ညှော်နံ့တွေ၊ ဖုန်မှုန့်တွေကြောင့် ချောင်း တဟွတ်ဟွတ်ဆိုးနေတာကို သူသတိမပြုမိဘူး။ အမြဲတမ်း ကတ္တရာလမ်းတွေ ခင်းတိုင်း ဆိုးနေကျ ချောင်းသံပေါ့။ မကြာခင် ကျောက်အကြမ်းခဲတင်လာတဲ့ကား ရောက်တော့မယ်။ မရောက်ခင် ခဏတော့ အနားယူဦးမယ်လို့ သူတွေးလိုက်တယ်။ နေကလည်း ခြစ်ခြစ် တောက်ပူနေတော့ အကာအကွယ်ရှိရာ တဲငယ်လေးထဲ ခဏဝင်နားရတယ်။ မိုးကာဖျင်စ မိုးထားတဲ့ ရွက်ဖျင်တဲအောက်မှာ သူ့လုပ်ဖော် ကိုင်ဖက်တွေနဲ့အတူ ခဏနားလိုက်ကြတယ်။ ပြင်းထန်တဲ့ နေရောင်အောက်ကတော့ ခဏလွတ်ပြီ။ ရေဘူးထဲက ရေတချို့ကို မော့သောက်ကြရင်း သူတို့အဖွဲ့ စကားအနည်းငယ်ပြော ဖြစ်နေကြတယ်။ သူကတော့ စကားကောင်း ကောင်းသိပ်ပြောချင်ပုံမရဘူး။ ခင်းလက်စ ကတ္တရာလမ်းသားကိုသာ ငေးကြည့်နေတယ်။မည်းနက်တောက်ပြောင်နေတဲ့ ကတ္တရာသား တွေက နေရောင်အောက်မှာ တဖိတ်ဖိတ် တောက်လက်နေတယ်။သူ့ရဲ့ ကြွက်သားတွေကို သူ ပြန်ကြည့်တယ်။ ခဏကြာတော့ သောက်လက်စ ဆေးလိပ်တိုကို မီးညှိပြီး သောက်နေလိုက်တော့တယ်။ သူ့လုပ်ဖော် ကိုင်ဖက်တွေကတော့ စကားပြောရင်း သူ့ကို ဂရုမပြုမိကြဘူး။ သတိပြုမိတာတစ်ခုက သူ ချောင်းဆိုးတဲ့အချိန်တွေသာ ဖြစ်တယ်။
ဒီနေ့အဖို့ သူ့လုပ်အားခနဲ့ရလာမယ့် ငွေကို သူစဉ်းစားမိတယ်။ ဘာအတွက် အခုလို ပူပြင်းလှတဲ့ နေရောင်အောက်မှာ အလုပ် လုပ်နေရတယ်ဆိုတာ သူ အရေးတကြီး စဉ်း စားစရာတော့ မလိုပါဘူး။ ဒါ နေ့စဉ်အလုပ်ပဲ။ တကယ်လို့ သူ မေ့နေရင်တောင်မှ သူ့လုပ် ဖော်ကိုင်ဖက်တွေကို မေးကြည့်လိုက်ရုံပဲ။ အဲ ဒီလောက်တောင်လည်း သူ့အတွက် မလိုအပ်ခဲ့လို့ပါ။ မကြာခင် ကျောက်အကြမ်းခဲတွေ ရောက်လာတော့မယ်။ ဒါတွေ ချောသွားအောင် လုပ်ရမယ့် အလုပ်ကလည်း သူ့အလုပ်ပဲ။ သူ တစ်ခါတလေ သူ့ကိုယ်သူ ပြန်စဉ်းစား ကြည့်တယ်။ လမ်းကြိတ်စက်လို စက်ယန္တရား တွေအကြောင်းပေါ့။ ကြိတ်ပြီးသား ကျောက် ခဲတွေအပေါ် သွန်ချလိုက်တဲ့ ကတ္တရာတွေ အကြောင်းပေါ့။ ဘာမှထူးခြားဖြစ်စဉ်တော့မဟုတ်ဘူး။ ဒါ လုပ်ရိုးလုပ်စဉ်တွေပဲ။ခက်နေတာက မျိုးဆက်။ သူ့ရဲ့အနာဂတ်မျိုးဆက်။ သူက နေရောက်အောက်က မျိုးဆက်။ကမ္ဘာ့ တိုက်ကြီးတွေ ဘယ်လိုဖြစ်ပေါ်လာပုံထက်၊ ကမ္ဘာပေါ်က လမ်းကြီးတွေ ဘယ်လိုဖောက် လုပ်နေလဲဆိုတဲ့ အတွေးမျိုးနဲ့ မျိုးဆက်ပေါ့။
ကားတွေကတော့ ဥဒဟို ဖြတ်သွားဖြတ်လာ သွားနေကြတယ်။ သူတို့လမ်းလုပ်သား အဖွဲ့ထဲမှ တစ်ယောက်ကတော့ ကားသတိ ပေး အလံနီကို ကိုင်ထားတယ်။ လမ်းပြုပြင် နေချိန် ကားအသွားအလာ စောင့်ကြပ်သတိပေးဖို့ တာဝန်ယူထားတဲ့သူပေါ့။ တချို့ကတော့ ကျောက်ခဲတွေကို လမ်းပေါ်မှာ နေရာ ချနေကြတယ်။ သူကတော့ လောလောဆယ် ရွက်ဖျင်တဲလေးထဲကနေ မထွက်နိုင်သေးဘူး။ ချောင်းဆိုးတဲ့ အရှိန်ကလည်း တော်တော်နဲ့ မပြီးပြတ်နိုင်ခဲ့ဘူး။ သူ့အတွက် တစ်ခုသက် သာတာက သူ့အပေါ် နားလည်ပေးနိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိနေတာပါပဲ။ အဲဒါကြောင့် အလုပ်သမားအချင်းချင်း သူ အနား ယူနေတဲ့အချိန်မှာ မတွက်ကပ်ဘဲ နားလည်ပေးနိုင်ကြတာ။ သူ့စိတ်ထဲမှာ မစဉ်းစားချင် ဆုံးအရာက “မနက်ဖြန်” ဆိုတာပါပဲ။ သူ သိ နေတယ်။ မနက်ဖြန်ဆိုတာ သူ့အတွက် ဘာမှသေချာတဲ့ အရာမဟုတ်ဘူးဆိုတာကိုပါ။ ဒါပေမဲ့ သူမျိုးဆက်အကြောင်းတော့ တွေးတယ်။ သူ့ကလေးတွေရဲ့အကြောင်း။ သူက နေရောင်အောက်က မျိုးဆက်ဆိုတော့ သူ့ကလေးတွေက ဘယ်လိုမျိုးဆက်မျိုးဖြစ်နေနိုင်မလဲ။ အဲဒါ သူ့ရဲ့ ကြီးမားတဲ့ပြဿနာဖြစ်နေတယ်။ ကျန်တာတွေကို သူအကုန်မေ့ထား လို့ ရနိုင်တယ်။ ကျောက်အကြမ်းခဲတွေကို မေ့ထားလို့ရတယ်။ ကတ္တရာသားတွေကို မေ့ထားလို့ရတယ်။ ချောင်းတဟွတ်ဟွတ်ဆိုးနေ တာကို မေ့ထားလို့ရတယ်။
သူ့လုပ်ဖော်ကိုင်ဖက်တွေကို သူလှမ်းကြည့်နေမိတယ်။ ကျောက်ခဲတွေ သယ်သူက သယ်နေကြတယ်။ ကတ္တရာလောင်းသူက လောင်းနေကြတယ်။ အားလုံးဟာ တောက်လောင်နေတဲ့ နေရောင်အောက်မှာ အရာရာကို မေ့လျော့နေကြသလိုပဲ။ ချွေးသီးချွေး ပေါက်တွေ ကျနေကြလည်း ဇွဲနပဲနဲ့ တက်တက် ကြွကြွ လုပ်ကိုင်နေကြရှာတယ်။ နေရောင် ခြည်ရဲ့ တောက်လောင်ပူပြင်းတဲ့အောက်ကို မရောက်သေးတဲ့ လူတစ်ယောက်ဟာ နေရောင်ခြည်ကို ကြောက်ရွံ့ထိတ်လန့်နေနိုင်ပါ တယ်။ ဒါပေမဲ့ နေရောင်ခြည်ကို ငြင်းဆိုလို့ မရခဲ့ရင်တော့ နေရောင်ခြည်ဟာ သိပ်တော့မထူးခြားပါဘူး။ မိတ်ဆွေအဖြစ်နဲ့ပဲ လက်ခံ ကြိုဆိုလိုက်ရတယ်ထင်တယ်။ ဒါဟာ သိပ်ပြီး ပျော်စရာကောင်းတဲ့ကိစ္စ မဟုတ်တာကတော့ သေချာပါတယ်။ အပူဟပ်နေတဲ့ အရေပြားဗျာ။ ညှော်နံ့တောင် ထွက်နေသေးတယ်။
အရွယ်ရောက်လာတဲ့ သူ့တူလေးတွေ၊ တူမလေးတွေကို ကြည့်နေမိတယ်။ သူ့လုပ် ဖော်ကိုင်ဖက်တွေရဲ့ ကလေးတွေပေါ့။ အခု ဆို ကလေးတွေဟာ လမ်းခင်းတဲ့နေရာမှာ အသုံးဝင်နေကြပြီ။ လူကြီးတွေနီးပါး လုပ်ကိုင် နေနိုင်ကြပြီ။ ဒါမျိုးဆက်။ ဟုတ်တယ်။ ဒါ ငါ တို့ရဲ့ အနာဂတ် မျိုးဆက်။ ငါတို့လို မျိုးဆက်လေးတွေ။ ကြည့်စမ်း...တက်ကြွနေလိုက် ကြတာများ။ ငါ့အကောင်ကြီးတွေလည်း သူ့ ကလေးတွေကို အားရကျေနပ်နေမိမှာပါပဲ။ မနေ့ကတောင် ဟိုကောင်တစ်ယောက် အား ရဝမ်းသာနဲ့ ပြောနေသေးတယ်။ သူ့သားနှစ်ယောက်က အခုဆိုရင် ကျောက်ခဲသယ်တဲ့ နေရာမှာ အတော်အားကိုးနေရပြီဆိုပဲ။ စားဝတ်နေရေးအတွက် အရင်လို မတရားကြီး မကျပ်တည်းတော့ဘူးဆိုပဲ။ ဒီကောင် အသားလွတ်လာကြားနေတယ်။ ဟားဟားဟားဟား။
သူဟာ သူ့စိတ်ထဲမှာ အဲဒီလိုမျိုးတွေ တောက်လျှောက်တွေးနေတာဟာ ချောင်း တဟွတ်ဟွတ်ဆိုးလာတော့မှသာ ရပ်တန့် သွားတော့တယ်။ သူ့လုပ်ဖော်ကိုင်ဖက်မိသား စုတွေရဲ့ အကြောင်းကို တွေးပြီး ခဏတာရပ် တန့်သွားနိုင်ပေမဲ့ သူ့အကြောင်းကိုတော့ သူ တွေးတာ ဘယ်တော့မှ လက်စသတ်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူ ရှူရှိုက် နေရတဲ့ ဖုန်မှုန့်တွေနဲ့၊ သူ့ချောင်းဆိုးသံတွေ က သူ့မျိုးဆက်ကို သတိပေးနေတဲ့အသံတွေ ဖြစ်နေလို့ပါပဲ။ ဒီအသံတွေရဲ့ အတိမ်အနက် ကို သူ ဘာမှ ကြိုမြင်နိုင်မှာမဟုတ်ဘူး။ သူ သူ့မိတ်ဆွေတွေ အားရဝမ်းသာနဲ့ လာပြောတဲ့ စကားသံတွေကို အားကျနေနိုင်ပါ့မလား။ အဲဒီအချက်ကပဲ သူ့ကိုယ်သူ ဝင်နေမိတဲ့ သံ သယဖြစ်နေတယ်။ သူ့လုပ်ဖော်ကိုင်ဖက်တွေ ကတော့ သူတို့ကလေးတွေရဲ့ အလုပ်ထဲမှာ အားကိုးရပုံတွေကို သူ့အပေါ် အားရဝမ်းသာ ပြောသွားခဲ့တယ်။ ဒါ မျိုးဆက်ရဲ့ ဆင့်ပွားဖြစ် ပေါ်လာရာ နိမိတ်ပုံလား။ ဒါဟာ တကယ် အားရကျေနပ်စရာလား။ ဒါဟာ ပြောင်းလဲပစ် လို့ရလား၊ မရဘူးလား။ မရဘူးဆိုရင် ဘာ့ ကြောင့်ပါလိမ့်။ မရတဲ့ အကြောင်းရင်းက ဘာလဲ။ ဘယ်သူတွေကြောင့်လဲ။ ငါတို့ကိုယ် တိုင်ကြောင့်လား။ ငါ့အတွေးတွေဟာ ဟောင်း နွမ်းဆွေးရိနေပြီလား။ ဒါဆိုရင် အသစ်အဆန်းက ဘာလဲ။ ခင်းပြီးသွားတဲ့ ကတ္တရာလမ်း လား။ နောက်နေ့ တောက်လောင်လာမယ့် နေရောင်ခြည်လား။ အားလုံးဟာ ချိုင့်ခွက် အဖုအထစ်တွေ။ ဘယ်အရာမှ မပြေပြစ်ဘူး။
သူ တောက်တစ်ချက် ခေါက်ရင်း ဆေး လိပ်တိုကို လွင့်ပစ်လိုက်တယ်။ အခုလို သူ တွေးတောနေမိတာတွေကို ဘယ်သူမှ မကြား နိုင်ပေမဲ့ သူ့ကိုယ်သူ ပြန်ကြားနေရတာက သူ့အတွက် ပြဿနာဖြစ်နေခဲ့တယ်။ ဒီ ပြဿနာဟာ သူ့ကို ချောင်းဆိုးသံတွေနဲ့ သရော်နေသလိုပဲ။ သူ့အနာဂတ်မျိုးဆက်က ရော သူ့လိုပဲ ချောင်းတဟွတ်ဟွတ် ဆိုးနေ မှာလား။ ဖုန်မှုန့်တွေကို ရှူနေကြမှာလား။ အဲလိုတွေ ချောင်းတဟွတ်ဟွတ်ဆိုး၊ ဖုန်မှုန့် တွေ နှာခေါင်းထဲ ပြည့်သိပ်ကျပ်ခဲနေပေမဲ့ သူတို့ဘဝတွေဟာ ကျောက်ခဲတွေကြားထဲက အမှုန်အမွားတွေလိုပဲ။ ကတ္တရာသားတွေလို ပဲ။ ဒါဟာ သူ့အနာဂတ်မျိုးဆက်ကို ခွဲဝေ မပေးချင်တဲ့ သူ့ခံယူချက်တွေလား။ သေချာတော့ မသိနိုင်ဘူး။
သူ ကျောက်ခဲတွေကို သယ်နေခဲ့ရပြီ။ သူ့ကြွက်သားတွေဟာ ဖောင်းကားနေပေမဲ့ အရင်လို မမာကျောတော့မှန်း သူ့ကိုယ်သူ သိနေတယ်။ ဒါဟာ ဇရာဆိုတာထက် သူ မစွမ်းနိုင်ခဲ့တဲ့ နေရောင်အောက်က သူ့မျိုး ဆက်ရဲ့ ပွတ်တိုက်မှုတွေကြောင့်ဆိုတာကို သူ နားလည်နေခဲ့တယ်။ ကျောက်ခဲတွေကိုတော့ သူ သယ်နိုင်သေးတယ်။ သွန်ချနိုင်သေး တယ်။ ချောင်းကလည်း ခဏခဏ ဆိုးနေတာ ပဲလို့ သူ ညည်းတွားမိသေးတယ်။ ဒါပေမဲ့ သူ့ ကလေးတွေရဲ့ မျက်နှာလေးတွေကို မြင်ယောင်မိရင် သူ အလိုလိုအားရှိသွားသလိုပဲ ခံစားနေရတယ်။ မနက်တုန်းကလည်း သူ့သမီးလေး က သူ့ဆီ အားရဝမ်းသာနဲ့ ပြေးလွှားလာခဲ့သေး တယ်။ “ဖေကြီး၊ သမီး အဝေးကနေ ကားတွေ လာတာကို အလံနီလေး ပြပြီး တားပေးတာကို လူကြီးတွေက မုန့်ဖိုးပေးကြတယ်၊ သမီး အရမ်းပျော်တာပဲ” ဆိုတဲ့ သူ့သမီးလေးရဲ့ အ ပြုံးကို သူ ပြန်မြင်ယောင်နေတယ်။ အဲဒါနဲ့ မျိုး ဆက်တစ်ခုကို သူ လမ်းပေါ်သွန်ချလိုက်တယ်။