တာဝန်ခံမှုရှိသော၊ လိုလိုလားလားတုံ့ပြန်မှုရှိသော၊ တရားဝင်သော အစိုးရ

တာဝန်ခံမှုရှိသော၊ လိုလိုလားလားတုံ့ပြန်မှုရှိသော၊ တရားဝင်သော အစိုးရ
Published 12 March 2019

အစိုးရတစ်ရပ်အကြောင်း ပြောဆိုကြသည့်အခါ ကျွမ်းကျင်သော (Efficient) ၊ ထိရောက်သော (Effective) ၊ တာဝန်ခံမှုရှိသော (Accountable) ၊ တာဝန်ယူနိုင်သော (Responsible) ၊ လိုလိုလားလားတု့ံပြန်မှုရှိသော (Responsive) နှင့် တရားဝင်သော  (Legitimate) အစရှိသည့် နာမဝိသေသနများက မဖြစ်မနေ ထွက်ပေါ်၍လာမည်ဖြစ်သည်။ စင်စစ်၊ ယင်းတို့သည် အစိုးရတစ်ရပ်အနေဖြင့် ရှိသင့်ရှိအပ်သော အရည်အသွေးများ ဖြစ်သည်။ ကျွမ်းကျင်သောအစိုးရဟူသည် ကောင်းမွန်စွာစုစည်းဖွဲ့စည်းထားခြင်း၊ ရင်းမြစ် ကြွယ်ဝခြင်း၊ ကျွမ်းကျင်ပိုင်နိုင်ခြင်းနှင့် ဖြစ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းဖြင့် နိုင်ငံကို အုပ်ချုပ်နိုင်ခြင်းတို့ ရှိရမည်ဖြစ်သည်။ ထိရောက်သောအစိုးရဟူသည် မိမိ၏တာဝန်ဝတ္တရားများကို ကြန့်ကြာနှောင့်နှေးမှုမရှိဘဲ ဆောင်ရွက်နိုင်ရမည် ဖြစ်သည်။ နိုင်ငံသားတို့အတွက် ကောင်းကျိုးရှိသော စီမံကိန်းများကိုသာ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရမည်ဖြစ်သည်။  တာဝန်ခံမှုရှိသော အစိုးရဟူသည် နိုင်ငံသားများအား ပြန်လည်ဖြေကြားသည့် အစိုးရဖြစ်သည်။ နိုင်ငံသားများကိုယ်စား ချမှတ်သည့် ဆုံးဖြတ်ချက်များအားလုံးအတွက် ယင်းကဲ့သို့ပြုလုပ်ရန် အစိုးရ၌ တာဝန်ရှိသည်။ တာဝန်ယူနိုင်သော အစိုးရတစ်ရပ်သည် နိုင်ငံသားအများစုအတွက် အသုံးဝင်သည့် ဆုံးဖြတ်ချက်များကိုသာ ချမှတ်ရမည်ဖြစ်သည်။ အစိုးရဟူသည် မှားယွင်းသောဆုံးဖြတ်ချက်များအတွက် တာဝန်ရှိမှုကို လက်ခံရမည်ဖြစ်ပြီး ချက်ချင်းပြန်လည်ပြင်ဆင်မှု ပြုလုပ်ရမည်ဖြစ်သည်။ တရားဝင်သော အစိုးရဟူသည် တရားဥပဒေနှင့်ညီသော အစိုးရဖြစ်ပြီး နိုင်ငံသားအားလုံးအပေါ် ဥပဒေများကို တစ်ပြေးညီ ကျင့်သုံးရမည်ဖြစ်သည်။ ပြည်သူများကို အကြောက်တရားမရှိစေဘဲ၊ မျက်နှာလိုက်မှုမရှိဘဲ အုပ်ချုပ်ရေးကို ဆောင်ရွက်ရမည်ဖြစ်သည်။

ဖော်ပြပါအရည်အသွေးများကို ဒီမိုကရေစီနှင့် ဆက်စပ်စဉ်းစားကြည့်ရမည်ဖြစ်သည်။ ဒီမိုကရေစီသည် ချိန်ဆမှုနှင့် စေ့စပ်ညှိနှိုင်းမှု သဘောတရားများအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ချိန်ဆမှုနှင့် စေ့စပ်ညှိနှိုင်းမှုတို့က ကြန့်ကြာမှုကို ဖြစ်စေနိုင်သည်သာဖြစ်၏။ ထို့ကြောင့် ဒီမိုကရေစီစနစ်တစ်ရပ်တွင် အရေးကြီးသည့် ဆုံးဖြတ်ချက်အချို့ကို ချမှတ်သည့် အခါ ကြန့်ကြာနိုင်ခြေတစ်ခုရှိသည်။ ယင်းကြန့်ကြာမှုများသည် နိုင်ငံသားတို့၏ ကောင်းကျိုးနှင့်ပတ်သက်၍ ပြဿနာများဖြစ်စေနိုင်ပြီး အစိုးရအား ကျွမ်းကျင်ထိရောက်မှု နည်းသွားစေနိုင်သည်။ သို့သော် ချိန်ဆမှုနှင့် စေ့စပ်ညှိနှိုင်းမှုတို့၌ အရေးကြီးသော အဓိကအားသာချက်တစ်ရပ် ရှိသည်။ ယင်းမှာ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်များကို ပြည်သူများအားလုံး လက်ခံနိုင်မှုအား ပို၍သေချာစေခြင်း ဖြစ်သည်။

သဘောတရားအရကြည့်လျှင် အာဏာရှင်အစိုးရတစ်ရပ်သည် ဆုံးဖြတ်ချက်များ ချမှတ်ရန် အချိန်မယူရသောကြောင့် ကုန်ကျမှုအရ သက်သာနိုင်သည်။ လူတစ်ဦးတည်းက ဆုံးဖြတ်ချက်များ ချမှတ်လိုက်ခြင်းဖြစ်၍ ချိန်ဆရမှု မပါပေ။ ဒီမိုကရေစီစနစ်၌ ချိန်ဆမှု နှင့် စေ့စပ်ညှိနှိုင်းမှုတို့ကြောင့် ကုန်ကျမှုရှိနိုင်သည်။ သို့သော် အာဏာရှင်စနစ်တစ်ရပ်၌ ဆုံးဖြတ်ချက်များကို ပြည်သူများက လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။ ယင်းအချက်က ကြီးမားသောပြဿနာများကို ဖြစ်စေသည်။ ဒီမိုကရေစီနည်းကျ ချမှတ်လိုက်သော ဆုံးဖြတ်ချက်များကိုမူ ပြည်သူများက လက်ခံနိုင်စွမ်းရှိပေသည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်၌ အချိန်အနေဖြင့် ကုန်ကျမှုရှိသော်လည်း အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေနိုင်သည်။

ဒီမိုကရေစီစနစ်၌ အစိုးရသည် နိုင်ငံသားများအပေါ် တာဝန်ခံရသောကြောင့် ဆုံးဖြတ်ချက်မှန်သမျှသည် ပွင့်လင်းမြင်သာမှု ရှိရမည်ဖြစ်သည်။ ယင်းစနစ်တွင် နိုင်ငံသား များသည်လည်း ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်၌ ပါဝင်သည်သာ ဖြစ်သည်။ ဒီမိုကရေစီ၌ ချမှတ်သည့် ဆုံးဖြတ်ချက်များအတွက် တာဝန်ယူရသည်။ ဆုံးဖြတ်ချက်မှားယွင်းခဲ့ပါက ချက်ချင်း ပြန်လည်ပြင်ဆင်ရမည်မှာလည်း အစိုးရ၏ တာဝန်ဖြစ်သည်။ ဒီမိုကရေစီစနစ်၌ အစိုးရတစ်ရပ်အနေဖြင့် တရားဝင်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာရသည်။ မည်သူမျှ တရားဥပဒေ၏ အထက်၌မရှိဘဲ အစိုးရအဖွဲ့ဝင်များအပါအဝင် နိုင်ငံသားအား လုံး ဥပဒေများကို လိုက်နာကြရသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပရပြီး ပြည်သူများတွင် မိမိတို့ ကျေနပ်မှုမရှိသည့် ပါတီများ၊ ကိုယ်စားလှယ်များကို လာမည့်ရွေးကောက်ပွဲ၌ ဖယ်ရှားပစ်နိုင်သော အာဏာမျိုးရှိရသည်။

ဒီမိုကရေစီစနစ်၌ အစိုးရအနေဖြင့် လိုလိုလားလားတု့ံပြန်မှုရှိရသည်။ အစိုးရသည် ပွင့်လင်းမြင်သာမှုရှိသည့် ပုံစံတစ်ရပ်ဖြင့်သာ ဆောင်ရွက်ရသည်။ သာမန်ပြည်သူတစ်ဦး အနေဖြင့် အစိုးရထံ ချဉ်းကပ်ကာ သူ၏ မကျေနပ်ချက်များကို တင်ပြနိုင်ပြီး အစိုးရက လိုအပ်သည့်တုံ့ပြန်မှု ပြုလုပ်ပေးရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ဖြစ်စေ၊ အာဏာရှင်စနစ်ဖြစ်စေ အစိုးရအဖွဲ့များ၌ အကြီးမားဆုံးပြဿနာတစ်ရပ်ရှိသည်။ ယင်းမှာ အဂတိလိုက်စားမှုဖြစ်သည်။ ပြည်သူများက ၎င်းတို့ကို ကိုယ်စားပြုမည့်သူများအား ရွေးကောက်ပွဲမှတစ်ဆင့် ရွေးချယ်လိုက်ကြသော်လည်း ၎င်းတို့က ရွေးချယ်လိုက်သူများသည် ပြည်သူများ၏ ကောင်းကျိုးချမ်းသာအစား ပြည်သူ့အာဏာကို အလွဲသုံးစားပြု၍ မိမိတို့၏ ကိုယ်ကျိုးကိုသာ လုပ်ဆောင်ကြသောအခါ ဒီမိုကရေစီစနစ်များ ကျဆုံးရလေသည်။

မည်သည့်အစိုးရမျိုးမဆို ပြည်သူများ၏ ကောင်းကျိုးချမ်းသာကို ရှေးရှုခြင်းမရှိပါက  တရားဝင်သော အစိုးရဟု ခေါ်ဆိုနိုင်မည်မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။



(မတ်လ ၁၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent