လွန်ခဲ့တဲ့ တစ်နှစ်ခွဲ ဒါမှမဟုတ် နှစ်နှစ်၊ သုံးနှစ်လည်း ဖြစ်ချင်ဖြစ်လိမ့်မယ်ထင်တယ်။ အဲဒီတုန်းက တစ်ရက်မှာ ကျွန်တော်ဟာ အခု ခါမှာ ဘယ်လိုစဉ်းစား စဉ်းစား ရှိနေခဲ့တာ ကလွဲလို့ တခြားဘာကိုမှ မမှတ်မိနိုင်တော့တဲ့ ပွဲအခမ်းအနားတစ်ခုထဲကို ရောက်နေခဲ့ဖူး တယ်။ ဘာအထိမ်းအမှတ် ဘာပွဲ မမှတ်မိတဲ့ အပြင်၊ ဘယ်မြို့ ဘယ်နေရာမှာ ကျင်းပတယ် ဆိုတာတောင် ကျွန်တော် မမှတ်မိတော့တာ တော်တော်အံ့သြဖို့ကောင်းတယ်။ ပွဲတစ်ခုခု ကို ကျွန်တော် သွားတယ်ဆိုရင် ပွဲကို လာကြ မယ့် လူတွေရဲ့တစ်ဝက်လောက်ကို ကျွန်တော် သေချာပေါက် သိနေမှာပဲ။ အဲလိုမှ သိမနေရင်လည်း ကျွန်တော်က ပွဲတွေ သွားလေ့မရှိခဲ့ဖူး ပါဘူး။ ဒါပေမဲ့ ကျွန်တော်သိတဲ့ တစ်ယောက်တလေကိုမှ အဲဒီနေ့မှာ တွေ့ခဲ့ရတယ်လို့ မမှတ်မိဘဲ အိပ်မက်လိုလို ဖြစ်နေတယ်။ အိပ်မက် မဟုတ်တဲ့အကြောင်း ဓာတ်ပုံတစ်ပုံကတော့ သက်သေတစ်ခုအဖြစ် ကျွန်တော့်ဖုန်းထဲမှာ ရှိနေခဲ့တယ်။ ကျွန်တော့်ပုံတော့လည်း မဟုတ်ဘူး။
သမံတလင်းပေါ်မှာ မိုးကာစခင်းထား ပြီး အဲဒီမိုးကာစ ကြမ်းပြင်ပေါ်မှာ လူတွေ အ စီအရီ ထိုင်နေကြတယ်။ အစီအရီထိုင်နေတဲ့ လူတွေရဲ့ နောက်ဆုံးတန်းနဲ့ ၁၀ ပေလောက် အကွာမှာ ကျောက်ခုံတစ်ခုံရှိတယ်။ အဲဒီ ကျောက်ခုံပေါ်မှာ ကျွန်တော် ထိုင်နေခဲ့တယ်။ ဒီတော့ လူတော်တော်များရဲ့ နောက်ကျောနဲ့ အတူ အခမ်းအနားရဲ့ ဟိုးအရှေ့ဆုံးမှာ အသက်ခပ်ကြီးကြီးလူတစ်ယောက် ခြေဟန် လက်ဟန်တွေနဲ့ စကားပြောနေတာတွေကို အပေါ်စီးကလို မြင်နေရတာပေါ့။ မြင်နေရ တယ်ဆိုပေမဲ့လည်း အဲဒီပုဂ္ဂိုလ်ကြီး ဘာတွေ ပြောနေတယ်ဆိုတာကို ကျွန်တော် မကြား ရဘူး။
အဲဒီလူကြီး စကားပြောနေစဉ်မှာပဲ အောက်မှာ ထိုင်နေတ ဲ့လူတွေထဲက တချို့ဟာ သူတို့ချင်းလည်း ပုခုံးပုတ်လို့၊ လက်တို့လို့ တီး တိုးတီးတိုး ပြောသူ ပြော၊ တချို့က ကုန်းကုန်း ကွကွနဲ့ ရှေ့နားကို တိုးသူတိုး၊ လူသစ်တချို့က လည်း အပေါ်စီးကနေ ဘယ်နေရာ လွတ်နေ တယ် တစ်ချက်ကြည့်လိုက်ပြီး အဲဒီနေရာဆီ ရောက်ဖို့ ကြိုးစားလိုကြိုးစား၊ သပ်သပ်ရပ် ရပ်ဖြစ်မနေဘဲ ဖွာတာတာဖြစ်နေတဲ့ ပွဲတစ်ပွဲ ထင်ပါရဲဲ့။ တချို့လူတွေကလည်း ထိုင်နေကြ သူတွေထဲကနေ ကုန်းရုန်းထွက်လာကြပြီး လူအုပ်ရဲ့ နောက်ဆုံးဆီကို တွန်းထိုးလာခဲ့ပြီး လူတန်းအပြင်ကို ရောက်လာကြတယ်။ ကျွန် တော် ထိုင်နေတဲ့ အုတ်ခုံနားအထိ ရောက် လာကြတာပေါ့။
အဲဒီအထိ ကျွန်တော့်မှတ်ဉာဏ်ထဲက ပုံရိပ်တွေဟာ အိပ်မက်လိုလို၊ ဝေဝေ၀ါးဝါး ချည်းပါပဲ။ ကျွန်တော်ကိုယ်တိုင်ဟာ အဲဒီလူ တန်းနောက်မှာ ဘာကိစ္စ ငုတ်တုတ်သွားထိုင် နေခဲ့ပြီး ဘာကိစ္စနဲ့ လူတွေရဲ့ လှုပ်ရှားပြုမူ ပုံတွေကို လိုက်မှတ်သားနေမိတယ် မပြော နိုင်ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော့်အကျင့် ကိုက ဘယ်နေရာရောက်ရောက် လူတွေရဲ့ အပြုအမူတွေနဲ့ ပတ်သက်လို့ စိတ်ဝင်တစား ကြည့်နေငေးနေတတ်သူမို့ ထူးဆန်းတဲ့ကိစ္စ တော့လည်း မဟုတ်ပြန်ဘူး။ ဒါပေမဲ့ အဲဒီနောက်မှာ ဖြစ်တဲ့ ဖြစ်ရပ်တစ်ခုကိုတော့ လုံးဝ ကြည်လင်ပြတ်သားစွာ ကျွန်တော် မှတ်မိနေပါတယ်။
ရှေ့က စကားပြောနေတဲ့ ပုဂ္ဂိုလ်ကြီးကလည်း အရှိန်မပျက် (ဘာတွေ ပြောနေမှန်း မသိပေမဲ့) ပြောနေဆဲ၊ လူတွေကလည်း အ ခမ်းအနားလူအုပ်ထဲ တိုးဝင်သွားလိုက်၊ ပြန်ထွက်လာလိုက် လုပ်နေဆဲအချိန်မှာ ကျွန်တော့်ဘေးနားကို အသက်လေး ငါးဆယ် လောက်ရှိမယ်ထင်ရတဲ့ လူတစ်ယောက် လာရပ်တာကို သတိထားမိလိုက်ပါတယ်။ လူက ပိန်ပိန်ပါးပါး စာရေးဆရာတွေ လွယ်အိတ် လွယ်သလို လွယ်ထားတယ်။
အဲဒီနေ့နဲ့က ကျွန်တော့်မှတ်ဉာဏ်မှာ ထင်နေသမျှ အစောပိုင်းအရာအကုန်လုံးဟာ ၀ိုးတိုးဝါးတားချည်း။ အဲဒီလူ ကျွန်တော့်နံဘေး လာရပ်လိုက်ပြီး နောက်ပိုင်း ဖြစ်ရပ်တွေဟာ ကျွန်တော့်မှတ်ဉာဏ်မှာ ကြည်ကြည်လင်လင် ဖြစ်လာတယ်။ လူတွေအများကြီး ကျွန်တော့် နံဘေးနား လာရပ်လိုက်၊ ထွက်သွားလိုက် လုပ်နေတဲ့အထဲကမှ သူ လာရပ်တော့မှ ဘာကြောင့် အထူးသတိပြုမိသွားရသလဲဆိုတော့ သူ့ဆီက အရက်နံ့ကြောင့်ပဲ။
တော်တော်ပြင်းတယ်။ သူ့အနံ့ကြောင့် ကျွန်တော် မူးချင်ချင်ဖြစ်သွားတယ်။ ပြင်းထန်တဲ့ ဘီအီးနံ့။ အနံ့ကြောင့် သူ့မျက်နှာကို ကျွန် တော် သတိထားကြည့်မိသွားတယ်။ မျက်နှာဟာ ဖူးရောင်ဖောသွပ်လို့ပဲ။ ကျွန်တော်က ဘီအီးတွေ သောက်ရင်း ဖောသွပ်နေတဲ့ မျက်နှာမျိုးတွေကို အကြိမ်ကြိမ် မြင်ဖူးနေကျမို့ အာတာလွတ်ဥလို ဖောသွပ်နေတဲ့ သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးတဲ့နောက် မထူးဆန်းသလိုပဲ မျက်နှာလွှဲလိုက်တယ်။သူဟာ ကျွန်တော့်နံဘေးမှာ တော်တော်ကြာကြာ ရပ်နေဆဲပဲ။ အဲဒီအချိန်မှာ အခမ်းအနားရဲ့ ဝင်ပေါက်မုခ်ဦးဆီကနေ နာမည်ကျော် အဆိုတော် ဒေါ်မာမာအေး ဝင်လာခဲ့တယ်။
ဒေါ်မာမာအေးကို ကျွန်တော် အပြင်မှာ ပထမဆုံး မြင်ဖူးတာပဲ။ အဆိုတော်ကြီး ဒေါ်မာမာအေးကို ပထမဆုံးမြင်ဖူးတဲ့ ပွဲဆိုတာ ကို မှတ်မိနေပြီး ဘာပွဲလဲဆိုတာကို မမှတ်မိ တာတော့ တကယ်ဆို တစ်ယောက်ယောက် ကို အားနာဖို့ကောင်းပါတယ်။ ဒါပေမဲ့ တစ် ယောက်ယောက်က ဘယ်သူမှန်းမသိဘဲ အားနာနေလို့တော့ အလကားပေါ့။ အဆိုတော် ကြီး ဒေါ်မာမာအေးကိုယ်တိုင် ပွဲတက်တဲ့ အဲဒီပွဲဟာ ဘာပွဲပါလိမ့်လို့ ကျွန်တော် အခုပြန် စဉ်းစားကြည့်မိပါတယ်။ မရတော့ဘူး။ ဒေါ်မာမာအေး ဝင်လာတော့ သိပ်မများလှတဲ့ လူအုပ်ဟာ နည်းနည်းတော့ လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။
အဆိုတော်ကြီး ဒေါ်မာမာအေးနဲ့ ဓာတ် ပုံရိုက်ဖို့ အားထုတ်နေကြတဲ့ လူတွေကို ကြည့်ရင်း ကျွန်တော် ပြုံးနေမိတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အန်တီဒေါ်မာမာအေးနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ရရင် ကောင်းမှာပဲလို့ တော့ တွေးမိသား။ ဒါပေမဲ့ လူအယောက် ၂၀ လောက်က ဒေါ်မာမာအေးနဲ့ ဓာတ်ပုံတွဲ ရိုက်ခွင့်ရဖို့ အလှည့်ကျစောင့်နေကြတာကို မြင်နေရတော့ ကျွန်တော်လည်း အသာလေး ပဲ ထိုင်နေရင်း မီးရောင်တစ်ချက် လက်သွား တိုင်း ပြုံးပြနေရတဲ့ အန်တီဒေါ်မာမာအေးရဲ့ မျက်နှာကိုပဲ ငေးကြည့်နေလိုက်မိတယ်။
ဒေါ်မာမာအေးနဲ့ပတ်သက်ပြီး ကျွန်တော် သိသမျှဆိုရင် အရင်တုန်းက ရေဒီယို စွဲစွဲမြဲမြဲနားထောင်စဉ်က အပတ်စဉ် နား ထောင်ရတဲ့ ဒေါ်မာမာအေးရဲ့ ပြောပြစရာ တွေ တစ်ပုံကြီးရှိသေးတယ်ဆိုတဲ့ အစီအစဉ်။ ရွှေဝါရောင်တော်လှန်ရေးကာလမှာ ရေဒီယို က လွှင့်လို့ ကျော့စိမ့်အောင် နားထောင် ကြေ ကွဲခဲ့ရတဲ့ အသည်းနာကမ္ဘာမကြေ သီချင်းလောက်ကိုပဲ ရင်းရင်းနှီးနှီးရှိတာ။ ဟိုးအရင် က ဒေါ်မာမာအေးဆိုခဲ့တဲ့ သီချင်းတွေ နား ထောင်ဖူးတယ်ဆိုပေမဲ့ ခေတ်ကွာဟမှု ကြောင့်ထင်ပါရဲ့ ကြိုက်တယ်ဆိုရုံလောက်ပဲ။
သူ့အရွယ်နဲ့သူဆိုတဲ့အတိုင်းပဲ ဒေါ်မာ မာအေးနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ ကြိုးစားနေသူ တွေအကုန်လုံးဟာ ၅၀ ကျော် ၆၀၊ ၆၅၊ ၇၀ တန်းတွေချည်းပဲ။ အဘိုးကြီး၊ အဘွားကြီးတွေ ပေါ့။ သူတို့ကလည်း ကဲတယ်။ “မာမာအေး အသံဟာ ဘုရားပေးတဲ့အသံပဲကွာ” တဲ့၊ သူ တို့အချင်းချင်း ပြောနေသံတောင် ကြားနေရ သေးတယ်။ ကျွန်တော်လည်း အဘိုးကြီး အ ဘွားကြီးတွေ ငယ်မူငယ်သွေးကြွ သူတို့ခေတ် ရဲ့ နိုင်ငံကျော်အဆိုတော်ကြီးနဲ့ ဆယ်ဖီဆွဲ တပြုံးပြုံးလုပ်လို့ ကြည်နူးသာယာနေကြတဲ့ မြင်ကွင်းကို ကြည့်ရင်း အဲဒီ အဘိုးကြီး အဘွား ကြီးတွေရဲ့ ငယ်ရုပ်တွေကို စိတ်မှန်းနဲ့ နေရာ ချကြည့်နေမိတယ်။
အဲဒီအချိန်မှာ ကျွန်တော့်အနားက အာ တာလွတ်ဥလို ဖောသွပ်နေသူဟာ ဒေါ်မာမာ အေးအနား တိုးကပ်သွားတာကို မြင်လိုက်ရ တယ်။ သူဟာ သူ့လွယ်အိတ်ထဲက တစ်ခုခုကို သဲကြီးမဲကြီး နှိုက်ထုတ်ရင်း ဒေါ်မာမာအေး အနားကို ကပ်သွားတယ်။ လွယ်အိတ်ထဲက နေ ရိနေတဲ့ စာရွက်ဝါ၀ါတွေ ထွက်လာတယ်။ ပြန်ထည့်တယ်။ ခဲတံတွေ ထွက်လာတယ်။ ပြန်ထည့်တယ်။ နောက်ဆုံးမှာ အနက်ရောင် သားရေဖုံးလေးနဲ့ စာအုပ်ကလေးတစ်အုပ် ကို သူ ထုတ်လိုက်နိုင်တယ်။ အကျႌအိတ်ကပ် မှာ ထိုးထားတဲ့ ဘောပင်ကို သူ ဆွဲထုတ်တယ်။ ပြီးတော့ ဒေါ်မာမာအေးရှေ့ သူ့စာအုပ်က လေးကို ဖွင့်ပေးရင်း “အမှတ်တရ ရေးပေးပါ” လို့ ပြောနေတယ်ထင်တယ်။ ခပ်လှမ်းလှမ်း က ကြည့်နေရတာမို့ သူ ပြောနေတာ ဘာမှန်း မသိပေမဲ့ အော်တိုထိုးခိုင်းတာနေမှာပေါ့။
အန်တီမာမာအေးဟာ ပြုံးလျက် စာအုပ်နဲ့ ဘောပင်ကို လှမ်းယူလိုက်ရင်း မျက်နှာတစ်ချက်မဲ့သွားတယ်။ ကျွန်တော့်အထင် အာတာလွတ်ဥမျက်နှာနဲ့လူရဲ့ အရက်နံ့ဟာ ဒေါ်မာမာအေးရဲ့ နှာခေါင်းထဲ လုဝင်သွား တယ်ထင်ပါတယ်။ ဒါပေမဲ့ တစ်ချက်ကလေး မဲ့တယ်ဆိုရုံပဲ။ အပြုံးကို သူ ပြန်ဆင်လိုက်နိုင်တယ်။ တစ်ခုခု ရေးလိုက်တယ်။ လက်မှတ်ပါ ထိုးပေးလိုက်တယ်ထင်ပါရဲ့။ အာတာလွတ်ဥ မျက်နှာနဲ့လူဟာ အကြီးအကျယ် ကျေနပ်သွားပြီး မျက်လုံးမှာ မျက်ရည်စကလေး တောင်လဲ့သွားတယ်။ အဲဒီနောက် ကိစ္စပြီးပြီ အထင်နဲ့ အန်တီဒေါ်မာမာအေးဟာ လှည့်ထွက်လိုက်တယ်။ ဒါပေမဲ့ ခုနကလူဟာ ဒေါ်မာမာအေးကို တားတယ်။ ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်ပေးဖို့ ခွင့်တောင်းနေတာ။
ကျွန်တော်လည်း အဲဒီလူရဲ့ အာတာ လွတ်ဥလိုမျက်နှာဟာ ဝမ်းသာနေရင် ဘယ် လိုဖြစ်မှာပါလိမ့်လို့ သိချင်လို့ သူ့အနားကို ကပ်လို့ ကြည့်ဖို့ ကြိုးစားနေတဲ့အချိန်ဆိုတော့ သူနဲ့ ဒေါ်မာမာအေးကြားက အခြေအနေကို ကောင်းကောင်းကြီး မြင်နေရတယ်။ အာတာလွတ်ဥမျက်နှာနဲ့ လူဟာ ဒေါ်မာမာအေး ကို ဓာတ်ပုံတွဲရိုက်ပါရစေလို့သာ ခွင့်တောင်းတာ သူ့မှာ လက်ကိုင်ဖုန်း ပါလာပုံမရဘူး။ ရှိကိုမရှိတာလည်း ဖြစ်မှာပေါ့။ အဲဒါနဲ့ သူဟာ ဘေးပတ်ပတ်လည်က လူတွေကိုကြည့်ပြီး အကူအညီတောင်းဖို့ မျက်နှာငယ်ကလေးနဲ့ ရှာဖွေနေရင်း တစ်ဖက်ကလည်း စောင့်နေ ရတဲ့ ဒေါ်မာမာအေးကို အားနာနေဟန် တူ ပါရဲ့။ အန်တီဒေါ်မာမာအေးကလည်း စောင့် ပေးရှာပါတယ်။ အဲဒီမှာပဲ အာတာလွတ်ဥ မျက်နှာလိုလူဟာ ကျွန်တော့်ကိုမြင်သွားတယ်။
“ညီလေးလေး အစ်ကို့ကို အမေနဲ့ ဓာတ် ပုံတစ်ပုံလောက် ရိုက်ပေးပါလားကွာ” ကျွန်တော်လည်း ညီလေးလေးဆိုတဲ့ အခေါ်ကို သဘောကျမိသလိုဖြစ်သွားပြီး အခြေအနေ ကိုလည်း ရိပ်စားမိလို့ ကျွန်တော့်ဖုန်းကို ထုတ် သူတို့ကို ဓာတ်ပုံရိုက်ပေးဖို့ လုပ်တယ်။ ဘေး ချင်း ယှဉ်ရပ်လိုက်တဲ့အခါမှာ အန်တီဒေါ်မာ မာအေးက အရပ်ပုတော့ အာတာလွတ်ဥလို မျက်နှာနဲ့လူရဲ့ခေါင်းဟာ တစောင်းကြီး အ ပေါ်က မိုးနေတယ်။ ကိုယ်ကိုကျ အန်တီ ဒေါ် မာမာအေးဘက်ကို ကပ်ထားတော့ ကိုင်းကိုင်း ကွေးကွေး ဖြစ်နေတာပေါ့။ အန်တီဒေါ်မာမာ အေးကတော့ အရက်နံ့ခပ်ပြင်းပြင်းကြောင့် မသိမသာ မျက်နှာကလေးပျက်သလိုဖြစ်နေ ပေမဲ့ အားတင်းလို့ ပြုံးထားဆဲပဲ။ ဖုန်းစခ ရင်မှာ ထင်နေတဲ့ သူတို့နှစ်ယောက်ပုံကိုကြည့်ပြီး စိတ်ထဲ ဘာကိုမှန်းမသိ အားနာနေမိတယ်။ ပြီးတော့ ခပ်သွက်သွက်ပဲ စိတ်ချရအောင် သုံးပုံလောက် ရိုက်လိုက်တယ်။ အဲဒီနောက် အန်တီဒေါ်မာမာအေးဟာ ဘယ်သူမှ ဓာတ်ပုံ တွဲအရိုက်မခံတော့ဘဲ အခမ်းအနားထဲ တိုးဝင်သွားတော့တယ်။
“ကျေးဇူးပဲ ညီလေးလေးရာ” လို့ သူ ပြော တယ်။ ပြီးတော့ ဒေါ်မာမာအေး လက်မှတ် ထိုးပေးသွားတဲ့ သူ့စာအုပ်ကလေးကို လှန် ကြည့်ရင်း ပြုံးရွှင်စွာနဲ့ ထွက်သွားပါလေရော။ ကျွန်တော့်ဖုန်းထဲက သူနဲ့ ဒေါ်မာမာအေး ရိုက်ထားတဲ့ပုံကို ပွဲမပြီးခင်ကလေး တစ်နည်းနည်းနဲ့တော့ သူလာယူမှာပဲလို့တွေးပြီးသူ့ကို ဘာမှမပြောဖြစ်တော့ဘူး။ အဲဒီအခမ်းအနား ပြီးတော့ ကျွန်တော် အိမ်ပြန်ခဲ့တယ်။ ရိုက်ပေးမိခဲ့တဲ့ ဓာတ်ပုံသုံးပုံကိုလည်း ရေဆေးချ လိုက်သလိုကျွန်တော် မေ့သွားပါလေရော။အခုဆိုရင်အဲဒီအဖြစ်အပျက်ကလေး ဖြစ်ခဲ့တာ တစ်နှစ်ခွဲ ဒါမှမဟုတ် နှစ်နှစ်၊ သုံးနှစ် ကြာချင်ကြာခဲ့လောက်ပြီ ထင်ပါတယ်။
ကျွန်တော့်ဖုန်းအဟောင်းကလေးထဲမှာ အခုထိ ဒေါ်မာမာအေးနဲ့ အာတာလွတ်ဥနဲ့တူနေတဲ့မျက်နှာပိုင်ရှင်တို့ တွဲရိုက်ထားတဲ့ ပုံ ရှိနေဆဲပဲ။ ဖျက်ပစ်လိုက်ရမလား ဒါမှမဟုတ် ဓာတ်ပုံသွားထုတ်၊ တစ်နေ့တွေ့တော့ ပေး တာပေါ့လို့ သိမ်းထားရမလား နေ့များစွာမှာ ဝေခွဲမရဖြစ်နေခဲ့ရတယ်။တစ်နေ့တွေ့တော့ ဆိုပေမဲ့ ကျွန်တော့်စိတ်ထဲ ဒီလူနဲ့ နောက်တစ် ကြိမ်တွေ့ရလိမ့်မယ် မထင်တော့ဘူးလို့ ဘာ ကြောင့်မှန်းမသိဘဲ ခံစားမိတယ်။ ကျွန်တော် က ဘယ်သူမှန်းမသိတဲ့၊ ကျွန်တော့်ကိုလည်း ဘယ်သူမှန်းသိမှာမဟုတ်တဲ့ လူတစ်ယောက်။ အဲဒီလူတစ်ယောက်နဲ့ ဒေါ်မာမာအေးတို့ တွဲ ရိုက်ထားတဲ့ ဓာတ်ပုံဟာ သူတို့နှစ်ယောက် စလုံးနဲ့ လုံးဝမသိတဲ့ ကျွန်တော့်ဖုန်းထဲမှာ အတော်ကြာကြာ ရှိနေခဲ့တာလေ။