မျက်မှောက်အခြေအနေ
၂၉-၁-၂၀၁၉ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းပေးရန် အရေးကြီးအဆိုတင်သွင်းသည်။ ဗုံးတစ်လုံး ကျကွဲသည့်နှယ် လှုပ်လှုပ်ခတ်ခတ် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ ထိုင်သူထိုင်၊ ထသူထ၊ ကန့်ကွက်သူ ကန့်ကွက်ကြ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကုန်ကြသည်။
အမှန်တော့ ပါလီမန်တစ်ရပ်၏ သွင်ပြင်လက္ခဏာ အသက်ဝင်လာခြင်းဖြစ်သည်။ ဒီမိုကရေစီနည်းလမ်းတကျ မိမိရပ်တည်ချက်ကို ဖော်ထုတ်ပြသခြင်းဖြစ်၍ စိတ်ပူစရာမရှိပါ။ စိတ်ဝင်စားစရာပင် ကောင်းသေးတော့သည်။ နည်းနာလား၊ ရပ်တည်ချက်လား။ စင်စစ် ပါလီမန်ဆိုသည်မှာ ဒီလိုပါပဲ။ ထိုင်ဝမ်ပါလီမန်ဆိုလျှင် ပါလီမန်အမတ်များ တစ်ဖက်နှင့်တစ်ဖက် ငြင်းခုံရင်း တုတ်များဖြင့်ပင် ရိုက်ကြပါသေးသည်။ တပ်မတော်သားအစုအဖွဲ့ ကိုယ်စားလှယ်ခေါင်းဆောင်တစ်ဦးက “သွေးချောင်းစီးသွားမယ်” ဆိုလား၊ “စစ်တလင်း ဖြစ်သွားမယ်” ဆိုလား မဖုံးနိုင်မဖိနိုင်ကြုံးဝါးသည်။ တစ်ဖက်နှင့်တစ်ဖက် လေးလေးစားစား ယဉ်ကျေးဖွယ်ရာ စွမ်းပကားပြရသည့် နိုင်ငံရေးစင်မြင့်နဲ့တော့ သိပ်မအပ်စပ်လှ။ ၂၁ ရာစုပင်လုံတွင် ဆုံတွေ့ခဲ့ရသော တပ်မတော်သားအစုအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းကို သတိရမိသည်။ ဥပဓိရုပ်ကောင်းကောင်း၊ မျက်နှာချို ချို၊ စကားလုံးချိုချိုဖြင့် မိမိရပ်တည်ချက်ကို ယဉ်ကျေးစွာ ထုတ်ဖော်ပြသသည်။
အရေးကြီးအဆိုတင်သွင်းသည့် ၂၉- ၁-၂၀၁၉ ရက်မှာ NLD ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှု နှစ်နှစ်တင်းတင်း ပြည့်သည့်နေ့ဖြစ်သည်။ ဦးကိုနီက ၂၀၀၈ ခြေဥကို အသစ်ပြန်လည်ရေးဆွဲရန် စိတ်အားထက်သန်သူဖြစ်သည်။
(ထို့ကြောင့်ပင် သူ့ခမျာ အသက်ဆုံးရှုံးရလေသလား မပြောတတ်) နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ရွေးကောက်ပွဲနီးလာချိန်တွင် နိုင်ငံရေးလက်ဦးမှုရယူကာ တိုက်ပွဲခေါ်လိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။ ဒါကလည်း အဆန်းမဟုတ်ပါ။ နိုင်ငံရေးပါတီဟူသည် အခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ မိမိသေနင်္ဂဗျူဟာ၊ နည်းဗျူဟာတို့ ချမှတ်ကျင့် သုံးရသည်မဟုတ်ပါလား။ ပသို့ဆိုစေ ထိုတိုက်ပွဲကြီးကို မည်သူကမျှ ၂၀၀၈ ခြေဥကို မပြင်လိုကြောင်း ဗြောင်ထုတ်မပြောရဲကြ။ နည်းလမ်းမကျလို့ပါ၊ ဥပဒေနှင့် မညီလို့ပါ စသဖြင့် ရင်တွင်းသဘောထားအမှန်ကို ဖုံးကွယ်၍ ဆင်ဝှေ့ရန်ရှောင်၊ မချိသွားဖြဲ ပြောနေကြရသည်။ ဤ ၂၀၀၈ ခြေဥကြီးကို အသက်သွင်းခဲ့သူများ၊ ဤခြေဥကို အမှီပြု၍ ရွှေထီးဆောင်း ကြီးပွားချမ်းသာနေကြသူများပင် မပြင်နဲ့မပြောရဲ။ ပြင်ရမှာပေါ့၊ ဘယ်အချိန် ဘယ်လိုပြင်မယ်ဆိုတာသာ ရွေးချယ်ရမယ်ဟုသာ ပြောနိုင်ကြတော့သည်။ အကြောင်းမှာ ရှင်ကြီးဝမ်းနှင့် ရှင်ငယ်ဝမ်း ဝင်ခဲ့ရသော ဗမာပြည် ပြည်သူများက ၂၀၀၈ ခြေဥဆိုသဟာကြီးကို သဘောထားအမှန်သိရှိကာ အကြောက်တရားကို ခွာချဆန့်ကျင်လာကြသောကြောင့် ဖြစ်ပေသည်။
သို့ဖြစ်ရာ ၂၀၀၈ ခြေဥသည် ဗမာပြည်သမိုင်းတွင် ဘာကြောင့် ပေါ်ပေါက်လာရသလဲ။ မည်သည့်အခြေအနေတွင် ပေါ်ပေါက်လာသလဲ။ မည်သူတွေ ပါဝင်ရေးဆွဲကြသလဲ၊ မည်သူ့အကျိုးစီးပွားကို ကာကွယ်ပေးထားပါသလဲ စသည့်မေးခွန်းများကို ဖြေကြည့်လျှင် အကြောက်တရားကြောင့် မှောက်မှားရန်မလိုသည့် အချိန်တွင် သမိုင်းဝင်စကားတစ်ခွန်းကို ကိုးကား၍ ပြောရပါမည်။ မှောက်ထားသော တောင်းကို လှန်လိုက်သည့်အခါ ၂၀၀၈ ခြေဥကို အဝတ်ဗလာ ကိုယ်လုံးတီးမြင်နိုင်ပေလိမ့်မည်။
မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေသမိုင်း
ကိုယ့်ထီးကိုယ့်နန်းနှင့် နေခဲ့ရသော ခေတ်ကာလများတွင် စည်းကမ်းနည်းလမ်းတကျ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။ ကုန်း ဘောင်ခေတ်တွင် တရားမဌာနနှင့် ရာဇဝတ်ဌာနများ တည်ထောင်နိုင်ခဲ့သည်။ ကင်းဝန်မင်းကြီးကဲ့သို့ ပညာရှင်များက စည်းမျဉ်းခံ ဘုရင်စနစ်ကိုပင် တင်သွင်းနိုင်ရန် ကြိုးစားသည်ကို တွေ့ရသည်။ မြန်မာဘုရင်အဆက်ဆက် မင်းကျင့်တရား ၁၀ ပါး၊ သင်္ဂဟတရား လေးပါး၊ အပရိဟာနိယတရားခုနစ်ပါး စသည်တို့ကို စောင့်ထိန်းလိုက်နာခဲ့ရသည်။ တိုင်းပြည်ကို ရာဇသတ်၊ ဓမ္မသတ်ဖြင့် စီရင်ထိန်း ကျောင်းခဲ့ကြသည်။ သီးခြားစာဖြင့်ရေးသား ထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံတော့ မရှိခဲ့ပါ။
ခေတ်မီဖွဲ့စည်းပုံအခြေခံသဘောသက် ရောက်သည့်ဖွဲ့စည်းပုံဥပဒေခြောက်ခု မြန်မာ့သမိုင်းတွင် တည်ရှိခဲ့သည်။
ကိုလိုနီခေတ်ဖွဲ့စည်းပုံ
၁။ အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် မြန်မာနိုင်ငံကို သတ်မှတ်ခဲ့သည်။ ၁၉၃၇ ခုနှစ် မတိုင်မီပြဋ္ဌာန်းခဲ့သည့် ၁၉၁၉ ခုနှစ် အိန္ဒိယ စီရင်အုပ်ချုပ်မှုအက်ဥပဒေ (The Government of India Act, 1919) ယင်းအက်ဥပဒေ အရ ၂-၁-၁၉၂၃ မှစတင်၍ ဒိုင်အာခီအုပ်ချုပ်ရေးစနစ် ကျင့်သုံးသည်။
၂။ မြန်မာနိုင်ငံကို အိန္ဒိယ၏ ပြည်နယ်အဖြစ်မှခွဲထုတ်ပြီး သီးခြားစီမံအုပ်ချုပ်သည့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှု အက်ဥပဒေ (The Government of Burma Act, 1935)
၃။ ဂျပန်ခေတ် မြန်မာနိုင်ငံဥပဒေပြုအဖွဲ့က ပြဋ္ဌာန်းသည့် ၁၉၄၃ ခုနှစ် ဗမာ့နိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်းပြုလုပ်သော ဥပဒေ။
အဆိုပါကိုလိုနီခေတ်ဥပဒေများကို လေ့လာပါက ဗြိတိသျှကိုလိုနီဘဝတွင် မြန်မာနိုင်ငံအုပ်ချုပ်ရေးကို နယ်ချဲ့အကျိုးစီးပွားအတွက် အာဏာပိုင်အဖွဲ့အစည်းများကို စနစ်တကျ တည်ထောင်လာသည်ကို တွေ့ရပေသည်။ ၁၈၂၄ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ စတင်ပြီး ၂၄ နှစ် ၁၈၂၆ တွင် ရန္တပိုရွာ၌ စစ်ပြေငြိမ်းစာချုပ် ချုပ်ဆိုပြီး မြန်မာပိုင်နက် ဖြစ်ခဲ့သော အာသံမဏိပူရ၊ ရခိုင်နှင့် တနင်္သာရီတို့ကိုပါ အင်္ဂလိပ်လက်သို့ ပေးအပ်လိုက်ရသည်။
၁၈၅၁ ခုနှစ် ပုဂံမင်းလက်ထက်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားသည်။ ၂၀-၁၂-၁၈၅၂ တွင် စစ်ပြေငြိမ်းစာချုပ်ချုပ်ဆိုခြင်းမပြုဘဲ မြေထဲရွာ၌ ကျောက်တိုင်စိုက်ကာ အောက်မြန်မာနိုင်ငံ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့ကို အင်္ဂလိပ်က သိမ်းပိုက်လိုက်သည်။ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီက ဘင်္ဂလားအစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်ရှိ ဘင်္ဂလားပြည်နယ်ဖြစ်ကြောင်း သတ်မှတ်ကြေညာခဲ့သည်။
ထိုသို့ သိမ်းပိုက်ပြီးနောက် ၁၈၆၃ ခုနှစ် အက်ဥပဒေအမှတ် (၁) ဖြင့် တရားရုံးခြောက်မျိုးကို စတင်တည်ထောင်သည်။ Recorder’s Court and Small Cause Court ကို ဆက်လက်တည်ထောင်ခဲ့သည်။ ၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးနောက် မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်က ကျွန်ပြုသိမ်းပိုက်လိုက်သည်။
၁-၁-၁၈၈၆ ရက်စွဲဖြင့် မြန်မာပြည်သည် ဗြိတိန်ဘုရင်မကြီး၏ နိုင်ငံတော်ဖြစ်သည်ဟု တော်ဝင်အမိန့်တော်အမှတ် (၁) ကို ကြေညာခဲ့သည်။ ၁၈၈၆ ခုနှစ် အက်ဥပဒေ အမှတ် ၂၀ ဖြင့် အထက်မြန်မာနိုင်ငံ တရားရေးကော်မရှင်နာရုံးကို တည်ထောင်ခဲ့သည်။ ရှမ်းပြည်နယ်နှင့် ပြည်မကြီးကို သွေးခွဲအုပ်ချုပ်ခဲ့သည်။
The Upper Bumer law 1887 ၊ The Shan State Act 1882 နှင့် The Burma Law Act 1898 တို့ကိုပြဋ္ဌာန်းပြီး ရှမ်းပြည်နယ်တွင် ပြည်မဥပဒေများ အာဏာသက် ရောက်မှုမရှိဘဲ သီးခြားအုပ်ချုပ်ခဲ့သည်။ သီးခြားအမိန့်များဖြင့် အုပ်ချုပ်ဆောင်ရွက်ခဲ့သည်။ The Shan State Arms Order 1924 နှင့် The Shan State Excise Order 1925 တို့ကဲ့သို့ သီးခြားအမိန့်များ ဖြစ်သည်။ အရေးကြီးသည့်အချက်မှာ၁၉၂၂ တွင် ဆိုခဲ့သည့် The Government of India Act, 1919 အရ (Letters Patent) မြန်မာနိုင်ငံ တရားရုံးများအက်ဥပဒေနှင့် ရန်ကုန်မြို့တော် တရားမတရားရုံးဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့သည်။ ရန်ကုန်မြို့ တရားလွှတ်တော်ကိုလည်း တည်ထောင်ခဲ့သည်။
၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှုအက်ဥပဒေသည် ဖွဲ့စည်းပုံအခြေခံ (၁) ရပ်၏ အင်္ဂါရပ်များဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ခွဲခြားကျင့်သုံးရန် ပြဋ္ဌာန်းထားသည်။ ယင်းဥပဒေတွင် အပိုင်း (၁၄) ပိုင်း ပုဒ်မ (၁၅၉) ဇယားခြောက်ခုပါဝင်သည်။ အပိုင်း ၂ တွင် ဘုရင်ခံခန့်ထားခြင်း၊ ဝန်ကြီးအဖွဲ့ဖွဲ့စည်းခြင်း၊ စီရင်အုပ်ချုပ်ခြင်း၊ အစိုးရရှေ့နေ့ ခန့်ထားခြင်း၊ အပိုင်း ၃ နှင့် ၄ တို့တွင် ဥပဒေပြုအဖွဲ့နှင့် ဥပဒေပြုကိစ္စ၊ အပိုင်း ၆ ဘဏ္ဍာရေး နှင့်ဘတ်ဂျက် စာရင်းစစ်ချုပ်ခန့်ထားခြင်း၊ အပိုင်း ၈ တွင် တရားလွှတ်တော်ဖွဲ့စည်းခြင်း တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးများခန့်ထားခြင်း၊ တရားစီရင်ခြင်း၊ အပိုင်း ၉ တွင် နိုင်ငံတော်ကာကွယ်ရေးကိစ္စ၊ အပိုင်း ၁၀ တွင် အိန္ဒိယနှင့် ဆက်သွယ်ဆောင်ရွက်မှုများကို ပြဋ္ဌာန်းထားသည်။ ဒုတိယ ဇယားတွင် ဥပဒေများ အာဏာသက်ရောက်ခွင့်ကိစ္စ၊ တတိယဇယားတွင် ဥပဒေပြုအဖွဲ့ လွှတ်တော်နှစ်ရပ်ထားရှိပြီး အောက်လွှတ်တော်ဟုခေါ်သော (House of Representative ) နှင့် အထက်လွှတ်တော် (Senate) တို့တွင် ပါဝင်သောအမတ်များ၏ အရေအတွက်များ အရည်အချင်းတို့ကို သတ်မှတ်ပြဋ္ဌာန်းထားသည်။ လွှတ်တော်သက်တမ်းမှာ လေးနှစ်ဖြစ်သည်။ ရုံးသုံးဘာသာမှာ အင်္ဂလိပ်ဘာသာဖြစ်သည်။ ဤအက်ဥပဒေသည် ၁- ၄-၁၉၃၇ ရက်နေ့တွင် အာဏာသက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်အထိ ဤအက်ဥပဒေကို ကျင့်သုံးခဲ့သည်။
၁၉၄၂ ခုနှစ် မတ်လတွင် ဘီအိုင်အေနှင့် ဂျပန်တပ်များက ရန်ကုန်မြို့ကို သိမ်းပိုက်နိုင် ခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးကို ဂျပန်တပ်များ သိမ်းပိုက်ပြီးနောက် ဂျပန်အာဏာပိုင်တို့က မြန်မာပြည်ဗဟိုအစိုးရကို ဖွဲ့စည်းပေးခဲ့သည်။ သို့ရာတွင် ဂျပန်စစ်အုပ်ချုပ်ရေးအောက်တွင် ဖွဲ့စည်းဆောင်ရွက်ရခြင်းဖြစ်သည်။ ဂျပန်တို့သည် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကို စစ်အုပ်ချုပ်ရေးနှင့် အုပ်ချုပ်ခဲ့သည်။ ထူးခြားချက်မှာ ရှမ်းစော်ဘွားများအား သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် ပဒေသရာဇ်စနစ်ဖြင့် ဆက်လက်အုပ်ချုပ်ခွင့်ပြုခဲ့သည်။ ၂၈-၁-၁၉၄၃ ရက်နေ့တွင် ဂျပန်ဒိုင်ယက်လွှတ်တော် ၌ ဝန်ကြီးချုပ်တိုဂျိုက မြန်မာနိုင်ငံကို တစ် နှစ်အတွင်း လွတ်လပ်ရေးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၁၁-၃-၁၉၄၃ ရက်တွင် ဂျပန်အစိုးရက ဒေါက်တာဘမော်၊ သခင်မြ၊ ဒေါက်တာသိန်းမောင်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ကို ခေါ်ယူကာ ဆွေးနွေးခဲ့ကြသည်။ ၈-၅-၁၉၄၃ ၌ ဗမာပြည်လွတ်လပ်ရေး စီစဉ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ဂျပန်အကြံပေးအရာရှိ ဗိုလ်ချုပ်ကြီး အီဆိုမူယာ၏ လမ်းညွှန်မှုဖြင့် မြန်မာများက ၁၉၄၃ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲပြီး ၁-၈-၁၉၄၃ တွင် လွတ်လပ်ရေးကြေညာခဲ့သည်။
၁၉၄၃ ခုနှစ် ဂျပန်ခေတ်မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အပိုင်း ၁၂ ပိုင်းပါဝင်သည်။ အပိုင်း ၁ နိုင်ငံတော်အခန်းတွင် အာဏာသုံးရပ်သည် ပြည်သူလူထုမှ ဆင်းသက်ကြောင်းအတည်ပြုကာ မြန်မာနိုင်ငံသည် မဟာအာရှတိုက်သား သာတူညီမျှ ကောင်းစားရေး အသိုက်အဝန်းတွင် လွတ်လပ်၍ တန်းတူသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း အတည်ပြုသည်။ နိုင်ငံတော်အကြီးအကဲမှာ အဓိပတိဖြစ်ပြီး ဝန်ကြီးအဖွဲ့ကို နိုင်ငံတော်အဓိပတိက ရွေးချယ်ခန့်အပ်သည်။ အတိုင်ပင်ခံကောင်စီ (Privy Council) တစ်ခု တည်ထောင်ထားရှိသည်။
ယင်းကောင်စီတွင် အဖွဲ့ဝင် ၂၀ ထက်မနည်း ၂၅ ထက်မများ ပါဝင်ဖွဲ့စည်းပြီး အခွန်အတုတ် နှစ်စဉ်ဘတ်ဂျက်၊ နိုင်ငံတော်ကြွေးမြီများ ပုံမှန်ဥပဒေပြုခြင်းနှင့် စစ်ပြေငြိမ်းစာချုပ်နှင့် အခြားစာချုပ်များ ကွန်ဗင်းရှင်းများ ချုပ်ဆိုရာတွင် အဓိပတိကို အကြံပေးရသည်။ ကောင်စီဝင်များကို အဓိပတိက ဝန်ကြီးအဖွဲ့ နှင့် တိုင်ပင်ခန့်အပ်သည်။ အဓိပတိသည် ဝန်ကြီးအဖွဲ့နှင့်တိုင်ပင်၍ သာမန်ဥပဒေပြု ခွင့်အာဏာရှိပြီး အတိုင်ပင်ခံကောင်စီ၏ သဘောထားကိုလည်း ရယူသည်။ စစ်ကြေညာခြင်း၊ စစ်ပြေငြိမ်းခြင်း၊ နိုင်ငံသားအခွင့် အရေးများကန့်သတ်ခြင်း စသည့်သေရေး ရှင်ရေးကိစ္စများတွင် အဓိပတိနှင့် အစိုးရအဖွဲ့သည် အတိုင်ပင်ခံကောင်စီတွင် အသိပေး သဘောထားရယူရန် လိုအပ်ပေသည်။
အခန်း ၆ အခြေခံအခွင့်အရေးများအခန်းတွင် ဗမာတိုင်းရင်းသားများ (Burmese Nation) ကိုသာ အခြေခံအခွင့်အရေးများ အပ်နှင်းထားပေသည်။ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ ထုတ်ဖော်ပြောကြားခွင့်၊ အခြေချနေထိုင်ခွင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် စုဝေးစည်းရုံးခွင့်ပေးထားကြောင်း တွေ့ရသည်။ သမဂ္ဂများ၊ အဖွဲ့အစည်းများ၊ ဖွဲ့စည်းခွင့်ပေးထားသည်။ ဖွဲ့စည်းခွင့်လည်းရှိသည်။ တရား စီရင်ရေးတွင် တရားလွှတ်တော် (Supreme Court) သည် အမြင့်ဆုံးတရားရုံးဖြစ်သည်။ တရားသူကြီးချုပ်နှင့် တရားသူကြီးများကို နိုင်ငံတော်အဓိပတိက ခန့်အပ်သည်။ တရားစီရင်ရာတွင် လွတ်လပ်သည့်တည်ဆဲဥပဒေများကိုသာ နာခံရမည်ဖြစ်သည်။ တရားစီရင်ရာတွင် လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံသားဖြစ်မှုတို့ကို ထည့်သွင်းစဉ်းစားရန် မလိုအပ်။
သို့ရာတွင် အပြည်ပြည်ဆိုင်ရာဥပဒေများ စစ်ခုံရုံးဖြင့်သာ အရေးယူနိုင်သောပြစ်မှု အမျိုးအစားကို ကျူးလွန်သည့် ဗမာ့တပ်မတော်လက်နက်ကိုင်များ မဟာမိတ်တပ်ဖွဲ့ဝင်များ နိပွန်တပ်မတော်သားများအပေါ် စီရင်ခွင့်မရှိ။ မြန်မာစာသည် ရုံးသုံးဘာသာစကား ဖြစ်သည်။ ရာထူးဝန်အဖွဲ့၏ အခွင့်အာဏာကို အဓိပတိကကျင့်သုံးသည်။ ကာကွယ်ရေးတွင် နိုင်ငံတော်အဓိပတိသည် စစ်သေနာပတိချုပ် ဖြစ်သည်။ စစ်ဝန်ကြီးက နိုင်ငံတော် အဓိပတိကို တိုက်ရိုက်တာဝန်ခံပြီး စစ်တပ်ကို အုပ်ချုပ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုတွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ အတည်ပြုမှုနှင့် အတိုင်ပင်ခံကောင်စီဝင် လေးပုံသုံးပုံတက်ရောက်ပြီး တက်ရောက်သူ သုံးပုံနှစ်ပုံက ထောက်ခံချက်ဖြင့် ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်သည်။