နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးတွင် နိုင်ငံသားများ၊ နိုင်ငံစီးပွားရေးနှင့် အင်စတီကျူးရှင်းများ၏ လုံခြုံရေးတို့ပါဝင်ပြီး နိုင်ငံတော်လုံခြုံရေးကို အစိုးရ၏ တာဝန်အဖြစ် သတ်မှတ်ထားသည်။ မူလက နိုင်ငံတော်လုံခြုံရေးကို စစ်ရေးတိုက်ခိုက်မှုများမှ ကာကွယ်ရန်ဟု မှတ်ယူခဲ့ကြသော်လည်း ယခုအခါ အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုတို့မှ လုံခြုံရေး၊ စီးပွားရေးဆိုင်ရာ လုံခြုံရေး၊ စွမ်းအင်လုံခြုံရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံရေး၊ စားနပ်ရိက္ခာ လုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး အစရှိသည်တို့ အပါအဝင် စစ်ရေး မဟုတ်သည့် ဒိုင်မေးရှင်းများသို့ပါ ကျယ်ပြန့်လာကြောင်း နားလည်လာကြသည်။ အလားတူပင် နိုင်ငံတော်လုံခြုံရေး အန္တရာယ်များထဲ၌ အခြားနိုင်ငံများ၏ လုပ်ဆောင်ချက်များအပြင် နိုင်ငံ မဟုတ်သော အကြမ်းဖက်လုပ်ဆောင်မှုများ၊ မူးယစ်ဆေးဂိုဏ်းများ၏ လုပ်ဆောင်မှုများနှင့် နိုင်ငံပေါင်းစုံ ပါဝင်သော အဖွဲ့များ၏ လုပ်ဆောင်မှုများသာမက သဘာဝဘေးအန္တရာယ်တို့၏ သက်ရောက်မှုများကိုပါ ထည့်သွင်းထားသည်။
အစိုးရအဖွဲ့များသည် နိုင်ငံရေးပါ၀ါ၊ စီးပွားရေးပါ၀ါနှင့် စစ်ရေးပါ၀ါတို့အပါအဝင် သံတမန်ရေးပါ၀ါကိုပါ နိုင်ငံတော်လုံခြုံရေးကို ထိန်းသိမ်းရန် နည်းလမ်းများအဖြစ် အားပြုလာရသည်။ အစိုးရအဖွဲ့များသည် လုံခြုံရေးအခြေအနေရပ်များကို ဒေသအလိုက်နှင့် နိုင်ငံတကာအရ တည်ဆောက်ရာတွင် မလုံခြုံမှုကိုဖြစ်စေသည့် အကြောင်းခြင်းရာများကို လျှော့ချရန်လည်း ကြိုးပမ်းကြရသည်။ ဥပမာအားဖြင့် ရာသီဥတုဖောက်ပြန်ခြင်း၊ စီးပွားရေးမညီမျှခြင်း၊ နိုင်ငံရေးအရ ဖယ်ထုတ်ခံထားရခြင်းနှင့် နျူကလီးယား ပြန့်ပွားခြင်းတို့ ပါဝင်သည်။ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်သော သဘောတရားများသည် ကွဲပြားခြားနားလျက်ရှိပြီး စစ်ရေးခြိမ်းခြောက်မှုမှ လွတ်မြောက်ခြင်းနှင့် နိုင်ငံရေးအရ အကျပ်ကိုင်ခြင်းဟူသည့် ရိုးရှင်းသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များမှသည် အဆင့်ဆင့် ကျယ်ပြန့်၍လာသည်။ နိုင်ငံတော်လုံခြုံရေးဟူသည် စစ်ရေးသက်သက်မဟုတ်ဘဲ စစ်ရေးနှင့်မဆိုင်သည့် အကြောင်းခြင်းရာများပါ သက်ဝင်လာပုံကို သိသာစေရန် အဓိပ္ပာယ်ဖွင့်ဆိုချက်အချို့ကို တင်ပြလိုပါသည်။
နိုင်ငံတစ်နိုင်ငံသည် စစ်ပွဲကိုရှောင်ရှားရန် ၎င်း၏ တရားဝင်ဖြစ်မှု အကျိုးစီးပွားကို စတေးရန် မလိုသည့်အခါ၊ စိန်ခေါ်မှုများ ဖြစ်ပေါ်ပါက နိုင်ငံ၏ တရားဝင်ဖြစ်မှု အကျိုးစီးပွားကို စစ်ပွဲဖြင့် ထိန်းသိမ်းနိုင်စွမ်းရှိသည့်အခါ ယင်း၌ နိုင်ငံတော်လုံခြုံရေးရှိသည်ဟု ဆိုနိုင်သည်။ (ဝေါလ်တာလစ်ပမန်၊ ၁၉၄၃)။ နိုင်ငံတော်လုံခြုံရေးနှင့်ပတ်သက်၍ သိသာထင်ရှားသော အဓိပ္ပာယ်မှာ ပြည်ပအာဏာသက်ရောက်မှုမှ လွတ်မြောက်ခြင်းဖြစ်သည်။ (ဟာရိုးလက်စ်ဝဲ၊ ၁၉၅၀)။ နိုင်ငံတော်လုံခြုံရေး၏ ဓမ္မဓိဋ္ဌာန်ကျသည့် အဓိပ္ပာယ်မှာ ရရှိထားသည့် စံတန်ဖိုးများအား ခြိမ်းခြောက်ခံရခြင်းမှ လွတ်မြောက်ခြင်းဖြစ်ပြီး ပုဂ္ဂလဓိဋ္ဌာန်ကျသည့် အဓိပ္ပာယ်မှာ ယင်းစံတန်ဖိုးများ တိုက်ခိုက်ခံရမည်ကို ကြောက်ရွံ့ရခြင်းမှ လွတ်ကင်းမှုဖြစ်သည်။ (အာနိုးဝုဖာ၊ ၁၉၆၀)။ နိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာ ခိုင်မြဲမှုနှင့် ပိုင်နက်ကို ထိန်းသိမ်းရန်၊ ကျိုးကြောင်းဆီလျော်သည့် နည်းလမ်းများအားဖြင့် ကမ္ဘာ၏ ကျန်အစိတ် အပိုင်းနှင့် စီးပွားရေးဆက်ဆံမှုကို ထိန်းသိမ်းရန်၊ ပြင်ပနှောင့်ယှက်မှုများမှနေ၍ နိုင်ငံ၏ သဘာဝ၊ အင်စတီကျူးရှင်းနှင့် အုပ်စိုးမှုကို ထိန်းသိမ်းရန်နှင့် နိုင်ငံနယ်စပ်များကို ထိန်းချုပ်ရန်တို့သည် နိုင်ငံတော်၏ လုံခြုံရေးဖြစ်သည်။ (အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟာရိုးဘရောင်း၊ ၁၉၇၇-၁၉၈၁)။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်၊ ကြွယ်ဝမှုနှင့် ဖူလုံမှုတို့ ရရှိရန် သက်ဆိုင်ရာ လူ့အသိုင်းအဝိုင်းမှ ပြည်သူများ၏ ထင်မြင်မှုက ယုံကြည်သော ပြည်တွင်း နှင့် ပြည်ပအခြေအနေရပ်များအား ထိန်းချုပ်နိုင်စွမ်းရှိခြင်းကို နိုင်ငံတော်၏ လုံခြုံရေးဟု ခေါ်သည်။ (ချားမေယာ၊ ၁၉၉၀)။
မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးသည် ယင်းနိုင်ငံအစိုးရ၏ အဓိက တာဝန်တစ်ရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(မတ်လ ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)