လူတစ်ဦးချင်းစီ၏ အခွင့်အရေးနှင့် အရပ်ဘက်ဆိုင်ရာ လွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်ရန် တရားမျှတမှုနှင့် ငြိမ်းချမ်းရေး၌ အခြေခံကာ တည်ဆောက်ထားသော စနစ်တစ်ရပ်အား အာမခံရသော အစိုးရတစ်ရပ်ဆီသို့ ချဉ်းကပ်မှုတစ်ရပ်ကို ကောင်းသောအုပ်ချုပ်ရေးဟု ခေါ်ဆိုသည်။ ကုလသမဂ္ဂ၏ သတ်မှတ်ချက်အရ ကောင်းသော အုပ်ချုပ်ရေးဟူသည်ကို အကြောင်းခြင်းရာ ရှစ်ရပ်ဖြင့် တိုင်းတာနိုင်သည်။
ပါဝင်မှု - အားလုံးသော အုပ်စုများ၊ အထူးသဖြင့် အားအနည်းဆုံး အုပ်စုများအနေဖြင့် အစိုးရ၏ စနစ်များကို တိုက်ရိုက်ဖြစ်စေ၊ ကိုယ်စားပြုမှုဖြင့်ဖြစ်စေ ပါဝင်နိုင်ရမည်ဖြစ်သည်။ ယင်းကို အဖွဲ့အစည်းဆိုင်ရာ လွတ်လပ်ခွင့်များနှင့် လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်များ နှင့်အတူ အားကောင်းသော အရပ်ဘက် လူ့အဖွဲ့အစည်းများအဖြစ် အကောင်အထည်ဖော်ရသည်။
တရားဥပဒေစိုးမိုးရေး - နိုင်ငံသားအားလုံး၊ အထူးသဖြင့် အင်အားနည်းသောအုပ်စုများ၏ အရပ်ဘက်ဆိုင်ရာ လွတ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် သမာဓိရှိသော ဥပဒေရေးရာစနစ်များဖြင့် အကောင်အထည်ဖော်ရသည်။ အဂတိလိုက်စားမှု ကင်းစင်သည့် လွတ်လပ်သော တရားစီရင်ရေးကဏ္ဍနှင့် ရဲတပ်ဖွဲ့တို့ အားဖြင့် ဖော်ဆောင်ရသည်။
ပွင့်လင်းမြင်သာမှု - ဆုံးဖြတ်ချက်ချမှတ်ပုံနည်းလမ်းများနှင့် ဆုံးဖြတ်ချက်ချမှတ်ပုံများ ကို နိုင်ငံသားများ နားလည်သဘောပေါက်မှုနှင့် ပါဝင်မှုရှိရမည်ဖြစ်သည်။ အထူးသဖြင့် ယင်းဆုံးဖြတ်ချက်များက နိုင်ငံသားများအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည့်အခါများ၌ ဖြစ်သည်။ နိုင်ငံသားများ သိရှိရန်လိုအပ်သည့် ယင်းအချက်အလက်များကို နားလည်နိုင်သော အလွယ်တကူရရှိနိုင်သော ပုံစံမျိုးဖြင့် ထောက်ပံ့ရမည်ဖြစ်သည်။ အထူးသဖြင့် မီဒီယာများမှတစ်ဆင့် ဖော်ပြပေးရမည် ဖြစ်သည်။
မဆိုင်းမတွ တုံ့ပြန်မှု - အစိုးရအင်စတီကျူးရှင်းများအနေဖြင့် သက်ဆိုင်သူများထံသို့ ကျိုးကြောင်းဆီလျော်သော အချိန်မူဘောင်အတွင်း တုံ့ပြန်မှုပေးရမည်ဖြစ်သည်။
အများသဘောတူညီမှုကို ရှေးရှုခြင်း - ကွဲပြားခြားနားနေသည့် နိုင်ငံသားတို့၏ အမျိုးမျိုး ကွဲပြားနေသော လိုအပ်ချက်များ၊ အမြင်များနှင့် မျှော်လင့်ချက်များအကြား ချိန်ညှိပေးရန် ကြိုးပမ်းရမည်ဖြစ်သည်။ လိုအပ်သည့် ဆုံးဖြတ်ချက်များကို ချမှတ်ပုံသည် သက်ဆိုင်ရာ လူ့အသိုင်းအဝိုင်း၏ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အကြောင်းအရာများကို နက်ရှိုင်းစွာ နားလည်မှုတစ်ရပ်အား ထင်ဟပ်ပြနိုင်ရမည်ဖြစ်သည်။
တန်းတူညီမျှမှုနှင့် အားလုံးပါဝင်မှု - ယင်းသည် ၎င်းတို့၏ ကောင်းကျိုးချမ်းသာကို တိုးတက်အောင် ပြုလုပ်ပေးရန် သို့မဟုတ် ထိန်းသိမ်းပေးရန် လူ့အဖွဲ့အစည်းဝင်အားလုံး အနေဖြင့် ၎င်းတို့ကိုယ်တိုင် ပါဝင်ပြီး ၎င်းတို့၌လည်း အာဏာရှိသည်ဟု ခံစားရစေရေး အာမခံရမည်ဖြစ်သည်။ အထူးသဖြင့် အားအနည်းဆုံးသော လူများနှင့် အုပ်စုများအတွက် ဖြစ်သည်။
ထိရောက်မှုနှင့် လုံလောက်မှု - ရင်းမြစ်များကို အသုံးပြုမှုသည် လူ့အဖွဲ့အစည်းတစ်ရပ်၏ လိုအပ်ချက်များနှင့် စဉ်ဆက်မပြတ် ကိုက်ညီရမည်ဖြစ်သည်။ လူမှုရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများသည် ထိရောက်မှုနှင့် လုံလောက်မှုရှိရမည့်အပြင် အနာဂတ်မျိုးဆက်များအတွက်လည်း ထိန်းသိမ်းပေးနိုင်ရမည်ဖြစ်သည်။
တာဝန်ခံမှု - အင်စတီကျူးရှင်းများသည် ပြည်သူများအတွက်လည်းကောင်း၊ ပြည်သူများ တစ်ဦးနှင့်တစ်ဦးကြား၌လည်းကောင်း တာဝန်ခံရမှုရှိရမည်ဖြစ်သည်။ အစိုးရအေဂျင်စီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍများတို့သည်လည်း တစ်ခုနှင့်တစ်ခု တာဝန်ခံမှုရှိရမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်ပြီး ပြည်သူတို့အား ကိုယ်စားပြုသည့် အစိုးရတစ်ရပ်အနေဖြင့် ဖော်ပြပါအကြောင်းခြင်းရာရှစ်ရပ်အရ ကောင်းသောအုပ်ချုပ်ရေး ဖြစ်၊ မဖြစ်ကို မှတ်ကျောက်တင်ခံနိုင်ရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(မတ် ၁၂ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)