NCA- S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အထူးအစည်းအဝေးကို မတ် ၅ ရက်က ချင်းမိုင်တွင် ကျင်းပခဲ့သည်။
ယင်းအစည်းအဝေးကို ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့သော အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ သီးသန့်အစည်းအဝေးအပြီး လေးလအကြာတွင် ပြန်လည်ကျင်းပခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ ချင်း မိုင်မြို့တွင် မတ် ၅ ရက်မှ ၇ ရက် အထိ ပြုလုပ်ခဲ့သည်။
အဓိကအားဖြင့် PPST ကြားတွင်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထားရှိကြသော အမြင်များကို မူလရည်မှန်းချက်ပန်းတိုင် ရောက်ရှိရေး ကြိုးပမ်းရာတွင် ပြည့်မီခြင်း ရှိ-မရှိ ပြန်လည်သုံးသပ် ညှိနှိုင်းမှုပြုလုပ်ရန် အထူးအစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့(PPST) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။
“ကျွန်တော့်အနေနဲ့ PPST အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် အဖွင့်မိန့်ခွန်း ပြောကြားတာဖြစ်သော်လည်းပဲ ဒီမိန့်ခွန်းမှာ ပါဝင်တဲ့ အချက်တွေဟာ KNU နဲ့ RCSS တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထားရှိတဲ့ အဖွဲ့အစည်းတွေ ရဲ့ ရပ်တည်မှုကို ထပ်မံ အတည်ပြု ဖော်ပြတာဖြစ်တဲ့အတွက် PPST အဖွဲ့ဝင်များအနေနဲ့ လေးလေးနက်နက်စဉ်းစားပြီး အကျေအလည် ညှိနှိုင်းဆွေးနွေးကြဖို့၊ NCA လက်မှတ်ရေးထိုးထားကြတဲ့ EAOs တွေအကြားမှာ ဒီအထူးအစည်းအဝေးကနေ ဘုံသဘောထားရယူဖို့ ဆန္ဒရှိတယ်ဆိုတာကိုလည်း ပြောကြား လိုပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဆိုသည်။
ထို့ပြင် လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ ရောက်ရှိနေသည့် NCA အကောင်အထည်ဖော်မှု လမ်းကြောင်းသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မူလရည်မှန်းထားသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်အပြည့်အဝရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုရောက်ရှိစေမည့် လမ်းကြောင်းမှ သွေဖည်သွားပြီဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။
“လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ ရောက်ရှိနေတဲ့ NCA အကောင်အထည်ဖော်မှု လမ်းကြောင်းဟာ မူလက ကျွန်တော်တို့ ရည်မှန်းထားတဲ့ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ၊ အာမခံချက်တွေ အပြည့်အဝရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို ရောက်ရှိစေမယ့် လမ်းကြောင်းကနေ သွေဖည်သွားပြီဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။
ယင်းကိစ္စကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်၍ ပြန်လည်တည့်မတ်ရန် အထူးလိုအပ်နေပြီး အကယ်၍ လမ်းကြောင်း အပြောင်းအလဲဖြစ်ရန် လိုအပ်လာပြီဆိုပါက NCA ပေးထားချက်များနှင့် သွေဖည်ခြင်း မရှိစေဘဲ အားလုံးအကြားတွင် အကျေအလည်ညှိနှိုင်းဆွေးနွေး ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုသို့ တည့်မတ်ရန် ရည်ရွယ်ချက်ဖြင့် KNUနှင့် RCSS ဥက္ကဋ္ဌ နှစ်ဦးမှ ဆွေးနွေးရမည့် အချက်သုံးချက်ပါရှိသော စာတစ်စောင်ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၁ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ထံ ပေးပို့ခဲ့သည်။
အဆိုပါစာတွင် ပါရှိသည့် အချက်သုံးချက်နှင့်ပတ်သက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အကြား ဘုံသဘောထား ရယူပြီး မည်သို့ရှေ့ဆက်သွားမည်ကို PPST အထူးအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
“လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေတဲ့ အနေအထားကနေ အပေါင်းလက္ခဏာဆောင်ပြီး ပိုမိုကောင်းမွန်တဲ့အရွေ့တစ်ခုကို ဖန်တီးနိုင်ဖို့ လိုအပ်နေတယ်လို့လည်း ကျွန်တော်တို့ KNUနဲ့ RCSS တို့က ရှုမြင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ကြားမှာ အကျေအလည် ညှိနှိုင်းဆွေးနွေးနိုင်မယ့် အထူးအစည်းအဝေး (Extra-ordinary Meeting) တစ်ရပ်လိုအပ်နေပြီဖြစ်လို့ အခုလို ခေါ်ယူတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဆိုသည်။
NCA လက်မှတ်ရေးထိုးထားသည်မှာ သုံးနှစ်ကျော် လေးနှစ်နီးပါး အချိန်ကာလတစ်ခုကို ဖြတ် သန်းလာခဲ့ပြီဖြစ်သော်လည်း ရလဒ်ကို ကြည့်မည်ဆိုပါက လောက်လောက်လားလား ဖြစ်သည့် ရလဒ်မျိုး မရရှိသေးကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရွက်စစ်က သုံး သပ်သည်။
“ရှေ့လုပ်ငန်းစဉ်ကို ဆောင် ရွက်ဖို့နေရာမှာ အချက်သုံးချက်ကို အဓိကထားပြီး ပြောပြလိုပါတယ်။ (၁) အချက်ကတော့ ကျွန်တော်တို့ ယုံကြည်မှုတည်ဆောက်တဲ့ကိစ္စ၊ အရမ်းကို အရေးကြီးတယ်။ ယုံ ကြည်မှုတည်ဆောက်တယ် ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ PPSTနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ကြားတင်မဟုတ်ဘဲ ဆွေးနွေး ဖော် ဆွေးနွေးဖက်ဖြစ်တဲ့ အစိုးရ၊ တပ်မတော်နဲ့လည်း ယုံကြည်မှု တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက် သွားဖို့လိုအပ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီး ရွက်စစ်က ပြောကြားသည်။
လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့နေသည့် ကိစ္စမှာ ခွဲမထွက်ရကိစ္စနှင့် တစ်ခုတည်း သောတပ်မတော်ကိစ္စဖြစ်ပြီး ယင်းကိစ္စများကို ဆွေးနွေးမည်ဆိုပါက တရားဝင် ဆွေးနွေးခြင်းထက် အလွတ်သဘောနည်းဖြင့် တွေ့ဆုံဆွေးနွေးခြင်းက သင့်လျော်ကြောင်း ဗိုလ်ချုပ်ကြီး ရွက်စစ်က ဆိုသည်။
“ဘာကြောင့် တစ်ဆို့ရလဲဆိုတာ အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ မခွဲထွက်ရကိစ္စနဲ့ တစ်ခုတည်း သောတပ်မတော် ဆိုတဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်။ အမှန်ဆိုရင် ခွဲမထွက် ရ ဆိုတဲ့ကိစ္စက ကျွန်တော်တို့ NCA မှာ မပါဘူး။ ၂၀၀၈ ထဲမှာပဲ ပါတာ ဖြစ်တယ်။ ဒီတစ်ခုတည်းသော တပ်မတော် ဆိုတဲ့ကိစ္စကလည်း လုံခြုံ ရေးကဏ္ဍရဲ့ ခေါင်းစဉ်အောက်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စကို ဆွေးနွေးတယ်ဆိုတဲ့ နေရာမှာ တရားဝင် အစည်းအဝေးပွဲတွေ ကတစ်ဆင့် ဆွေးနွေးတာထက်ကို အလွတ်သဘောနည်းနဲ့ တွေ့ဆုံ ဆွေးနွေးရင် အဆင်ပြေတယ်လို့ မြင်ပါတယ်။ တရားဝင်အစည်းအဝေးမှာကျတော့ ကိုယ့် Position ကိုယ့်ရပ်တည်ချက်ကို အသေကိုင်ပြီး ဆွေးနွေးတော့ ဘယ်လိုမှ ညှိလို့ မရနိုင်တဲ့ အနေအထားဖြစ်တယ်။ ဒါကြောင့်မို့လို့ အလွတ်သဘောကနေတစ်ဆင့်ပဲ ဒီကိစ္စကို ဆွေးနွေးဖို့ သင့်တယ်”ဟု ၎င်းက ပြောကြားသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ် ၅ ရက်မှ ၇ ရက်အထိ ပြုလုပ်ခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အထူးအစည်းအဝေး ပြီးဆုံးချိန်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်ထဲတွင် PPST စုဖွဲ့မှုနှင့် NCA စာချုပ် အခြေခံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး အတွက် ယခုနှစ် မေလတွင် NCA-S EAO ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတစ်ရပ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ KNU နှင့် RCSS တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ကိုယ်စားလှယ်များလွှဲပြောင်းမှုကို အစည်းအဝေးက လက်ခံခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၁ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ KNU နှင့် RCSS က ပေးပို့ခဲ့သော ပေးစာတွင်ပါရှိသည့် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် NCA စာချုပ်ကို တည့်မတ်စွာ အကောင်အထည်ဖော်နိုင်ရေးဆိုင်ရာ အဆိုပြုချက်များကို ဆွေးနွေးရန်အတွက် အလုပ်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း၊ ယနေ့ ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အခြေအနေတွင် အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု လမ်းပြမြေပုံ ချမှတ်နိုင်ရေးအတွက် NCA-S EAO အဖွဲ့အစည်းအနေဖြင့် သက်ဆိုင်ရာ အစိုးရ၊ တပ်မတော် တာဝန်ရှိသူများနှင့်လည်းကောင်း၊ NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် အခြားသော EAO အဖွဲ့အစည်းများနှင့်လည်းကောင်း အတူတကွ ညှိနှိုင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည့် အချက်များ အပါအဝင် အချက်ရှစ်ချက် ပါရှိသည်။
အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သုံးပွင့်ဆိုင်လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် နေပြည်တော် ထိပ်သီး အစည်းအဝေးပြီးဆုံးချိန်တွင် တစ်ဆို့မှုများ ရှိခဲ့ပြီး ရပ်တန့်နေခဲ့သည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်စစ် သုံးသပ်ထားသည့်အတိုင်း ခွဲမထွက်ရေးနှင့် တစ်ခုတည်းသော တပ်မတော်ကိစ္စရပ်များတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သည် ရှေ့သို့ လှမ်းနိုင်ခြင်းမရှိဘဲ ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။
၂၀၁၈ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ထိပ်သီးအစည်း အဝေးတွင် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ ခေါင်း ဆောင်များအကြား ခွဲမထွက်ရေး နှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိခဲ့သည်။
ယင်းနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားရာ၌ မိမိတို့အကြား လိပ်ခဲတည်းလည်းဖြစ်နေသည့် အကြောင်းအရာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရေးကိစ္စပင် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“ဒီကနေ့ ကျွန်မတို့ ပြည်ထောင်စုရဲ့ ပကတိတည်ရှိမှုကို လက်ခံထားရင် ခွဲမထွက်ရေးက ပြဿနာ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေ အစဉ်တစိုက် တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်ပြီး ခိုင်ခိုင်မာမာ အကောင်အထည်ဖော်သွားမယ်ဆိုတာကိုလည်း ကျွန်မတို့အနေနဲ့ အကြိမ်ကြိမ်ပြောခဲ့ပြီး ဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးတွင် ခွဲမထွက်ရေး ဆိုတဲ့အချက်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည် နယ်တွေရဲ့ ကိုယ်ပိုင်အခြေခံဥပဒေ ရေးဆွဲရေး စတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သဘောတူညီချက် ရရှိထားပြီးမှ ချန်လှပ်ခဲ့ရတာဖြစ်ပါတယ်။ ဒီနေရာမှာ ခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်တဲ့၊ ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စုကြီး ဖြစ်လာအောင် အားလုံးလက်တွဲ ပူးပေါင်းပြီး အကောင်အထည် ဖော်ဖို့ကလည်း အင်မတန် အရေးကြီးတယ်ဆိုတာကို ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။
သို့သော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ခွဲမထွက်ရဟူ သော တားမြစ်ချက်ကို ထည့်သွင်းရခြင်းသည် ရေရှည်အတွက် အာမခံချက်ပြည့်ဝပြီး ယုံကြည်စေရန် နှင့် တစ်ဦးနှင့် တစ်ဦး သံသယကင်းစွာဖြင့် ထာဝရ အတူတကွ လက်တွဲ လုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“ခွဲမထွက်ရဆိုတဲ့ သဘောတူညီချက်ကို ထည့်သင့်၊ မထည့်သင့် အငြင်းပွားနေစရာ မလိုပါဘူး။ NCA ရဲ့ အခြေခံမူ၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေရဲ့ အခြေခံမူတွေရဲ့ သဘောတူညီချက်ဖြစ်ကြောင်း ကျွန်တော် ပြောလိုပါတယ်။ ဥပဒေ စည်းမျဉ်းစည်းကမ်းဆိုတာ တိုက်တွန်းချက်၊ တားမြစ်ချက်လို့လည်း အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ ခွဲမထွက်ရဆိုတဲ့ တားမြစ်ချက်ကို ထည့်သွင်းရခြင်းဟာ အချို့အဖွဲ့ အစည်းများပြောသလို တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အပေါ် မယုံကြည်လို့ မဟုတ်ပါဘူး။ ရေရှည်အတွက် အာမခံချက် ပြည့်စေဖို့၊ ယုံကြည်ချင်လို့၊ တစ်ဦးနဲ့ တစ်ဦး သံသယကင်းကင်းနဲ့ ထာဝရ အတူတကွ လက်တွဲပြီး လုပ်တာဖြစ်ကြောင်း ကျွန်တော် ပြောကြားလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။
ထိုသို့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အဓိကတစ်ဆို့မှုဖြစ် သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲ မထွက်ရေးဆိုသည့် အမြင်အပေါ်တွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများအကြား အမြင်ကွာဟချက်များ ရှိနေပြီး အဆိုပါကိစ္စကို လက်တွေ့ ကျကျ ရင်ဆိုင်ဖြေရှင်းရန် လိုအပ်နေသည်ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။
“ဖက်ဒရယ်မူကို ရှာဖွေတဲ့နေရာမှာ ခွဲထွက်ရေး၊ ခွဲမထွက်ရေး ဆိုတဲ့ကိစ္စမျိုးနဲ့ ဆက်စပ်ထားစရာ မလိုပါဘူး။ စိုးရိမ်စိတ်ရှိမယ်ဆိုရင်လည်း ကျွန်တော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ ဘယ်လိုမျိုး အခွင့်အရေးလဲဆိုတာကို တင်ပြချင်ပါတယ်။ ကျွန်တော်တို့ တောင်းဆိုတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် က ပြည်ထောင်စုတစ်ခုအတွင်းမှာရှိတဲ့ ပြည်နယ်များက ကျင့်သုံးရမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မျိုး ဖြစ်တယ်။ ဒါကို ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ ပြဋ္ဌာန်းခြင်းဖြင့် ကျင့်သုံးရမှာဖြစ်တယ်။ ကျွန်တော်တို့ တောင်းဆိုနေတဲ့ ပြည်နယ်ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုတာ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းချက်နဲ့ သဟဇာတရှိရှိ ရေးဆွဲပြဋ္ဌာန်းရမှာဖြစ်ပြီး တစ်ဆက်တည်းမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှု များကို ဖြေရှင်းနိုင်တဲ့ ယန္တရားလည်း ပါရှိနေမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။
ထိပ်သီးခေါင်းဆောင်များ သီးသန့်ဆွေးနွေးပွဲတွင် ခွဲမထွက်ရေးနှင့် ပတ်သက်၍ သဘောထား အယူအဆ မတူညီမှုများရှိခဲ့သော်လည်း ဆွေးနွေးပွဲပြီးတွင်မူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တုံ့ဆိုင်းမှုကို ဖြစ်ပေါ်စေသော ပြည်ထောင်စုမှ ခွဲမထွက်ရနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာကိစ္စနှင့် ပတ်သက်ပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်ခံသည့် ပုံစံဖြင့် ပြည်ထောင်စုသဘောတူစာချုပ်၌ ဖော်ပြရန် သဘောတူညီမှုရရှိခဲ့ကြောင်း NCA-S EAO အဖွဲ့ခေါင်းဆောင်များက ပြောသည်။
“ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကိစ္စ အထူးသဖြင့် ခွဲ မထွက်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အချိန်တော်တော်ကြာ ဆွေးနွေးတယ်။ ဆွေးနွေးတဲ့ အခါကျတော့ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တော်တော်များများက တင်ပြတာက ကျွန်တော်တို့ခေါင်းဆောင်တွေ တင်ပြတာပေါ့။ ကျွန်တော်တို့ဘက်က တင်ပြတာက ဒီကိစ္စက အင်မတန်မှ အရေးကြီးတဲ့ ကိစ္စဖြစ်တယ်။ ထို့အတွက်ကြောင့် ကျွန်တော်တို့အချိန်ယူပြီး ဆွေးနွေးဖို့လိုတယ်။ ပြီးတော့ ဒီ ၁၀ ဖွဲ့ပဲ ရှိတဲ့ အပေါ်မှာ တစ်နိုင်ငံလုံး ကိစ္စမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီ ၁၀ ဖွဲ့လောက်ပဲ ဆုံးဖြတ်တာမျိုးမဟုတ် ဘဲနဲ့ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေနဲ့ ကျွန်တော်တို့ တိုင်ပင်ဖို့ အချိန်ခဏပေးပါဆိုပြီးတော့ ကျွန်တော်တို့က မေတ္တာရပ်ခံတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။
ခွဲမထွက်ရေးကိစ္စ ပြေလည်မှုမရ၍ ၂၀၁၇ မေက ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး၌ ခွဲမထွက်ရေးဆိုသည့် အချက်နှင့် တိုက်ရိုက်ဆက် စပ်နေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်များ၏ ကိုယ်ပိုင်အခြေခံဥပဒေ ရေးဆွဲရေးစသည့် ကိစ္စများသည် သဘောတူညီချက်ရပြီးမှ ချန်လှပ်ခဲ့ရသည်။
အစိုးရ၊ တပ်မတော်နှင့် NCA ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များအကြားတွင် ခွဲမထွက်ရေးမူနှင့် ပတ်သက်၍ သဘောထားအမြင် အမျိုးမျိုး ကွဲလွဲနေသော်လည်း NCA စာချုပ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ခွဲမထွက်ရေးအတွက် ပြဋ္ဌာန်းချက်များက ရှိနေသည်။
ခွဲထွက်ခွင့်ကို ကန့်သတ်ထားသော အချက်ပါဝင်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) အခန်း (၁)၊ အခြေခံမူများ၊ အပိုဒ် ၁ (က)တွင် “ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှ မှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်” ဟု ပါရှိသည်။
ထို့ပြင် ခွဲမထွက်ရေးနှင့်ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၁၀)တွင် “နိုင်ငံတော် တွင်ပါဝင်သည့် တိုင်းဒေသကြီး များ၊ ပြည်နယ်များ၊ ပြည်ထောင်စု နယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ စသည့် နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ”ဟူ၍ ပြဋ္ဌာန်းထားသည်။
အစိုးရအနေဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ခွဲမထွက်နိုင်လောက်သည့် အာမခံ ချက်ပေးနိုင်ပါက ခွဲထွက်ရန်အကြောင်း မရှိဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
“ခေါင်းဆောင် သုံးဦးပြောတဲ့အခါ ချဉ်းကပ်မှုက နည်းနည်းတော့ ကွဲလွဲကြတယ်။ ကျွန်တော်တို့ KNUအနေနဲ့ မြင်တာကတော့ ခွဲထွက်ခြင်း၊ မခွဲထွက်ခြင်းဆိုတာမှာ ခွဲထွက်တယ်ဆိုတာက တိုင်းရင်းသားတွေက သူတို့ရဲ့ အမျိုးသား အခွင့်အရေးတွေ အပြည့်အဝ အာမခံချက်မရှိလို့ သူတို့ ခွဲထွက်ချင်တာပဲ။ ပြည်ထောင်စုကြီးထဲမှာ ကျွန်တော်တို့နေတာ အကုန်လုံးက ပြည်ထောင်စု မြန်မာနိုင်ငံသားတွေပဲ။ ဒီတိုင်းပြည်မှာနေရင် ကောင်းတူဆိုးဖက်က အကုန်လုံးမှာ တာဝန်ရှိတယ်။ အဲဒီလို တာဝန်ရှိတဲ့ အခါကျတော့ တိုင်းရင်းသား တွေ အကုန်လုံး ဘယ်တိုင်းရင်းသားမဆို သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ပြည့်ပြည့်ဝဝရမယ်။ အာမခံချက်တွေလည်း ပေးမယ်။ ဖော်ဆောင်ပေးမယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ခွဲထွက်စရာ ဘာအကြောင်းမှ မရှိဘူး”ဟု ပဒိုမန်းငြိမ်းမောင်က ဆိုသည်။
နေပြည်တော် ရွှေစံအိမ်ဟိုတယ်တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှ ၁၆ ရက် အထိ နှစ်ရက်ကြာ အစိုးရ၊ တပ်မတော်နှင့် NCA-S EAO ခေါင်းဆောင်များက သီးသန့်အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် သဘောတူညီချက်များ ချမှတ်ခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေး၏ ထုတ်ပြန် ကြေ ညာချက်ပါ၂၀၂၀ ပြည့်နှစ်မတိုင်မီ ကျင်းပရန် မျှော်မှန်းထားသည့် ညီလာခံသုံးကြိမ်တွင် အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေးအတွက် လိုအပ်သည့် အချိန် ဇယားနှင့် ဦးစားပေးလုပ်ငန်းစဉ် များကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံရေး ဆွေးနွေးပွဲများတွင် သဘောတူညီမှုရရှိရန် လိုအပ်နေသည့် ကိစ္စရပ်များကို ဖြေ ရှင်းကျော်လွှားနိုင်ရေး၊ လက်ရှိ နိုင်ငံရေး ဆွေးနွေးမှုပုံစံကို ပိုမို ရှင်းလင်း လွယ်ကူအောင်ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခေါင်းဆောင်များအကြား သဘောတူညီချက်များ ရယူပြီး ယင်းသဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ NCA အခန်း(၅)၊ နိုင်ငံရေးလမ်းပြမြေပုံ ချမှတ်ခြင်း အပိုဒ် ၂၀ (ဂ) ပါ လုုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း ကိစ္စ ရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆွေးနွေးမှုများ စတင်ပြုလုပ်ရေး၊ NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအားလုံး ပါဝင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရာတွင် NCA ပါ သဘောတူညီချက်များ အတိုင်း ဆက်လက်ဆွေးနွေးညှိနှိုင်းဆောင် ရွက်ရေးစသည့် အချက်များကိုလည်း သဘောတူညီမှု ရရှိခဲ့သည်။
အစိုးရ၊ တပ်မတော်နှင့် NCA- S EAO ခေါင်းဆောင်များ၏ သီးသန့်အစည်းဝေးတွင် တစ်ခုတည်းသော တပ်မတော်ကိစ္စကို တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ အပြည့်အဝလက်ခံလိုက်ကြောင်း ချင်းအမျိုးသားတပ်ဦးမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။
“တစ်ခုတည်းသော တပ်မတော်ကိစ္စကို ကျွန်တော်တို့ တိုင်း ရင်းသားလက်နက်ကိုင် တောင်လှန်ရေး အဖွဲ့အစည်းဘက်က တိုင်းပြည်တစ်ခုမှာ တစ်ခုတည်းသော တပ်မတော်ရှိရမယ်ဆိုတဲ့ ဟာ ကျွန်တော်တို့ အပြည့်အဝ လက်ခံလိုက်တယ်။ သို့သော် အဲဒီတပ်မတော်ကို ဘယ်လိုပုံစံမျိုး တပ်မတော်ဖြစ်စေရမလဲ။ ဘယ်လို ပုံစံမျိုးနဲ့ ကျွန်တော်တို့ ဆက်ပြီးတော့ လုပ်ရမယ်ဆိုတဲ့ အပိုင်းကျ တော့ ကျွန်တော်တို့ ဆက်လက်ညှိ နှိုင်းမယ်။ အဲဒီတပ်မတော်တော့ တစ်ခုတည်းသော တပ်မတော်ရဲ့ ဖွဲ့စည်းပုံတို့၊ အလုပ်လုပ်ရမယ့် ပုံစံတို့ ဆက်ဆွေးနွေးမယ်ဆိုပြီးတော့ ကျွန်တော်တို့ သဘောတူလိုက်တယ်” ဟု ဒေါက်တာဆလိုင်းလျန် မှုန်းဆာခေါင်းက ပြောကြားသည်။
ဖက်ဒရယ်တည်ဆောက်ရေးအတွက် အရေးကြီးလှသော အမျိုးတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံ ဒေသန္တအုပ်ချုပ်ရေး၊ သဘာဝသယံဇာတ စီမံခန့်ခွဲရေးနှင့် ခွဲဝေရေးဆိုင်ရာ၊ ဖက်ဒရယ် ဘဏ္ဍာရေး ခွဲဝေသုံးစွဲမှုဆိုင်ရာ အခြေခံမူများ စသည့်အခြေခံအချက်များ ပေါ်တွင် ဆွေးနွေးခြင်းမရှိသေးဘဲ ဖက်ဒရယ်အခြေခံမူများကို အားသွန် ခွန်စိုက်ဆွေးနွေးညှိနှိုင်းရမည့် အစား ဖက်ဒရယ်မူနှင့် မသက်ဆိုင်သည့် ပြည်ထောင်စုမှ ခွဲထွက်ခွင့်၊ ခွဲမထွက်ခွင့်တို့ဖြင့်သာ အချိန်ကုန်နေသည်ဟု တိုင်းရင်းသားများက ရှုမြင်ကြသည်။
NLD အစိုးရလက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် သဘောတူညီချက် ၃၇ ချက်၊ တတိယအစည်းအဝေးတွင် သဘောတူညီချက် ၁၄ ချက် စုစုပေါင်း ၅၁ ချက်ကို ပြည်ထောင်စု သဘောတူညီချက်အဖြစ် ရရှိခဲ့သော်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူများကို ဆွေးနွေး ချမှတ်နိုင်ခြင်းမရှိသည့်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများက ဘဝင်မကျစရာ ဖြစ်ခဲ့ရသည်။
ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ ညီလာခံအစည်းအဝေးကို သုံးကြိမ်အထိ ကျင်းပပြီးသော်လည်း ပြည်နယ်များ၏ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခွင့်၊ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့် တိုက်ရိုက်ဆိုင်သည့် ကိစ္စရပ်များ၊ တပ်ပိုင်းဆိုင်ရာကိစ္စများသည် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြားတွင် ဆက်လက် ညှိနှိုင်းရန် တစ်ဆို့နေသည်။
“တကယ်တမ်း ဒါက ဒုတိယအကြိမ်နဲ့ တတိယအကြိမ် ညီလာခံမှာ ကိစ္စကြောင့် တတိယအကြိမ် ညီလာခံမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြဿနာ၊ တိုင်းရင်းသားတန်းတူရေး ပြဿနာတွေ ဆွေးနွေးလို့ မရတာပေါ့။ ကျွန်တော့် အမြင်ကတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လိုအပ်တယ်။ အခုကစပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားမှ ဖြစ်မယ်”ဟု နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက မှတ်ချက်ပြုသည်။
ထိုသို့သောအခြေအနေများကြောင့် ၂၀၁၉ မတ် ၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသည့် PPSTအထူးအစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက လက်ရှိ နိုင်ငံရေး အခင်းအကျင်း အရ NCA အကောင်အထည်ဖော်မှု လမ်းကြောင်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မူလရည်မှန်းထားသည့် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု ရောက်ရှိစေမည့် လမ်းကြောင်းမှ သွေဖည်သွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးကမူ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မည်သို့ ရှေ့ဆက်သွားသင့်သည်ကို အစိုးရ ၊ တပ်မတော်တို့နှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
“ KNUအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကနေ ကျွန်တော်တို့ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ တစိုက်မတ်မတ် လုပ်နေတယ်။ အဲဒီတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ၂၀၂၀ မှာ ပြီးဆုံးဖို့ မဖြစ်နိုင်ဘဲ ရှေ့ဘယ်လို ဆက်သွားသင့်သလဲဆိုတာကိုလည်း အစိုးရ၊ တပ်မတော်တို့နဲ့ ကျွန်တော်တို့ ညှိနှိုင်းသွားဖို့ရှိတယ်။ ၂၀၂၀ ကနေ ရှေ့ဆက်သွားနိုင်ဖို့ သေချာအောင် လုပ်ဖို့လိုတယ်။ EAOs တွေကြားမှာလည်း ဘုံရပ်တည်ချက်တွေ ရရှိဖို့ ကြိုးစားသွားမယ်။ ဖက်ဒရယ် ပြည်ထောင်စုကို ရေတို၊ ရေလတ်၊ ရေရှည် Approach နဲ့ သွားမလဲဆိုတဲ့ Proposal နဲ့လည်း အစိုးရ၊ တပ်မတော်တို့နဲ့ ဆွေးနွေးသွားမယ်” ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။
ထို့ပြင် PPST သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုကို မည်သို့သွားကြမည်ဆိုသည်ကို ထိန်းကျောင်း ပဲ့ကိုင်ပေးရန်ဖြစ်သော်လည်း ညှိနှိုင်းဆွေးနွေးရန် အားနည်းခဲ့သည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လမ်းချော်စေသည့် အချက်တစ်ချက် အဖြစ်ရှုမြင်ကြောင်း ၎င်းကဆိုသည်။
“ PPST မှာ ဖက်ဒရယ်ကို သွားမယ်ဆိုတဲ့ ရည်မှန်းချက်တူပေမယ့် ချဉ်းကပ်မှုက မတူကြဘူး။ အကျေအလည် ညှိနှိုင်းဖို့ လိုလာတယ်။ အချိန်လိုတယ်။ ကျွန်တော်တို့ မြင်တာ ကတော့ လက်ရှိ NCA အရ ဖက်ဒရယ်ကို သွားမယ့်လမ်းက လမ်းကြောင်းတိမ်း စောင်းသွားပြီလို့ သုံးသပ်တယ်” ဟု ပဒိုစောတာဒိုမူးက ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)အနေဖြင့် PPST အစည်းအဝေးအပြီးတွင် ငြိမ်းချမ်းရေးကော်မရှင်မှ ကိုယ်စားလှယ်များ နှင့်ချင်းမိုင်၌ မတ် ၈ ရက်က အလွတ်သဘော သီးသန့်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် မတ် ၉ ရက်ကလည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်၌ပင် ငြိမ်းချမ်းရေးကော်မရှင်မှ ကိုယ်စားလှယ်များနှင့် NCA-S EAO ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။
ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) ဦးဆောင်သော ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့ နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ အလွတ် သဘောတွေ့ဆုံဆွေးနွေးရာတွင် လက်ရှိရင်ဆိုင်နေရသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေမှုအား မည်သို့အဆင်ပြေအောင် ဆောင်ရွက်ကြမည်ကို အဓိကနည်းလမ်းရှာခဲ့သည်ဟု ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုသည်။
“ဒီဘက်က ဖြစ်ချင်နေတဲ့ အနေအထားနဲ့ ဟိုဘက်က ဖြစ်ချင်နေတဲ့ အနေအထားတွေက တော်တော်ကို နီးစပ်တယ်လို့ ပြောလို့ရတယ်။ကောင်းမွန်တဲ့ အနေအထားလို့ ပြောလို့ရပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။
လက်ရှိအချိန်တွင် KNU သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းထားပြီး RCSS မှာမူ ရှမ်းပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (RCSS) အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းထားသည်။
KNUနှင့်RCSS တို့ ယာယီ ရပ်ဆိုင်းထားသော အစည်းအဝေးများ ပြန်လည်တက်ရောက်ရေးနှင့် ပတ်သက်၍ မေလတွင် ပြုလုပ်မည့် NCA ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ညီလာခံမှသာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လိုချင်ကြသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝအာခံချက်ပေးသည့် ဖက်ဒရယ်ပြည်ထောင်စု အိပ်မက်နှင့် သွေဖည်သွားပြီဟု တိုင်းရင်းသားများက သုံးသပ်လျက်ရှိကြသည်။
ဖက်ဒရယ်ပြည်ထောင်စုမှ NCA လမ်းကြောင်း သွေဖည်မသွားစေရန် အစိုးရ၊ တပ်မတော်နှင့် NCA-S EAO တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ အနေဖြင့် စဉ်ဆက်မပြတ် ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေး အဖြေရှာမှသာလျှင် ဖြေရှင်းနိုင်ဖွယ်ရှိနေသည်။
“ရပ်တန့်နေရတာက အစိုးရရော၊ တပ်ရော၊ EAO ရော အားလုံးနဲ့ ဆိုင်တယ်။ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူကြဘူး။ အမြင်မတူတာမှာ ကိုယ့်အမြင်ကိုယ့်ရှုထောင့်တွေကို စွဲကိုင်ထားလို့ မရဘူး။ တည့်မတ်မယ်ဆိုလို့ရှိရင်လည်း ပွင့်ပွင့်လင်းလင်းနဲ့ တည့်မတ်အောင် ကြိုးစားရမှာ”ဟု ရခိုင် လွတ်မြောက်ရေးပါတီ (ALP ) မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက သုံးသပ်သည်။