အဂတိလိုက်စားမှု၏ စီးပွားရေးဆိုင်ရာ သက်ရောက်မှုများ

အဂတိလိုက်စားမှု၏ စီးပွားရေးဆိုင်ရာ သက်ရောက်မှုများ
Published 14 March 2019

ပုဂ္ဂလိကကဏ္ဍတွင် အဂတိလိုက်စားမှုသည် တရားမဝင် ငွေပေးရမှုသက်သက်မှ တစ်ဆင့်လည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းရသည့် စီမံခန့်ခွဲမှုဆိုင်ရာ ကုန်ကျစရိတ်မှ တစ်ဆင့်လည်းကောင်း၊ သဘောတူညီမှု ချိုးဖောက်ခံရခြင်း သို့မဟုတ်  စုံစမ်းစစ်ဆေးခံရခြင်းတို့နှင့် ပတ်သက်၍ အန္တရာယ်ရှိမှုတို့မှ တစ်ဆင့်လည်းကောင်း လုပ်ငန်းများ၏ ကုန်ကျစရိတ်ကို ပို၍မြင့်မားသွားစေနိုင်သည်။ အချို့က ဗျူရိုကရေစီစနစ်ကို ချုံ့ပစ်လိုက်နိုင်ခြင်းဖြင့် အဂတိလိုက်စားမှုသည် ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်သည် ဟု ဆိုကြသော်လည်း လာဘ်ငွေများ ရရှိနိုင်မှုကြောင့် အာဏာပိုင်များက ဥပဒေအသစ်များနှင့် ကြန့်ကြာစေနိုင်မှုများကို တမင်ထည့်သွင်းလာခြင်းမျိုး ဖြစ်နိုင်သည်သာဖြစ်သည်။ ကုန်ကျစရိတ်များပြီး ရှည်လျားသော ထိန်းချုပ်ကြီးကြပ်မှုအဆင့်များကို လျှော့ချပစ်လိုက်ခြင်းသည်သာ ၎င်းတို့အား လာဘ်ငွေပေးခြင်းဖြင့် ကျော်ဖြတ်ရခြင်းထက် ပိုမိုကောင်းမွန်ပေလိမ့်မည်။ အဂတိလိုက်စားမှုက လုပ်ငန်းများ၏ ကုန်ကျစရိတ်ကို ပိုမိုကြီးထွားစေသည့် နေရာတွင် လာဘ်ပေးသည့် ကုမ္ပဏီများအနေဖြင့် ပြိုင်ဆိုင်ရခြင်းမှ သက်သာရာရသောကြောင့် စုံစမ်းစစ်ဆေးမှုနှင့် အရေးယူဆောင်ရွက်မှုနယ်ပယ်ကိုပါ ပုံပျက်စေကာ ညံ့ဖျင်းသည့် ကုမ္ပဏီအရည်အသွေးများသာ တည်တံ့၍နေစေသည်။

အဂတိလိုက်စားမှုများသည် ကုမ္ပဏီ၏ ထိရောက်သော အခွန်ပေးဆောင်ရမှုနှုန်းအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည်။ တရားဝင်အခွန်ပေးဆောင်ရသည့်နှုန်းထက် လာဘ်ငွေပေးရသည့်နှုန်းက လျော့နည်းလျှင် အကောက်ခွန်အရာရှိများကို လာဘ်ထိုးခြင်းအားဖြင့် အခွန်ပေးဆောင်ရမှုကို လျှော့ချနိုင်သေးသည်။ သို့သော် ယူဂန္ဓာနိုင်ငံတွင် လာဘ်ငွေပေးရခြင်းက အခွန်ပေးဆောင်ရခြင်းထက်ပို၍ ကုမ္ပဏီအပေါ် မကောင်းသော ရိုက်ခတ်ချက် ပို၍မြင့်မားသည်ဟုဆိုသည်။ အမှန်တကယ်၌ လာဘ်ပေးရခြင်း၌ တစ်ရာခိုင်နှုန်းတက်လာပါက ကုမ္ပဏီ၏ နှစ်စဉ်စီးပွားရေးကြီးထွားမှု သုံးရာခိုင်နှုန်းကျဆင်းပြီး အခွန်ပေးဆောင်ရမှု တစ်ရာခိုင်နှုန်းတက်ခြင်းက ကုမ္ပဏီ၏ စီးပွားရေးကြီးထွားမှုကို တစ်ရာခိုင်နှုန်းသာ ထိခိုက်စေနိုင်သည်။ လာဘ်ပေးရခြင်းက အခွန်ဆောင်ရခြင်းထက် ကုမ္ပဏီ၏ နှစ်စဉ်စီးပွားရေးကြီးထွားမှုကို ပိုမိုထိခိုက်စေနိုင်သည့် သဘောဖြစ်သည်။

အများပြည်သူပိုင်ကဏ္ဍတွင် ပြည်သူ့ဘဏ္ဍာများသည် လာဘ်ပေးမှုနှင့် ဖြတ်စားမှုများ ပေါများသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသို့ လမ်းလွဲရောက်ရှိသွားခြင်းအားဖြင့် အဂတိလိုက်စားမှုက စီးပွားရေးဆိုင်ရာအချိုးပျက်မှုကို ဖြစ်စေသည်။ သက်ဆိုင်ရာအာဏာပိုင်များက ယင်းကဲ့သို့သော အပေးအယူ လုပ်မှုများကို ဖုံးကွယ်ခြင်း သို့မဟုတ် လမ်းခင်းခြင်းတို့ ပြုလုပ်ရန် အများပြည်သူပိုင်ကဏ္ဍနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာရှုပ်ထွေးမှုများ များပြားအောင် ပြုလုပ်နိုင်သည်။ ဤနည်းဖြင့် ရင်းနှီးမြှုပ်နှံမှုများကို နောက်ထပ်ပုံပျက်မှုများ ဖြစ်စေသည်။ အဂတိလိုက်စားမှုများသည် ဆောက်လုပ်ရေးဆိုင်ရာ၊ ပတ်ဝန်းကျင်ဆိုင်ရာ နှင့် အခြားသော ထိန်းချုပ်ကွပ်ကဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုကို လျော့ကျစေနိုင်သောကြောင့် အစိုးရဝန်ဆောင်မှုများနှင့် အခြေခံအဆောက်အအုံများ၏ အရည်အသွေးကို လျော့ကျစေပြီး အစိုးရအပေါ် ဘတ်ဂျက်ဆိုင်ရာဖိအားများ ပိုမိုများပြားလာစေသည်။

အာဖရိကနှင့် အာရှ၌ စီးပွားရေးဖွံ့ဖြိုးမှုများ ကွာခြားရခြင်းနောက်ကွယ်မှ အကြောင်းခြင်းရာတစ်ရပ်သည် အာဖရိက၌ အဂတိလိုက်စားမှုက ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုအစား ဘဏ္ဍာရေးအရင်းအနှီးများကို ပြည်ပသို့ ရွှေ့ပြောင်းမှုရလဒ်နှင့်အတူ ငှားရမ်းခများ ထုတ်နုတ်လိုက်သည့် ပုံစံမျိုးဖြင့် အဓိကဖြစ်ပေါ်သောကြောင့်ဖြစ်သည်ဟု စီးပွားရေးပညာရှင်တို့က ဆိုကြသည်။ (အာဖရိကအာဏာရှင်များသည် ဆွစ်ဇာလန်ဘဏ်စာရင်းများ ထားရှိကြခြင်းဖြစ်သည်)။ ဥပမာအားဖြင့် နိုင်ဂျီးရီးယားတွင် ၁၉၆၀ နှင့် ၁၉၉၉ ခုနှစ်အကြား နိုင်ဂျီးရီးယားခေါင်းဆောင်များက ပြည်သူ့ဘဏ္ဍာများထဲမှ အမေရိကန်ဒေါ်လာ ဘီလျံ ၄၀၀ ခိုးဝှက်ခဲ့သည်ဟု ဆိုသည်။

မက်ဆာချူးဆက် အမ်းဟာ့စ်တက္ကသိုလ်မှ သုတေသနပြုသူများ၏ ခန့်မှန်းတွက်ချက်မှုအရ ၁၉၇၀ ပြည့်နှစ်မှ ၁၉၉၆ ခုနှစ်အထိ ဆာဟာရအောက်ပိုင်း နိုင်ငံပေါင်း ၃၀ မှ စီးထွက်သွားသည့် အရင်းအနှီးသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၇ ဘီလျံရှိပြီး ယင်းသည် အဆိုပါနိုင်ငံများ၏ ပြည်ပချေးငွေများထက် ကျော်လွန်နေသည်ဟု ဆိုသည်။ အကျိုးရလဒ်အားဖြင့် နိုင်ငံဖွံ့ဖြိုးမှုကို တန့်သွား၊ နိမ့်ကျသွားစေသည်။ အာဖရိကနိုင်ငံများ ကိစ္စတွင် ယင်းအမူအကျင့်အတွက် အကြောင်းခြင်းရာတစ်ရပ်မှာ နိုင်ငံရေးမတည်ငြိမ်မှုနှင့် အစိုးရအဖွဲ့သစ်များက ယခင်အစိုးရများ၏ အဂတိလိုက်စားကာ ရယူထားသော ပိုင်ဆိုင်မှုများကို သိမ်းယူလိုက်သည့် အချက်ဖြစ်သည်။ ယင်းအချက်က အဂတိလိုက်စားသော အာဏာပိုင်များအနေဖြင့် နောင်အခါ ပြန်လည်သိမ်းယူခံရမှုမရှိစေရန် ၎င်းတို့၏ ပိုင်ဆိုင် မှုများကို လက်လှမ်းမမီနိုင်သော ပြည်ပ၌ ထားရှိခြင်းကို အားပေးသည်။ ယင်းအာဖရိက ဥပမာနှင့်မတူဘဲ ဆူဟာတိုကဲ့သို့သော အာရှအစိုးရ အာဏာပိုင်များသည် လုပ်ငန်းဆိုင်ရာ ငွေလွှဲပြောင်းမှုများမှလည်းကောင်း သို့မဟုတ် အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှု၊ ဥပဒေနှင့် အမိန့်အာဏာ အစရှိသည်တို့မှတစ်ဆင့် ဖွံ့ဖြိုးမှုဆိုင်ရာအခြေအနေရပ်များ ထောက်ပံ့ခြင်းတို့မှလည်းကောင်း ဖြတ်စားခြင်းကို ဆောင်ရွက်တတ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ အဂတိလိုက်စားမှုများသည် စီးပွားရေးကြီးထွားမှုကို ထိခိုက်စေခြင်းဖြင့် နိုင်ငံ၏စီးပွားရေးကို ချွတ်ခြုံကျစေကာ ပြည်သူအများစုအား ဆင်းရဲတွင်းနက်စေသည့် အဓိကအကြောင်းတရားတစ်ရပ်ဖြစ်ပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။



(မတ် ၁၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent