ပေးအပ်ရန် စသည့် စည်းကမ်းချက်များ ပါဝင်လာခဲ့သည်။

ထို့ပြင် အထူးဆုနှင့်ပတ်သက်၍လည်း ကလေးသရုပ်ဆောင်ဆု၊ အဝတ်အစားအထူးဆု၊ မိတ်ကပ်ဆံပင်အထူးဆု၊ VFX, Animation အထူးဆု၊ Sound Deign အထူးဆုများထဲမှ တစ်ဆုရွေးချယ်၍ ပေးအပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇာတ်ညွှန်းဆုအတွက် ဇာတ်ညွှန်းစာအုပ် တင်ပြထားမှသာလျှင် ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး ဇာတ်ညွှန်းစာအုပ် တင်ပြထားခြင်းမရှိသည့် ဇာတ်ကားကို ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း သိရသည်။

“အကယ်ဒမီထူးချွန်ဆု စည်းမျဉ်းစည်းကမ်းများ ပြန်လည်သုံးသပ်ရေးကော်မတီ ဖွဲ့စည်းပြီး ရုပ်ရှင်လောကသားတွေ ပေးပို့ထားတဲ့ အကြံဉာဏ်တွေကို အခြေခံလို့ အကြိမ်ကြိမ် ပြန်လည်သုံးသပ်ပြီး ရေးဆွဲထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းစည်းကမ်းတွေက အရင်ကျင့်သုံးခဲ့တဲ့ စည်းကမ်းချက်တွေထဲက အားနည်းချက်တွေကို ပြုပြင်ထားတာဖြစ်လို့ ရာနှုန်းပြည့် မှန်ကန်တယ်လို့တော့ အာမမခံနိုင်ပါဘူး။ ဒါပေမဲ့ ယခင်ထက်ပိုမိုတိကျတဲ့၊ မှန်ကန်မျှတတဲ့ စိစစ်အကဲဖြတ်မှုတွေ ဖြစ်ဖို့တော့ သေချာပါတယ်။ မသမာမှုတွေရှိခဲ့မယ်ဆိုရင် အရေးယူဖို့၊ ဆုရုပ်သိမ်းဖို့ထိ ပါဝင်တာကြောင့် အနီးစပ်ဆုံး မှန်ကန်တဲ့ရွေးချယ်မှုတွေ ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဆိုသည်။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့အကယ်ဒမီ

ယခုနှစ်တွင် အကယ်ဒမီထူးချွန်ဆုအတွက် ဆန်ခါတင်ရွေးချယ်ထားသော ဇာတ်ကားများအနက် အများစုမှာ ပရိသတ်အားပေးမှုများခဲ့သည့် ဇာတ်ကားများဖြစ်ပြီး လူငယ်မျက်နှာသစ် အနုပညာရှင်များ၏ ပရိသတ်အသိအမှတ်ပြု အားပေးခြင်းခံခဲ့ရသည့် အနုပညာဖန်တီးမှု လက်ရာများလည်း ပါဝင်နေသဖြင့် အကယ်ဒမီထူးချွန်ဆုအတွက် ယှဉ်ပြိုင်မှုမှာပြင်းထန်သည်ဟုပင် ဆိုရမည်ဖြစ်သည်။

ထို့ပြင် ယခုနှစ်အတွင်း အကယ်ဒမီဆန်ခါတင်စာရင်းဝင် ဇာတ်ကားများတွင် ဒရာမာဇာတ်ကားအများစုမဟုတ်ဘဲ စိတ်ခံစားမှုကို ပုံဖော်သည့်ဇာတ်ကား၊ လူသားများကြားတွင် ဖြစ်ပွားလေ့ရှိသည့် စိတ်နေသဘောထား အဖြစ်အပျက်များကို ပုံဖော်ထားသည့် ဇာတ်ကားများ၊ ဘာသာတရားကို ဖော်ညွှန်းထားသည့် ဇာတ်ကားများ၊ အက်ရှင်ဇာတ်ကားများ၊ နည်းပညာနှင့် အပြိုင်ဖန်တီးမှုများ ထည့်သွင်းထားသော ဇာတ်ကားများ ပါဝင်နေခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်အကယ်ဒမီထူးချွန်ဆုအတွက် အရေးကြီးသည့် ဆုများအနက် တစ်ခုဖြစ်သော အကောင်းဆုံးဒါရိုက်တာဆုကို မုန်းစွဲဇာတ်ကား၏ ဒါရိုက်တာသြရသ၊ မီ ဇာတ်ကား၏ ဒါရိုက်တာကို ဏကြီး၊ သမ္မတကြီးထံပေးစာဇာတ်ကား၏ ဒါရိုက်တာဝိုင်း၊ ဥပါဒါန်ဇာတ်ကား၏ ဒါရိုက်တာဗန်းကြီး၊ မုဒြာခေါ်သံဇာတ်ကား၏ ဒါရိုက်တာခရစ်(စ်)တီးနားခီတို့က ရေပန်းစားနေခြင်းဖြစ်သည်။

အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုအတွက် အကယ်ဒမီဖွေးဖွေးမှ ရွှေကြာဇာတ်ကားဖြင့် ရေပန်းစားလျက်ရှိသကဲ့သို့ အကယ်ဒမီပိုင်ဖြိုးသုမှာလည်း မီဇာတ်ကားဖြင့် ရေပန်းစားလျက်ရှိသည်။ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် မုန်းစွဲဇာတ်ကားတွင် မတူကွဲပြားသည့် စရိုက်သုံးမျိုးကို ပီပြင်စွာပုံဖော်ထားနိုင်သည့် သရုပ်ဆောင်အကယ်ဒမီနေတိုးက ရေပန်းစားနေခြင်းဖြစ်သည်။ ယင်းဇာတ်ကားမှာ တစ်နှစ်တာအတွင်း ရက်သတ္တပေါင်းများစွာဖြင့် အများဆုံးရုံတင်ပြသခွင့်ရခဲ့သော ဇာတ်ကားလည်း ဖြစ်သည်။

မျက်နှာသစ်အနုပညာရှင်တစ်ဦးဖြစ်သော်လည်း ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသည့် ဒါရိုက်တာခရစ်(စ်)တီးနားခီက “ကိုယ့်ဇာတ်ကားတွေကို ဖန်တီးကတည်းက ပရိသတ်အတွက် စေတနာအပြည့်နဲ့ တင်ဆက်မယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ရိုက်ကူးခဲ့ပါတယ်။ ဒီလိုရိုက်ကူးရာမှာ အကယ်ဒမီရဖို့အတွက် စသည်ဖြင့် တစ်ခုခုအတွက် မျှော်မှန်းပြီး ရိုက်ခဲ့တာမျိုးမရှိပါဘူး။ အဓိကတော့ ပရိသတ်တွေရော၊ ကိုယ်ကိုယ်တိုင်ပါ ကျေနပ်တဲ့ အနုပညာဖန်တီးမှုတစ်ခုဖြစ်ဖို့ပဲ ရည်ရွယ်ခဲ့ပါတယ်။ အခုလို ပရိသတ်တွေက အကယ်ဒမီအတွက်မျှော်လင့်ပေးကြတယ်၊ ရစေချင်ကြတယ်ဆိုတော့ ဝမ်းသာပျော်ရွှင်ရပါတယ်။ အများကြီးတော့ မျှော်လင့်မထားပါဘူး” ဟု ဆိုသည်။

သရုပ်ဆောင်အကယ်ဒမီနေတိုးကလည်း “ကျွန်တော့်ပရိသတ်တွေက နှစ်တိုင်းမှာလည်း ကျွန်တော်ပါဝင်ထားတဲ့ဇာတ်ကားတွေနဲ့ အကယ်ဒမီရင်ခုန်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားတစ်ကားဖန်တီးတဲ့အခါမှာ အကောင်းဆုံး စေတနာနဲ့ အနုပညာအရည်အသွေး ပြည့်ဝဖို့အတွက်တစ်ခုတည်းပဲ အာရုံစိုက်ဖန်တီးခဲ့ပါတယ်။ ဆုရခြင်း မရခြင်းဆိုတာထက် အနုပညာအရည်အသွေးပြည့်ဝဖို့ကိုပဲ အားထုတ်ပါတယ်။ နောက်နှစ်တွေမှာလည်း ပရိသတ်တွေ ကျွန်တော့်အတွက် ရင်ခုန်ခွင့်ရမယ့် ဇာတ်ကားကောင်းတွေအများကြီး ရိုက်ကူးသွားပါဦးမယ်” ဟု ဆိုသည်။

အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုအတွက်မူ မုန်းစွဲဇာတ်ကားမှ သရုပ်ဆောင် ကျော်ကျော်ဗိုလ်၊ ဥပါယ်တံမျဉ်ဇာတ်ကားမှ သရုပ်ဆောင် အောင်မြင့်မြတ်တို့မှ တစ်ဦးဦး ဆွတ်ခူးနိုင်ရန် ရေပန်းစားလျက်ရှိနေသည်။ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုအတွက် ရေပန်းအစားဆုံး အနုပညာရှင်မှာ မုန်းစွဲဇာတ်ကားတွင် မိမိခင်ပွန်းအား ချစ်မြတ်နိုးလွန်းသူအဖြစ် ပီပြင်ခဲ့သည့် သရုပ်ဆောင် အေးဝတ်ရည်သောင်းပင်ဖြစ်သည်။ ဥပါဒါန်ဇာတ်ကားမှ သရုပ်ဆောင် ခင်ဇာခြည်ကျော်မှာလည်း အကယ်ဒမီဆုအတွက် ရေပန်းစားလျက်ရှိသူတစ်ဦးဖြစ်သည်။

အကယ်ဒမီဆုအတွက် ရေပန်းစားလျက်ရှိသည့် သရုပ်ဆောင်အေးဝတ်ရည်သောင်းကလည်း “ပေါက်စီအတွက် ရင်ခုန်ပေးကြတယ်၊ မျှော်လင့်ပေးကြတယ်ဆိုတော့ ရင်ခုန်ပါတယ်။ ဒါပေမဲ့ အခုနှစ်မှာ ဇာတ်ကားကောင်းတွေလည်း အများကြီးရှိသလို အနုပညာအရည်အသွေးပြည့်ဝတဲ့ အနုပညာရှင်တွေလည်း အများကြီးဖြစ်တာကြောင့် အရမ်းတော့ မျှော်လင့်မထားရဲပါဘူး။ ပေါက်စီကို ဆုတောင်းပေးကြတဲ့၊ ရစေချင်ကြတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟုဆိုသည်။

သရုပ်ဆောင်အကယ်ဒမီ ပိုင်ဖြိုးသုကလည်း “ပရိသတ်တွေက သုသုအတွက်ရင် ခုန်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ သုသုလည်း အရမ်းရင်ခုန်နေပါတယ်။ မီဇာတ်ကားမှာ ပါဝင်ထားတဲ့ အဖွဲ့သားအားလုံးက အရမ်းကြိုးစားထားတဲ့အတွက် ဘယ်သူပဲရရ ပျော်မိမှာပါ။ ကိုယ်တိုင်အတွက်တော့ အရမ်းမျှော်လင့်မထားဘူူး။ ဘယ်အရာမဆို ကြိုတင်မျှော်လင့်မထားတာ အကောင်းဆုံးပဲလေ။ ပျော်စရာရှိလည်း ပျော်မယ်။ ဝမ်းနည်းစရာလည်း ဝမ်းနည်းရမယ့်အချိန်မှပဲ ဝမ်းနည်းလိုက်မယ်။ အဲဒီလိုပဲ ခံယူထားပါတယ်” ဟု ဆိုသည်။

အကောင်းဆုံးဇာတ်ညွှန်းဆုအတွက် မုန်းစွဲဇာတ်ကားမှ ဇာတ်ညွှန်း လွင်မင်းအံ့၊ မီ ဇာတ်ကား၏ ဇာတ်ညွှန်း ကိုဏကြီး၊ ဥပါဒါန်ဇာတ်ကား၏ ဇာတ်ညွှန်းမောင်အောင်(ရူပဗေဒ)တို့မှာ ဆုအတွက် ရေပန်းစားနေသူများ ဖြစ်ကြသည်။ ပရိသတ်စိတ်ဝင်စားသည့်ဆု တစ်ခုဖြစ်သော အထူးဆုအတွက် မုန်းစွဲဇာတ်ကားတွင် ပီပြင်စွာပုံဖော်ခဲ့သော အမြွှာကလေးသရုပ်ဆောင် ဇွဲဝေယံထူး၊ ဇွဲဝေယံထက်တို့က ပရိသတ်များကြားတွင် ရေပန်းစားလျက်ရှိသည့်အပြင် အဝတ်အစားအထူးဆု၊ မိတ်ကပ်ဆံပင်အထူးဆုတို့အတွက်လည်း ၁၉၅၀ ပြည့်နှစ်ဝန်းကျင်ကာလကို ပီပြင်စွာပုံဖော်ခဲ့သည့် မီရုပ်ရှင်ဇာတ်ကားမှ ဖန်တီးသူက ရေပန်းစားလျက်ရှိသည်။

ပရိသတ်ပေးသည့်အကယ်ဒမီနှင့် ရွှေစင်ရုပ်ပိုင်ရှင် ထပ်တူကျမကျ

အကယ်ဒမီထူးချွန်ဆုများ ပေးအပ်ရာတွင် ပရိသတ်များကလည်း နှစ်စဉ်နှစ်တိုင်း၌ မိမိတို့နှစ်သက်အားပေးသည့် အနုပညာရှင်များအတွက် ရင်ခုန်မျှော်လင့်ပေးတတ်ကြရာ အကယ်ဒမီဆုပိုင်ရှင်နှင့် ပရိသတ်ပေးသည့် အကယ်ဒမီတို့ ထပ်တူကျသည့်နှစ်များ ရှိသကဲ့သို့ လွဲချော်ခဲ့ရသည့် နှစ်များလည်းရှိတတ်ပါသည်။ ယခုနှစ်တွင်လည်း ပရိသတ်များက မိမိတို့နှစ်သက်အားပေးသည့် အနုပညာရှင် အတတ်ပညာရှင်အသီးသီးအတွက် အကယ်ဒမီဆုများ မျှော်မှန်းပေးထားကြသော်လည်း လက်တွေ့ပေးအပ်ချိန်တွင်  ရာခိုင်နှုန်းမည်မျှထပ်တူကျနိုင်မည်မှာ စောင့်ကြည့်ရင်ခုန်ရမည်ပင်ဖြစ်သည်။ ယခုနှစ်တွင် ဇာတ်ကားအရေအတွက် များပြားခြင်း၊ အနုပညာအရည်အသွေး ပြည့်ဝကောင်းမွန်သည့် ဇာတ်ကားအရေအတွက် ပိုမိုလာခြင်း၊ အနုပညာရှင်များ၏ ဖန်တီးမှုများမှာ အကြိတ်အနယ်ရှိနေခြင်းတို့က ပို၍စိတ်လှုပ်ရှား ရင်ခုန်ဖွယ်ပင်ဖြစ်သည်။ အကယ်ဒမီထူးချွန်ဆု ရွေးချယ်ရာ၌ မသမာမှု ပေါ်ပေါက်ခဲ့ပါက ဆုပြန်လည်သိမ်းသွားမည်ဆိုသည့် စည်းကမ်းချက်ပါ ထည့်သွင်းထားသဖြင့် အရည်အသွေးပြည့်ဝသည့် အနုပညာရှင် အတတ်ပညာရှင်များထံ ရွှေစင်ရုပ်များ ရောက်ရှိစေရန်အတွက်မူ မျှော်လင့်ချက် ပိုမိုမြင့်မားလျက်ရှိနေကြသည်။ ထို့ပြင် ယခုနှစ်၌ မျက်နှာသစ်အနုပညာရှင်များ၏ အနုပညာလက်ရာများအတွက် တန်ဖိုးထား မျှော်လင့်စေမှုမှာလည်း ထပ်မံကြိုးစားလိုသည့် လူငယ်အနုပညာရှင်များအတွက် ခွန်အားသစ်တစ်ရပ်ဟုပင် ဆိုရပေမည်။

ပြင်ဆင်လျက်ရှိပြီဖြစ်သည့် အကယ်ဒမီထူးချွန်ဆုပေးပွဲအခမ်းအနား

၂၀၁၈ ခုနှစ်အတွက်ပေးအပ်မည့် အကယ်ဒမီထူးချွန်ဆုပေးပွဲအခမ်းအနားအတွက် အကယ်ဒမီရွှေကြိုရွေးချယ်လေ့ကျင့်ခြင်း၊ အကယ်ဒမီပွဲအခမ်းအနား ကျင်းပရန် ပြင်ဆင်ခြင်း၊ အကယ်ဒမီပွဲကျင်းပမည့် The One Entertainment Park အတွင်း စင်မြင့်အပါအဝင် နေရာအခင်းအကျင်းများ ပြင်ဆင်ခြင်း၊ အကယ်ဒမီပွဲတက် အနုပညာရှင်များမှာလည်း ပွဲတက်ဝတ်စုံ ဖက်ရှင်များအတွက် ပြင်ဆင်ခြင်းများ ပြုလုပ်လျက်ရှိနေပြီ ဖြစ်သည်။ ရက်ပိုင်းမျှသာ လိုတော့သည်ဖြစ်သည့် အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် အနုပညာရှင်များရော၊ ပရိသတ်များကပါ ရင်ခုန်သံမြန်ဆန်စွာဖြင့် ရလဒ်အဖြေများအတွက် စောင့်မျှော်လျက်ရှိနေကြပြီဖြစ်သည်။ ယခုနှစ်တွင်ပေးအပ်မည့် အကယ်ဒမီထူးချွန်ဆုများမှာ ပြင်းထန်သည့် ယှဉ်ပြိုင်မှုများကြားမှ ပရိသတ်များ၏ မျှော်လင့်ချက်နှင့် ထပ်တူကျသည့် ထူးချွန်ဆုများ ဖြစ်လာနိုင်မလားဆိုသည်မှာမူ မတ်၂၃ ရက်ညနေပိုင်းတွင်သာ စောင့်ကြည့်ရင်ခုန်ရမည် ဖြစ်ပေသည်။                                          

Most Read

Most Recent