နိုင်ငံတစ်နိုင်ငံ အနေဖြင့် နိုင်ငံခြားရေး မူဝါဒ ချမှတ်ရာတွင် အမျိုးမျိုးသော ရွေးချယ်မှုများ ရှိသည်။ ထိရောက်သည့် နိုင်ငံခြားရေး မူဝါဒ ချမှတ်ရန် ရှေ့ပြေး အကြောင်းခြင်းရာ တစ်ရပ်သည် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အမြင်တစ်ရပ် သို့မဟုတ် ကမ္ဘာ့မျက်နှာစာ၌ မိမိနိုင်ငံအနေဖြင့် ထူထောင်လိုသော အခြေခံ အမြင်တစ်ရပ် ရှိထားရန်မှာ လိုအပ်ချက် တစ်ရပ်ဖြစ်သည်။ နိုင်ငံခြားရေး မူဝါဒ ချမှတ်သည့်အမြင်၌ စဉ်းစားရန် အချက်နှစ်ချက်မှာ နိုင်ငံတကာ၌ မိမိတို့နိုင်ငံ၏ စံတန်ဖိုးများကို မြှင့်တင်ရေးအား အဓိက ထားမည်လား သို့မဟုတ် မိမိတို့၏ နိုင်ငံတော် အကျိုးစီးပွားအား စောင့်ရှောက် ကာကွယ်ရေးကို အဓိက ထားမည်လား ဟူ၍ဖြစ်သည်။
အမှန်တကယ်၌ နိုင်ငံခြားရေး မူဝါ၏ဟု ဆိုလိုက်လျှင်ပင် နိုင်ငံတော် အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေးအတွက် အထောက်အကူ ပြုစေရန် ချမှတ် ရေးဆွဲထားရေးသည့် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပြီးသား ဖြစ်သည်။ အချို့က နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားနောက်သို့ လိုက်ခြင်းသည် နိုင်ငံခြားရေး မူဝါဒပင်ဖြစ်သည်ဟု ဆိုကြသည်။ အချုပ်အခြာ အာဏာပိုင် နိုင်ငံ အသီးသီးတို့သည် အမျိုးမျိုး ကွဲပြားခြားနားသော နိုင်ငံတော် အကျိုးစီးပွားများကို မျှော်မှန်းနိုင်ကြသည်။ ထို့ကြောင့် နိုင်ငံခြားရေး မူဝါဒများ၌ အဓိကထားမှုများ ကွဲပြားခြားနားနေခြင်းဖြစ်သည်။ နိုင်ငံခြားရေး မူဝါဒများသည် နိုင်ငံ၏အကျိုးစီးပွား သို့မဟုတ် နိုင်ငံတော်က ရှေးရှုသည့် ကိစ္စရပ်များကို ထင်ဟပ်ပြနေသည်ဟုပင် ဆိုကြသည်။ ယုတ္တိဗေဒ အရဆိုလျှင် နိုင်ငံခြားရေး မူဝါဒမှတစ်ဆင့် နိုင်ငံတော် အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ခြင်းသည် ပြည်တွင်း အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ခြင်းပင် ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။
တူညီချက်များစွာ ရှိသည့် အနီးကပ် မဟာမိတ် အိမ်နီးချင်း နှစ်နိုင်ငံ ဖြစ်သော ကနေဒါ နှင့် အမေရိကန် ပြည်ထောင်စုတို့၏ နိုင်ငံတော် အကျိုးစီးပွားများကို နှိုင်းယှဉ်ကြည့်လျှင် မည်သည့် နိုင်ငံတော်အကျိုးစီးပွားများ ကွာခြားသနည်း ဟူသည့် အတိုင်းအတာကို မြင်နိုင်မည်ဖြစ်သည်။ ကနေဒါနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသည် စီးပွားရေး ကြီးထွားမှု၊ လူမှုရေး တရားမျှတမှု၊ လူနေမှု အဆင့်အတန်း၊ အချုပ်အခြာ အာဏာနှင့် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အပြင် နိုင်ငံတော်တခို သဟဇာတဖြစ်ရေးတို့အပေါ် အဓိကထားပြီး ပထမဆုံး ဖော်ပြသည့်သုံးခုမှာ အရေးကြီးဆုံး ဖြစ်သည်။
ကနေဒါ၏ တောင်ဘက်အိမ်နီးချင်းဖြစ်သည့် အမေရိကန်ပြည်ထောင်စုသည် နိုင်ငံခြားရေးမူဝါဒကို အလွှာသုံးလွှာ၌ ထူထောင်ထားသည်။ အမြင့်ဆုံးအလွှာဟု သတ်မှတ်သော အရေးကြီးဆုံး အကျိုးစီးပွားတွင် အမေရိကန်ပိုင်နက် ရုပ်ပိုင်းဆိုင်ရာအရ လုံခြုံရေး၊ အမေရိကန်နိုင်ငံသားများ ဘေးကင်းလုံခြုံရေး၊ အမေရိကန်လူ့အဖွဲ့အစည်း စီးပွားရေး ဖူလုံရေး၊ ချည့်နဲ့သွားစေနိုင်သည့် တိုက်ခိုက်မှုများမှနေ၍ အရေးကြီးသော အခြေခံအဆောက်အအုံများကို ကာကွယ်ရေးတို့ ပါဝင်သည်။ ယင်းအရေးကြီးဆုံး အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်အတွက်ဆိုလျှင် တစ်ဖက်သတ် ပြတ်သားစွာ စစ်တပ်ကို အသုံးပြုနိုင်သည်။
ဒုတိယအလွှာတွင် နိုင်ငံတော်ရှင်သန်ရေးကို မထိခိုက်သော်လည်း နိုင်ငံတော်ဖူလုံရေးအပေါ် သက်ရောက်နိုင်သည့် အကျိုးစီးပွားများ ပါဝင်သည်။ (ဥပမာအားဖြင့် ကမ္ဘာ့ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် မဟာမိတ်များကို ဝတ္တရားအတိုင်း ကာကွယ်ပေးခြင်း) ။ နောက်ဆုံးအလွှာတွင် နိုင်ငံတော်၏ ဘေးဒုက္ခများကို တုံ့ပြန်မှုများနှင့် အခြားနိုင်ငံများအကြား လူ့အခွင့်အရေးကို မြှင့်တင်ပေးခြင်းတို့ အပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် အခြားအကျိုးစီးပွားများ ဖြစ်ကြသည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ တိုက်ခိုက်ခံရပြီးနောက် အမေရိကန်သည် နိုင်ငံတော်လုံခြုံရေး အကျိုးစီးပွားကို အထူးအမြင့်ဆုံးအဖြစ် သတ်မှတ်ခဲ့သည်။ အမေရိကန် အစိုးရအတွက် (၁) ပြည်ပမှ အကြမ်းဖက်မှုများကို တိုက်ခိုက်ရန်နှင့် (၂) နောက်ထပ် အကြမ်းဖက်တိုက်ခိုက်ခံရမှုများမှနေ၍ ပြည်တွင်းကို ကာကွယ်ရန်တို့ထက် ပို၍အရေးကြီးသောအရာ မရှိတော့ပေ။
ကနေဒါနှင့် အမေရိကန်တို့က ဖော်ပြခဲ့သည့် နိုင်ငံတော်အကျိုးစီးပွားများအကြား နှိုင်းယှဉ်ချက်သည် သိသာထင်ရှားသော ဥပမာဖြစ်သည်။ အမေရိကန်က ဖော်ပြသည့် နိုင်ငံတော်အကျိုးစီးပွားသည် ကနေဒါထက် ပို၍တုံ့ပြန်မှု သဘောဆောင်ပြီး လေသံအရ ပို၍ ဆန့်ကျင်ဘက်သဘော ဆောင်သည်ဟု ဆိုနိုင်သည်။ ကနေဒါသည် ဖြစ်လာမှတုံ့ပြန် ခြင်းထက် ဖြစ်အောင် အခြေအနေကို ဖန်တီးယူထားသည့် သဘောဆောင်ပြီး အားပေးမြှင့်တင်ရေး သဘောလည်း ပို၍ဆန်သည်။ ကနေဒါ၏ ပြည်တွင်းယဉ်ကျေးမှု အခြင်းအရာများ၊ နိုင်ငံတော်အကျိုးစီးပွား၏ မျက်နှာစာ ခြောက်ရပ်အနက် သုံးရပ်တို့သည် လူသားတို့ ပိုမိုကောင်းမွန်လာရေးအတွက် လူမှုရေး တရားမျှတမှု၊ ဘဝနေထိုင်မှု အရည်အသွေးနှင့် နိုင်ငံတော်တခို သဟဇာတဖြစ်ရေးတို့အပေါ် အဓိကထားသည်။ ကနေဒါနှင့်မတူဘဲ အမေရိကန်သည် လူသားချင်း စာနာထောက်ထားမှုနှင့် အခြားအကျိုးစီးပွားများကို နိုင်ငံတော်လုံခြုံရေး အကျိုးစီးပွားအောက်သို့ ပို့ထားသည်။
မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံခြားရေးမူဝါဒများ သတ်မှတ်ရာတွင် ပြတ်သားစွာ ချမှတ်ပြီးသားဖြစ်သည့် နိုင်ငံတော်၏ အကျိုးစီးပွားများအပေါ်တွင်သာ အဓိက ထားရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(မတ်လ ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)