ပင်လယ်လိပ်များနဲ့  သမီးလှကျွန်း ရေရှည်တည်တံ့ဖို့ဆိုရင်

 ပင်လယ်လိပ်များနဲ့  သမီးလှကျွန်း ရေရှည်တည်တံ့ဖို့ဆိုရင်
သဘာဝလိပ်တွင်းမှ လိပ်ဥများကို သားပေါက်ရက် စစ်ဆေးနေစဉ်
သဘာဝလိပ်တွင်းမှ လိပ်ဥများကို သားပေါက်ရက် စစ်ဆေးနေစဉ်
Published 17 March 2019
မင်းသူဝင်းထွဋ်

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမှ ရေလမ်းခုနစ်မိုင်ခန့်အကွာတွင် သမီးလှကျွန်းခေါ် လိပ်ကျွန်း တည်ရှိပါတယ်။ ကျွန်းတည်ပုံဟာ မှန်ကူကွက်ပုံ ဖြစ်နေတာကြောင့် နိုင်ငံခြားသားများက စိန်ကျွန်းလို့လည်း ခေါ်ကြပါတယ်။ ဒီကျွန်းဟာ ပင်လယ်လိပ်ကြီးများ ပျော်စံဥချ မွေးဖွားရာ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

ကျွန်းဟာ ယနေ့အချိန်အခါမှာတော့ တစ်စတုရန်းမိုင်ခန့် ကျယ်ဝန်းပြီး ဒုတိယ ကမ္ဘာစစ် မဖြစ်မီကပင် ကျွန်းပေါ်မှာ အင်္ဂလိပ်တွေက ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေးစခန်းတစ်ခု ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ကျွန်းအနီးမှာလည်း မီးပြတိုက်အဟောင်းတစ်ခုကို မြင်တွေ့နိုင်သလို ကျွန်းပေါ်မှာလည်း တစ်ချိန်က နိုင်ငံခြားသားများ နေထိုင်ခဲ့သည်ဟုဆိုသော ရဲတိုက်ကြီးတစ်ခုမျှ တည်ဆောက်ထားခဲ့တဲ့ အဆောက်အအုံဟောင်းများကို မြင်တွေ့နိုင်ပါတယ်။

img_20180318_063357.jpg

လိပ်ကျွန်း တစ်နေရာကို တွေ့ရစဉ်

ဒေသခံများအဆိုအရ ကျွန်းဟာ နတ်ကြီးတယ်လို့ ဆိုကြပြီး ကျွန်းပေါ်မှာ သမီးလှနတ်ကွန်း၊ ဘိုးဘိုးကြီး နတ်ကွန်းများနဲ့ စေတီတော်များကိုလည်း ဖူးမြော်နိုင်ပါတယ်။ ဆိုစကားများအရ ပုသိမ်မြို့စားကြီးရဲ့ သမီးတော် ရူပကလျာဟာ မော်တင်စွန်းစေတီတော်ကြီးကို လာရောက်ဖူးမြော်စဉ် လိပ်ကျွန်းကို မြင်တွေ့ရာမှ လာရောက်လည်ပတ်ခဲ့ပြီး ရေကူးရာမှာ အသက်ဆုံးပါးပြီး ကျွန်းပေါ်မှာ အစောင့်အရှောက်အဖြစ် ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ သမီးတော်နောက်ကို လိုက်ပါလာခဲ့တဲ့ ပုသိမ်မြို့စားကြီးဟာ လိပ်ကျွန်းပေါ်ရှိ တောင်ထိပ်မှာ သမီးတော်ကို ရည်စူးပြီး စေတီတော်တစ်ဆူကို လွမ်းစေတီ ဘွဲ့တော်အမည်နဲ့ တည်ထားခဲ့တယ်လို့လည်း ဆိုပါတယ်။ လွမ်းစေတီပေါ်ကနေ မျှော်ကြည့်မယ်ဆိုရင် မော်တင်စွန်းစေတီတော်ကြီးကို မြူကင်းချိန်မှာ ထင်ရှားစွာ ဖူးမြင်နိုင်ပါတယ်။

အင်္ဂလိပ်များ နေထိုင်ခဲ့တယ်ဆိုတဲ့ ရဲတိုက်ပျက်အဟောင်းကြီးကတော့ ဒေသခံများ ပြောကြားချက်အရ မြေအောက်ခန်းများ ရေနံပိုက်လိုင်းကြီးများ ကြိုးမဲ့ကြေးနန်းစက်များစွာ ရှိခဲ့ဖူးပြီး တောနက်ထဲမှာတော့ ရှေးဟောင်းအုတ်ဂူများစွာကို မြင်တွေ့နိုင်ပါသေးတယ်လို့ ဆိုပါတယ်။ ရွက်ကြွေတောနဲ့ အမြဲစိမ်းတော အမျိုးအစားကို ပိုင်ဆိုင်ထားတဲ့ လိပ်ကျွန်းဟာ ယနေ့အချိန်အထိတိုင် သစ်ပင်တောတောင်များ ဖုံးလွှမ်းနေပြီး ဒရယ်များအပါအဝင် တောရိုင်းတိရစ္ဆာန်များစွာ အခုချိန်ထိ ကျက်စားကျင်လည်နေဆဲပါ။ ဒေသခံများကိုယ်တိုင် မရောက်ဖူးသေးတဲ့ တောတွင်းနေရာများစွာရှိပြီး လိပ်ဥအရွယ်ခန့်ရှိ အသီးသီးပြီး အချိုဓာတ်လွန်ကဲတဲ့ ဖန်ခါးသီးပင်လည်း ရှိနေပါတယ်။ နာဂစ်မုန်တိုင်းကြောင့် လဲပြိုခဲ့တဲ့ သစ်ပင်ကြီးများစွာရယ်၊ စစ်အတွင်းကာလ ဗုံးဆန်များ မိုးရွာသလို ကျရောက်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ကျွင်းကြီးများရယ်ဟာလည်း တောနက်ထဲမှာ အပြည့်ပါပဲ။ လူလုပ်ပယောဂများ၊ ရာသီဥတုဖောက်ပြန်မှုများကြောင့် နှစ်စဉ်ပေပေါင်းများစွာ ပြိုကျနေတဲ့ တောင်နံရံတွေ၊ သောင်ပြင်တွေကလည်း ကျွန်းပတ်ပတ်လည်လည်မှာ ဝိုင်းလို့နေပါတယ်။

သမီးလှကျွန်းပေါ်က လိပ်စခန်း

သမီးလှကျွန်းခေါ် လိပ်ကျွန်းကို မြန်မာနိုင်ငံမှာ အစောဆုံးသော တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ပင်လယ်လိပ်မျိုးစိတ် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းအဖြစ် ဖွင့်လှစ်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်တဲ့ ဒိုင်နိုဆော သတ္တဝါများထက် ရှေးကျစွာ ပေါ်ပေါက်ခဲ့တယ်ဆိုတဲ့ ပင်လယ်လိပ်ကြီးများကို ထိန်းသိမ်းစောင့်ရှောက် မျိုးပွားပေးဖို့ အရေးပါတဲ့ စခန်းတစ်ခုပါပဲ။ ကျွန်းပေါ်မှာတင် သဘာဝအလျောက် လိပ်ကျင်းများကို စောင့်ရှောက်မျိုးပွားခြင်း၊ မျိုးပွားခြံများဖြင့် လိပ်ဥများကို စောင့်ရှောက်ခြင်း၊ ပင်လယ်လိပ်ကြီးများကို သုတေသနပြုခြင်း လုပ်ငန်းများ လုပ်ဆောင်နေပါတယ်။

ကမ္ဘာပေါ်တွင် ပင်လယ်လိပ် အမျိုးအစားပေါင်း ခုနစ်မျိုးရှိပြီး မြန်မာနိုင်ငံမှာတော့ ပင်လယ်လိပ်အမျိုးအစားပေါင်း ငါးမျိုးအထိ မြင်တွေ့နိုင်မှာပါ။ လိပ်စောင်းလျား၊ လိပ်လှောင်း၊ လိပ်ကြက်တူရွေး၊ လိပ်ခွေး၊ ပြင်သာလိပ် အမျိုးအစား ငါးမျိုးအထိ မြန်မာ့ပင်လယ်ပြင်မှာ နေထိုင်ကျက်စားကြပါတယ်။ လိပ်ခွေးမှအပ အခြားသော လိပ်အမျိုးအစားများဟာ သမီးလှကျွန်းပေါ်မှာ ဥချလေ့ရှိပါတယ်။ သမီးလှကျွန်းရဲ့ ထူးခြားချက်ကတော့ ရာသီအချိန်အခါလမရွေး လိပ်များလာရောက် ဥချလေ့ရှိခြင်းပါပဲ။

လိပ်မတစ်ကောင်ဟာ တစ်ရာသီမှာ ရှစ်ကြိမ်ခန့်အထိ ဥချလေ့ရှိပြီး လိပ်အမျိုးအစားအလိုက် ဥကျင်းတစ်ကျင်းလျှင် အလုံးရေ ၅၀ မှ ၁၂၀ ကြား ဥချလေ့ရှိပါတယ်။ လိပ်စခန်း တာဝန်ရှိသူများဟာ ညစဉ်ညတိုင်း ရေတက်ချိန်များမှာ ကျွန်းပေါ်မှာ လိပ်အများဆုံး တက်ရောက်လေ့ရှိတဲ့ လိပ်သောင်နေရာမှာ တစ်ညလုံး သွားရောက်စောင့်ဆိုင်းရပါတယ်။ ပင်လယ်လိပ်များရဲ့ သဘောသဘာဝအရ အသံဆူညံခြင်း၊ အလင်းရောင်များ မြင်တွေ့ရခြင်းရှိပါက သောင်ပြင်ကိုတက်ရောက်လေ့ မရှိတာကြောင့် သောင်ပြင်အမှောင်ထုထဲမှာ စောင့်ဆိုင်းနေရပါတယ်။ လိပ်တက်မတက်ကို အမှောင်ထုထဲတွင် အနီရောင် အလင်းသာပေါ်ထွက်တဲ့ ဓာတ်မီးများကိုသာ အသုံးပြုပြီးတော့ လိုက်လံကြည့်ရှုရပါတယ်။ လိပ်များဟာ အနီရောင်ကိုတော့ မမြင်နိုင်ပါဘူး။

လိပ်မတစ်ကောင်က ဥချရန်အတွက် ပထမဦးစွာ သောင်ပြင်ကို တက်လာပြီး ဝပ်ကျင်းကို ရှာဖွေလေ့ရှိပါတယ်။ ဝပ်ကျင်းနေရာကို စိတ်ချရပြီ၊ နှစ်သက်ပြီဆိုရင် နောက်တစ်ခေါက်ပြန်လာပြီး ဝပ်ကျင်းနားမှာ ကနဦးကျင်းကို လက်များဖြင့်ယက်၍ ကျင်းပြုလုပ်ပြီး ဥချလေ့ရှိပါတယ်။ ဥချပြီးဥများကို သဲများဖြင့် ပြန်ဖုံးပြီးတော့ ပင်လယ်တွင်းကို ပြန်လည်ဆင်းသက်သွားလေ့ ရှိပါတယ်။

လိပ်ဥများကို သားစားငှက်များရန်နှင့် အခြားသော ဘေးများမှ ကာကွယ်နိုင်ဖို့ လိပ်စခန်းတာဝန်ရှိသူများက လိပ်ဥများကို ထုတ်ယူကာ လိပ်စခန်းအနီးရှိ မျိုးပွားခြံအတွင်းမှာ ထည့်သွင်းကာ လိပ်များကို သဘာဝအတိုင်း ဥဖောက်ရပါတယ်။ လိပ်ဥမှ လိပ်သားပေါက်သည်အထိ ရက်ပေါင်း ၅၀ မှ ၆၀ အထိ ကြာမြင့်တတ်ပါတယ်။ ပေါက်ဖွားလာတဲ့ လိပ်ငယ်များကို ပင်လယ်အတွင်းသို့ စနစ်တကျ ပြန်လည်လွှတ်ပေးခြင်းဟာ လိပ်ကျွန်းတာဝန်ရှိသူများရဲ့ လုပ်ငန်းစဉ်ပါပဲ။

ပင်လယ်လိပ်ကြီးများရဲ့ သဘာဝစက်ဝန်း

သားပေါက် လိပ်ငယ်တစ်ကောင်ဟာ ပင်လယ်အတွင်းသို့ အန္တရာယ်ကင်းစွာ ကူးခပ်သွားနိုင်ပြီး လူသူမသိနိုင်တဲ့ ပင်လယ်နက်ထဲသို့ ဘေးကင်းစွာ ရောက်ရှိခဲ့ပါက ပင်လယ်ကြမ်းပြင်မှာ နှစ်ပေါင်း ၂၀ ကျော်အထိ ပုန်းခိုနေထိုင်ရပါတယ်။ အသက် ၂၀ ကျော် ပန်းကန်ပြား အရွယ်ခန့် လိပ်တစ်ကောင် ဖြစ်လာပြီဆိုလျှင် ကုန်းမြေပေါ်တက်ပြီး အစာရှာအစာစားပြီး ပင်လယ်အတွင်း ပြန်လည်သက်ဆင်းနေလေ့ ရှိပါတယ်။ အသက် ၃၀ ခန့်မှာ အပျိုလူပျို လိပ်တစ်ကောင်ဖြစ်လာပြီးတော့ ပင်လယ်လိပ်မတစ်ကောင်က သူနှစ်သက် သဘောကျတဲ့ လိပ်ထီးငါးကောင်ခန့်နဲ့ မိတ်လိုက်တတ်ပါတယ်။ မိတ်လိုက်ပြီးနောက် ဥတည်ပြီဆိုတာနဲ့ လိပ်မဟာ သူငယ်စဉ်က မွေးဖွားခဲ့တဲ့ ကျွန်းအထိကို ပြန်လည်သွားရောက်ပြီး ဥဥချလေ့ရှိပါတယ်။ တစ်ကြိမ်မိတ်လိုက်ပြီးပါက ရှစ်ကြိမ်ခန့်အထိ အကြိမ်ကြိမ် ဥချလေ့ရှိတာပါ။

လိပ်ဥ ၁၀၀ လျှင် လိပ်အကောင် ၈၀ ခန့်သာ ပေါက်ဖွားလေ့ရှိပါတယ်။ ပေါက်ဖွားလာတဲ့ လိပ်ငယ်များဟာ ဥကျင်းမှပင်လယ်ထဲသို့ ဆင်းတဲ့အချိန်မှာပင် ကဏန်း၊ ငှက် များရဲ့ ရန်ပြုစားသောက်မှုကို ခံရလေ့ရှိပါတယ်။ ပင်လယ်တွင်း ရောက်ရှိပါကလည်း ကျွန်းပတ်လည်မှာ အသင့်စောင့်ဆိုင်းနေတဲ့ ရေသတ္တဝါများရဲ့ ဖမ်းစားမှုကို ခံရခြင်း၊ လူအများရဲ့ ဖမ်းစားမှုကိုခံရခြင်း၊ သဘာဝဘေးများကြောင့် အသက်ဆုံးပါးခြင်း အများအပြား ဖြစ်ပေါ်လေ့ရှိသောကြောင့် ပညာရှင်များ အဆိုအရ လိပ်သားပေါက် အကောင် ၁၀၀၀ မှာ တစ်ကောင်ခန့်သာ အသက်အရွယ်ရသည်အထိ ရှင်သန်နေထိုင်နိုင်ကြပါတယ်။ လိပ်ဥများကို လူသားများက စားသုံးခြင်း၊ သဘာဝစက်ဝန်းအရ ဖြတ်သန်းမှုရှည်လျားခြင်းများက ပင်လယ်လိပ်ကြီးများကို မျိုးသုဉ်းလာပါစေတယ်။

မြန်မာနိုင်ငံမှာ တွေ့မြင်နိုင်တဲ့ ပင်လယ်လိပ်ကြီးများနဲ့ အကျိုးပြုပုံ

သက်တမ်းရှည်လျားစွာ နေနိုင်ကြတဲ့ ပြင်သာလိပ်ဟာ ပင်လယ်မြက်ကိုသာ အဓိကစားသုံးပြီး ရေညှိရေမှော်၊ ကျောက်ပွင့်၊ ဒီရေတော သစ်သီးများကို စားသုံးကြပါတယ်။ သူတို့အစားအစာအတွက် ပင်လယ်မြက်ခင်းများအပေါ် ဖြတ်သန်းသွားလာ ကူးခပ်ကြတာကြောင့် ပင်လယ်မြက်မျိုးစေ့များကို ပျံ့နှံ့စေ၊ မျိုးပွားစေပါတယ်။

လိပ်လှောင်းများကတော့ ငယ်ရွယ်သော ကဏန်းမျိုးစိတ်များ၊ ခုံးခရုတို့ကို စားသုံးပါတယ်။ သူတို့၏ စားသုံးမှုကြောင့် ထုံးဓာတ်ပါဝင်သော ရုပ်ကြွင်းများကို ဖြစ်ပေါ်စေတာကြောင့် သန္တာကျောက်တန်းများကိုလည်း အကျိုးဖြစ်ထွန်းစေပါတယ်။ ကျောက်တန်းများကို တွယ်ကပ်ဖျက်ဆီးတတ်တဲ့ ခရင်းကောင်များကို စားသုံးတာကြောင့် သန္တာကျောက်တန်းများ မပျက်စီးစေဖို့ အကာအကွယ်လည်း ဖြစ်စေပါတယ်။

လိပ်ကြက်တူရွေးကတော့ သန္တာကျောက်တန်းများကို အကျိုးပြုစေပြီး ရေမြုပ်၊ အမိုနိပန်း၊ ကင်းမွန်၊ ပုစွန်ငယ်များကို စားသောက်နေထိုင်လေ့ရှိပြီး လိပ်ခွေးကတော့ မြင်းခွာကဏန်း၊ ခုံးကောင်၊ ယောက်သွား၊ ခုံးခရုများကို စားသုံးပြီး ကယ်လစီယံ ရုပ်ကြွင်းများကို ဖြစ်ပေါ်စေပါတယ်။

သမီးလှကျွန်းနဲ့ ပင်လယ်လိပ်ကြီးများ ပျက်စီးမျိုးသုဉ်းတော့မှာလား

ဒေသခံများ ပြောကြားချက်များအရ သမီးလှကျွန်းဟာ တစ်ချိန်က ယခုကျွန်းအနေအထားထက် နှစ်ဆမျှ ပိုမိုကျယ်ဝန်းတယ်လို့ ဆိုပါတယ်။ နှစ်စဉ်ကမ်းပြိုမှုများ သဲစုပ်ယူမှုများကြောင့် သမီးလှကျွန်းဟာ တဖြည်းဖြည်းနဲ့ သေးငယ်လာပါပြီ။ ဒါ့အပြင် သဲသောင်ပြင်မှာ ပျက်စီးကာ ကျောက်တန်းများ ပေါ်ထွက်လာမှုကြောင့် ပင်လယ်လိပ်များ ဥချဖို့အတွက် နေရာကျဉ်းလာခြင်း၊ သဲသောင်ပြင်များ မရှိတော့ဘဲ ကျောက်တန်းများကြောင့် ဥချရန် ကျွန်းပေါ်တက်ဖို့ ခက်ခဲလာခြင်းများကို ဖြစ်ပေါ်နေစေပါတယ်။ ဒါတွေဟာ ပင်လယ်တွင်းမှာ သဲများစုပ်ယူပြီး နိုင်ငံခြားတိုင်းပြည်များကို ရောင်းချနေခြင်းရဲ့ အကျိုးဆက်လို့ ဆိုကြပါတယ်။

ပင်လယ်လိပ်ဆိုတာက အဓိကတော့ သဲမြေပေါ့။ သဲမြေပေါ်မှာ ဥချတတ်တဲ့ သတ္တဝါ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်တော့ မမီဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတော့ ဒီကျွန်းရဲ့ ဧရိယာဟာ ငါးမိုင်ပတ်လည်ရှိတယ်လို့ ဆိုပါတယ်။ အခုမျက်မြင်အခြေအနေ ကျွန်တော်တာဝန်ကျတဲ့ အချိန်မှာတော့ တစ်မိုင်ပတ်လည်သာသာပဲ ရှိပါတော့တယ်။ အဲဒီလိုပြိုကျ ပျက်စီးသွားတဲ့အတွက် ပင်လယ်လိပ်တွေရဲ့ ဥချစရာနေရာ ပျက်စီးသွားပါတယ်။ အရင်ပင်လယ်လိပ်တွေ ဥချခဲ့တဲ့ နေရာဟာ အခုတွေ့မြင်ရတဲ့အတိုင်း ကျောက်တုံးတွေ၊ ကမ်းပါးတွေဖြစ်သွားတဲ့အတွက် ပင်လယ်လိပ်တွေဟာ ဥချတဲ့နေရာ ရှားပါးသွားပါတယ် ။ဒီလိုရှားပါးသွားရတဲ့ အကြောင်းရင်းက၊ ဒီလိုပြိုကျသွားရတဲ့ အကြောင်းရင်းကတော့ အကြောင်းနှစ်ခုရှိပါတယ်။ နံပါတ် (၁) က သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့်ရယ်၊ ရေစီးကြောင်းတွေ ပြောင်းလဲတယ်။ ပင်လယ်ရေစီးကြောင်းတွေ ပြောင်းလဲမှုကြောင့်၊ မုန်တိုင်းတွေ တိုက်ခတ်မှုကြောင့် ကမ်းတွေ ကမ်းပါးတွေပြိုတယ် ဆိုတာလည်း အချက်တစ်ချက်ပါပဲ။ သို့သော်လည်း လူ့ပယောဂကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာတွေလည်း ရှိပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် ဝန်းကျင်လောက်က လိပ်သောင်ပေါ်ကသဲကို ကြက်စာအနေနဲ့ အမည်တပ်ပြီးတော့ အရောင်းအဝယ် လုပ်တာတွေ ရှိခဲ့တယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ရပါတယ်။ နောက်ပိုင်းမှာ အဲဒီကျွန်းပတ်ဝန်းကျင်မှာ သင်္ဘောကြီးတွေနဲ့ သဲတွေတူးတယ်ဆိုတာလည်း သတင်းတွေ ကျွန်တော်တို့ ကြားခဲ့ရပါတယ်။ကျွန်တော် ကိုယ်တိုင်တော့ မတွေ့ပါဘူး။ အခုလက်ရှိတော့ တူးနေတဲ့ သဲသင်္ဘောက ငဝန်မြစ်ကြောင်းထဲမှာ တူးတယ်လို့တော့ သိရပါတယ်။ ဘယ်နေရာမှာပဲတူးတူး ပင်လယ်ထဲမှာ တူးမယ်ဆိုရင်တော့ ဖြစ်ပေါ်လာတဲ့ ချိုင့်ကြီးကို ဖြည့်ဆည်းဖို့က ပတ်ဝန်းကျင်က မြေကြီးပဲရှိပါတယ်။ ရာသီအရ ဒီမြစ်ရေစီးကြောင်းနဲ့ ပါလာတဲ့ အနည်ထိုင်တဲ့သဲဟာ ဒီကျွင်းကြီးကို ချက်ချင်းမပြည့်နိုင်ပါဘူး။ လှိုင်းနဲ့လှေနဲ့ ပုတ်ခတ်တဲ့အခါကျ ဒီကျွင်းကြီးထဲကို ဘေးနှုတ်ခမ်းက သဲတွေပြိုကျခြင်းဖြင့် ဆင့်ကဲဆင့်ကဲနဲ့ ကျွန်တော်တို့ လိပ်သောင်တွေ ကျွန်းပတ်ဝန်းကျင် အားလုံးပျက်စီးလာတာကို တွေ့ရပါတယ် ဟု သမီးလှကျွန်း ပင်လယ်လိပ် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း တာဝန်ခံ ဦးဖုန်းမော်က ပြောကြားသည်။

ပင်လယ်လိပ်ဆိုတာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ရှိနေတဲ့ ကမ္ဘာ့ရှေးအကျဆုံး သတ္တဝါဖြစ်သလို သမီးလှကျွန်းဟာလည်း သဘာဝအတိုင်း လှချင်တိုင်းကိုလှနေတဲ့ အပျိုစင်ကျွန်း တစ်ခုပါပဲ။ ပင်လယ်လိပ်ကြီးများကို အမှန်တကယ် ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့လိုအပ်တဲ့ ဘတ်ဂျက်ငွေများ တိုးမြှင့်ချထားခြင်းများ၊ အပျိုစင်ကျွန်းလေးဖြစ်တဲ့ သမီးလှကျွန်း ရေရှည်တည်မြဲရေးအတွက် ကျွန်းအနီးမှာ လုပ်ဆောင်ခွင့်ပြုထားတဲ့ စီမံကိန်းများကို စိစစ်သုတေသနပြုခွင့်ပြုခြင်းများကို ပြန်လည်သုံးသပ်ဖို့ လိုနေပါပြီ။ သမီးလှကျွန်း မရှိပါက ပင်လယ်ကြီးများ မရှိတော့သလို ပင်လယ်လိပ်ကြီးများ မျိုးသုဉ်းပျောက်ကွယ်သွားပါကလည်း ကမ္ဘာ့အမွေအနှစ်များ ဆုံးရှုံးရသလိုပါပဲ။ နိုင်ငံခြားခရီးသွားများကို အဆွဲဆောင်နိုင်ဆုံးဖြစ်ပြီး ပြည်ပဝင်ငွေလည်း ရှာဖွေပေးနိုင်မယ့် သမီးလှကျွန်း တည်မြဲဖို့ဟာ ပင်လယ်ပြင်တွင်း သဲထုတ်ယူမှုတွေနဲ့လည်း သက်ဆိုင်မှုများ ရှိနိုင်တာကြောင့် သုံးသပ်သုတေသနပြု ဆင်ခြင်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

 

Most Read

Most Recent