ပါးစပ်ပါ၍ စားကြသည်ဟုဆိုသော်လည်း

ပါးစပ်ပါ၍ စားကြသည်ဟုဆိုသော်လည်း
Published 13 March 2019

အစိုးရယန္တရားအတွင်း အရာထမ်းအမှုထမ်းများနှင့် နိုင်ငံရေးအာဏာရယူထားကြသူများ၏ အကျင့်ပျက်ခြစားမှုသည် အနည်းနှင့်အများသာကွာ၍ နိုင်ငံအများတွင် ပုံသဏ္ဌာန်မျိုးစုံဖြင့် ရှိနေတတ်ကြသည်။ မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲသောတိုင်းပြည်တစ်ခုတွင် လာဘ်ပေးလာဘ်ယူမှုများသည် အမြစ်တွယ်သကဲ့သို့ နှစ်ပေါင်းများစွာကပင် တည်ရှိနေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ အာဏာရှင်စနစ်ကြောင့် အဂတိသည် ပို၍လှိုက်စားကာ အထက်အလယ်အောက် အဆင့်အမျိုးမျိုးတွင် ပျံ့နှံ့၍ အဂတိသည်ပင်လျှင် မိမိတို့၏ ရပိုင်ခွင့်အခွင့်အရေးဟု ထင်မြင်လာကြသည်အထိ ဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း အစိုးရ၏ယန္တရားသည် ဂုဏ်သိက္ခာရှိစွာဖြင့် အဆင့်မြင့်မြင့် လည်ပတ်လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ ယင်း၏ အကျိုးဆက်ကြောင့် တိုင်းပြည်သည် ဆင်းရဲတွင်းနက်သည်ထက် နက်ခဲ့ရသည်။

ထိုအခါများတွင် ပြည်သူလူထုသည် နိုင်ငံရေးအာဏာရယူထားသူများကို အထင်ကြီးလေးစားခြင်းမရှိသကဲ့သို့ အစိုးရဌာနများနှင့် ဝန်ထမ်းများထံ သွားရောက်ထိတွေ့ဆက်ဆံရမည်ကို ဆိုးရွံကြသည်။ အခွင့်အာဏာကြီးသော ထိပ်ပိုင်းပုဂ္ဂိုလ်တို့၏ အဂတိကို လူထုက မြင်သွားသည့်အခါ အဂတိကင်းသော လာဘ်ပေးလာဘ်ယူမရှိသော ဝန်ထမ်းများ အကြီးအကဲများကိုပါ အထင်မကြီးတတ်ကြတော့ပေ။ အုပ်ချုပ်မှု ယန္တရားတစ်ခုလုံးသည် အဂတိမကင်းနိုင်ဟု ယူဆသွားတတ်ကြသည်။ ယခင်ကဆိုလျှင် အစိုးရအာဏာပိုင်များနှင့် ဆက်ဆံရာ၌ “ပါးစပ်ပါသလား၊ ပါးစပ်ပါရင် စားမှာပဲ” ဘာပဲဖြစ်ဖြစ် လာဘ်ပေးရင် ကိစ္စအားလုံး ပြီးစီးနိုင်သည်ဟူ၍ ပြောစမှတ်ဖြစ်ခဲ့သည်။

ဒီမိုကရေစီအသွင်ကူးပြောင်းသည့် ကာလဟုဆိုရမည့် ၂၀၁၀ နောက်ပိုင်းတွင်လည်း အာဏာပိုင်အဖွဲ့အစည်းအချို့နှင့် နိုင်ငံရေးအာဏာ ရယူထားသူအချို့၏ လာဘ်ပေး လာဘ်ယူမှု သတင်းများ ထွက်ပေါ်ခဲ့ပြန်သည်။ နိုင်ငံတွင် အမြစ်တွယ်နေသော အဂတိလိုက်စားမှု ကိုင်တွယ်ဖြေရှင်းရန် ဦးသိန်းစိန်အစိုးရ လက်ထက်က ကြွေးကြော်ခဲ့ပြီး အရေးယူမှုအချို့ ပြုလုပ်ခဲ့သော်လည်း လူထုမျှော်လင့်သကဲ့သို့ အဂတိလိုက်စားမှုများအပေါ် ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်းမရှိခဲ့သဖြင့် ဝေဖန်ခံခဲ့ရသည်။ လက်ရှိ NLD အစိုးရလက်ထက်တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အား လာဘ်စားမှုဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိပုဒ်မဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့သည်။

ယခုအစိုးရလက်ထက်တွင် နိုင်ငံရေးအာဏာ ရယူထားသူများထဲမှ ရာထူးကြီးသည့် ဝန်ကြီးချုပ်တစ်ဦးကို ပထမဦးဆုံးဖြင့် စတင်အရေးယူလိုက်ခြင်းလည်း ဖြစ်သည်။ သို့သော်လည်း အစိုးရအနေဖြင့် တနင်္သာရီတိုင်းဝန်ကြီးချုပ်နှင့်ပတ်သက်၍ အကျင့်ပျက်ခြစားမှု အသံများ၊ တိုင်ကြားမှုများအပေါ် ယခုသုံးနှစ်တာကာလသို့ ရောက်လာသည်အထိမှပင် အရေးယူမှု စတင်နိုင်ခဲ့သည့်အပေါ် ဝေဖန်မေးခွန်းထုတ်မှုများလည်း ရှိခဲ့သည်။ ထို့ပြင် NLD အစိုးရလက်ထက်၌ အခြားသော နိုင်ငံရေးအာဏာရယူထားသူအချို့၏ အဂတိနှင့်ပတ်သက်သည့် ဝေဖန်မှုများ စီမံကိန်း လုပ်ငန်းကြီးများနှင့်ပတ်သက်၍ အဂတိသံသယရှိဖွယ် အခြေအနေများ၊ ဘတ်ဂျက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ကျော်လွန်လုပ်ဆောင်နေမှုများအပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။

အထက်ကဆိုသကဲ့သို့ပင် အဂတိနှင့်ပတ်သက်ပြီး ခေတ်အဆက်ဆက် ပြဿနာများ ရှိသကဲ့သို့ နိုင်ငံရေးအာဏာ ရယူထားကြသူများသည် အရိယာ သူတော်စင်များမဟုတ်၍ အဂတိကို ရာနှုန်းပြည့် ကင်းစင်ပါသည်ဟုဆိုလျှင် မည်သူမျှလက်ခံနိုင်မည် မဟုတ်ပေ။ လူမှန်လျှင် ဖောက်ပြန်တတ်သည်၊ ပါးစပ်ပါလျှင် စားကြလိမ့်မည်ဟု ဆိုရေးရှိရာ မိမိတို့အနေ ဖြင့်အုပ်ချုပ်မှုကောင်းသော အစိုးရတစ်ရပ်ဖြစ်ကြောင်း လူထုကိုပြလိုလျှင် ဖောက်ပြန်တတ်သူများ အကျင့်ပျက်ခြစားသူများအပေါ် ပြတ်ပြတ်သားသား ကိုင်တွယ်ပြနိုင်ရန် လိုသည်။ ယခုကဲ့သို့ လူထု၏အသံကို နားထောင်၍ ဝန်ကြီးချုပ်တစ်ဦးကို အရေးယူပြသကဲ့သို့ လူအများကြား မေးခွန်းထုတ်ခံနေရသူများ အဂတိနှင့်ပတ်သက်လျှင် သံသယဖြစ်ဖွယ် ရှိနေသူအချို့ကိုလည်း ဆက်လက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်သည်။ သို့မှသာ သန့်ရှင်းသည့်အစိုးရ Clean Government အဖြစ် လူထုလက်ခံအောင် လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သည်။ ထို့ပြင် သတိချက်သင့်သည်မှာ အဂတိကို ကိုင်တွယ်ဖြေရှင်းရာတွင် လူထုကို ပွင့်လင်းမြင်သာစွာ ချပြနိုင်ရန် လိုအပ်ပြီး အဂတိဖြစ်ပြီးမှ အရေးယူသည်ထက် မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မှုသည်လည်း အရေးကြီးသည်။ ထို့ပြင် အဂတိကို တိုက်ဖျက်ရာ၌ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့အပေါ်သာ ဗဟိုပြုမှုကို ရှောင်ရှားပြီး ခိုင်မာသော ဥပဒေစည်းမျဉ်းများအတိုင်း သွားသင့်ပေသည်။ လူကိုခင်လျှင် မူကိုပြင်နိုင်ခြင်းကြောင့် လူနှင့်မူကို ပိုင်းခြားထားသော ခိုင်မာသည့်မူဝါဒတစ်ရပ်ဖြင့် အဂတိတိုက်ဖျက်ရေးကို လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မတ်လ ၁၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

Most Read

Most Recent