ပျောက်နေတဲ့ကျား၊ ကြောက်နေတဲ့နွား

ပျောက်နေတဲ့ကျား၊ ကြောက်နေတဲ့နွား
Photo:Pinterest
Photo:Pinterest
Published 11 March 2019
မောင်စံပေါ

(၁)

ဟိုးငယ်ငယ်တုန်းကတော့ နွေရာသီ ကျောင်းပိတ်ပြီဆိုရင် သိပ်ပျော်တာပေါ့။ အခု ခေတ်ကလေးတွေလို ဟိုဟိုဒီဒီ သွားရလို့လည်း မဟုတ်ပေါင်။ မိဘတွေ၊ အဘိုးအဘွားတွေ ဆိုတာကလည်း ဒီနေ့ခေတ်လိုမျိုး သားသမီးမြေး တစ်နှစ်တာ ကျောင်းမှာ ပင်ပန်းရှာတယ်၊ နွေကျူရှင်တွေ မစခင်မှာ ကလေးကို အပန်းဖြေရအောင် တစ်နေရာရာ ပို့ပေးဦးမှဆိုပြီး ကလေးကိုခေါင်းစဉ်တပ် အမြတ်ထုတ်တာမျိုး လုပ်ဖို့ဆိုတာ စိတ်ကူးထဲမှာတောင် မရှိဘူး။ သွားရေးလာရေးဆိုတာကလည်း ခုခေတ်အခါလို လွယ်တာမှ မဟုတ်ပဲလေ။

(၂)

မလွယ်တဲ့အထဲမှာ အသက်ကကြီးလာပြီး ပိုက်ဆံမရှာနိုင်တော့တဲ့ဘဝ မြေးထိန်းရတာ တော်တော်မလွယ်ပါဘူး။ မိတ်ဆွေတွေ ကတော့ ပြောပါတယ်၊ အသက်ပြည့်ပင်စင် ယူပြီးစဆိုတာ ဘာမှမကြီးသေးဘူး။ ၈ဝကျော်အထိ လှပတဲ့ အိပ်မက်တွေရှိတယ်။ ၉၀ မှာလည်း နိုင်ငံအကြီးအကဲ ဖြစ်နိုင်တာပဲလေတဲ့။ ဒါနဲ့ ပြန်ပြောလိုက်ရတယ်။ ငါက မဟာသီယာလည်းမဟုတ်ဘူး။ လိုလည်းမလိုချင်ဘူး။ လုပ်လည်း မလုပ်ချင်ဘူး။ မြေးတစ်ယောက်ကိစ္စနဲ့တောင်မှ လူကရူးချင်နေတာ။

(၃)

ဟုတ်တယ်လေ၊ ကိုယ်တွေတုန်းက ပထမတန်းလောက်အရွယ်ဆိုတာ ဘာမှသိတာမဟုတ်ဘူး။ နားလည်း မလည်ဘူး။ ဆော့ ဖို့လောက်သာ ခေါင်းထဲရှိတာ။ နောက်ပြီးတော့ လူကြီးက ဒါဆိုရင်ဒါပဲ၊ ဟိုဟာမလုပ်ဘူး။ အခုခေတ်မှာကျတော့ ဒါဆိုရင် ဟိုဟာ ကရောဆိုတာ ပုံမှန်လာနေကျအရာ။ ဒီလိုအထွန့်တက်တာ ကြိုက်ပါတယ်။ ကြောင်းကျိုး ဆီလျော်စွာ ပြန်ပြီး ရှင်းပြပေးရ၊ ဖြေရှင်းပေး ရမှာကတော့ လူကြီးတွေရဲ့ တာဝန်ပေါ့ဗျာ။ မဖြေရှင်းနိုင်တော့လည်း သိပ္ပံမောင်ဝဇာတ်ကောင် မောင်လူအေးလိုလုပ်ပေါ့။

(၄)

“ဟေ့ကောင် မင်းကသာ မောင်လူအေးတွေ ဘာတွေ လွယ်လွယ်လေး လုပ်နေပြော နေတာ။ တကယ်မှာက ဒီခေတ်ကလေးတွေနဲ့ ဆက်ဆံရတာ လုံးဝမချောင်ဘူးဟိတ်ကောင်”

စပ်စပ်စုစုနဲ့ စကားများတဲ့ မြေးတစ်ယောက်ရှိတဲ့ သူငယ်ချင်းကပြောတယ်။

“တစ်ရက်ကွာ အိမ်မှာဆွမ်းကျွေးတော့ ဘုန်းကြီးက ငါ့မြေးကို အဘိုးအဘွားတွေ စကားနားထောင်၊ ကုသိုလ်ရတယ်။ နတ်ပြည် ရောက်မယ်။ နတ်ပြည်ဆိုတာ အင်မတန်ပျော်စရာကောင်းတယ် ဘာညာပြောပြီး ဆုံးမတာပေါ့ကွာ။ ဘုန်းကြီးကလည်း မင်္ဂလာဆွမ်း ကျွေးဖြစ်ပြီး သူ့ဒကာမကြီး အယူသည်းမှန်း၊ မကြိုက်မှန်းသိတော့သေဆိုတဲ့ စကားလုံးကို ထည့်မပြောဘူး၊ မဟောဘူးကွ။ အဲဒီမှာတင် ငါ့မြေးကနတ်ပြည်သွားချင်တယ်။ အခုသွားမယ် လိုက်ပို့ပေးဘာညာဖြစ်ပါလေရော”

“အင်း ဆုံးမစကားပြောတဲ့ ဘုန်းကြီးတော့ ပြဿနာတက်ပြီ”

“အစစ်ပေါ့ကွာ။ အဘွားကြီးက ဘုန်းကြီးကို တစ်ချက်လှမ်းကြည့်ပြီး သူ့မြေးကို မြေးလေးက ငယ်သေးတယ်။ ကျောင်းတက်ရ စာသင်ရဦးမယ်။ နတ်ပြည်သွားလို့ မရသေးဘူးပေါ့။ အဲဒီမှာတင် မြေးလုပ်သူက ဒါဆို ဘွားဘွားကြီးသွားတဲ့။ အဘွားကြီးလည်း ဖွဖွ လွဲစေ ဖယ်စေဆိုတာကို တိုးတိုးလေးရွတ်ပြီး ဘွားဘွားကြီးက အိမ်မှာ စီမံခန့်ခွဲနေရတာ သွားလို့ မရဘူး။ ဘိုးဘိုးကြီးကိုသွားပြီး မြေး အတွက် နေရာထိုင်ခင်းတွေ ကြိုပြင်ထားခိုင်း မယ်လေတဲ့။ သေရောကွာ”

“ဟားဟား မင်းကို သေခိုင်းတာပေါ့လေ”

(၅)

အိမ်က အဘွားကတော့ လူကို မသေခိုင်းပါဘူး။ ဒါပေမဲ့ တော်တော်ကြီးခက်ခဲတဲ့ တာဝန်တစ်ခု ပေးပါတယ်။ နွေကျောင်းပိတ် ရက်တွေမှာ မြေးနား နေပေးရမယ်တဲ့။ မြေးထိန်းရမယ်ပေါ့ဗျာ။ ဒါနဲ့ ဟဲ့မြေးကို ယဉ်ကျေး လိမ္မာသင်တန်းလေး ဘာလေး ပို့ပါလားကွာ။ ကလေးလည်း ကလေးအဖော်တွေနဲ့ဆိုတော့ ပျော်မှာပေါ့။ ဘာသာရေးအသိလေး ဘာလေးလည်း ရှိသွားတာပေါ့ ပြောကြည့်တာပေါ့။ မရပါဘူး၊ အသက်ကြီးကြီး အဘွားကြီးတွေများတယ် လက်ပေါက်ကပ်တာကလား။ ရှင်တစ်ယောက်လုံး ရှိနေတာ၊ ဘာယဉ်ကျေး လိမ္မာမှ မတက်ခိုင်းဘူး၊ ရှင့်မြေး ရှင့်တာဝန်တဲ့။ ကလေးအဖော်တွေနဲ့ တစ်နှစ်လုံးနေပြီးပြီ။ ဒီအချိန်လေး အားတာ မြေးလေး အိမ်မှာ နားပါစေတဲ့။

(၆)

မြေးလေး အိမ်မှာနားတော့ အဘိုးအိမ်မှာနားချိန်တွေ လျော့ပါးသွားတာပေါ့။ ဟုတ်တယ်လေ၊ လူကြီးတွေဆိုတာ နေ့လယ်နေ့ခင်း ဆို တရေးတမော အိပ်ရနားရတာ။ ဒါမှ နေလို့ထိုင်လို့ ကောင်းတာ။ အခုကျတော့ မြေးလုပ်သူက အနားမှာ။ နေ့လယ်နေ့ခင်း ပူလို့ ခြံထဲ ထွက်ပြီး မကစားရင် အိမ်ထဲမှာတင် ဂိမ်းကစားတယ်။ အဘိုးကိုပါ ကစားခိုင်းပြီး အဘိုးမလုပ်တတ် မကိုင်တတ်တွေ ဖြစ်နေရင် ဒီကောင် သဘောတွေကျလို့။ အဘွားကမြေး ကို ချစ်ပေမဲ့ ဂိမ်းတွေတော့ သိပ်မဆော့စေချင်ဘူး၊ တားတယ်။ မျက်စိပျက်မှာ စိုးလို့တဲ့၊ ဦးနှောက် အာရုံကြောတွေ ထိမှာစိုးလို့တဲ့။ ဂိမ်း သိပ်မဆော့စေနဲ့၊ တခြားဟာကစားတဲ့။

(၇)

အိမ်ထဲမှာ နေပြီး တခြားဟာ ဘာကစားရင် ကောင်းမလဲပေါ့။ တော်တော်တော့ ခက်တယ်။ ခေတ်ကလည်း မတူ၊ သူတို့ခေတ် သူတို့ စိတ်ဝင်စားတာ ကိုယ်ကလည်း နားမလည်။ ဒါနဲ့ သွေးတိုးစမ်းပြီး မြေးကို စကားကမ်းလှမ်း ရတယ်။ ပုံပြောတမ်း ကစားကြမယ်ပေါ့။ ကံ အားလျော်စွာ ကျေးဇူးရှင်ကလေးက သဘောတူသဗျ။ ဒါပေမဲ့ သူက နောက်မှပြောမယ်။ အဘိုး အရင်ပြောတဲ့။

(၈)

အဘိုး အရင်ပြောဆိုတော့ ပြောရတာ ပေါ့ဗျာ။

“ဟိုးရှေးရှေးတုန်းက ရွှေယုန်နဲ့ ရွှေကျား သက်ကယ်ရိတ်သွားကြသတဲ့”

“အဘိုး သက်ကယ်ဆိုတာ ဘာလဲဟင်”

“သက်ကယ်ဆိုတာ ဟိုဟာကွာ မြက် ရှည်ရှည် ကြမ်းကြမ်းကြီးတွေပေါ့”

“အဲဒါကြီးတွေကို ဘာလုပ်ဖို့ ရိတ်မှာလဲ”

“ဟိုကွာ အိမ်မိုးဖို့ကွာ”

မြေးလေး မျက်မှောင်ကျုံ့တယ်။ ပြီး တော့ ဆက်ပြောတယ်။

“ဒါကြီးတွေ မိုးလို့ ရပါ့မလား။ ဘယ်လို မိုးမှာလဲ”

“ဟိုလိုကွာ ဒီအတိုင်းတော့ ဘယ်ရမှာတုန်း။ သက်ကယ်တွေကို ၀ါးခြမ်းအချောင်းမှာ ခေါက်ပြီး နှီးနဲ့ ချည်ရသေးတာကွ။ နောက်မှ ထပ်ပြီးမိုးရတာ”

“အဘိုး လုပ်ပြလေ”

“ဘယ့်နှယ်လုပ်ပြလို့ ရမလဲ”

“မရဘူး လုပ်ပြရမှာပဲ။ မသိလို့ဟာကို နားလည်အောင် ရှင်းမပြဘူးလို့ အဘွားနဲ့ တိုင်မယ်”

“နေနေပါဦးကွာ။ မင်းကျောင်းဖွင့်ရင် အဘိုးမုန့်ဖိုး သပ်သပ်ပေးပါမယ်။ ကဲဒါဆိုလည်း နောက်တစ်ပုံပြောပြမယ်”

(၉)

“ဟိုးရှေးရှေးတုန်းက ယုန်နဲ့ လိပ် အပြေး ပြိုင်ကြသတဲ့”

“ဟာ အဘိုးပုံပြင်ကြီးက စကတည်းက အဓိပ္ပာယ်မရှိဘူး။ ပြိုင်ချင်း ပြိုင်ရင် ယုန်အချင်းချင်း၊ လိပ်အချင်းချင်း ပြိုင်ရမှာပေါ့။ မတူတာတွေ ပြိုင်လို့ ရမလား”

“ရတယ်ကွ။ ဒါ ပုံပြင်။ ငါက အဘိုး၊ ငါ ပြောတာနားထောင်”

မြေးလုပ်တဲ့သူ ငြိမ်သွားတယ်။ ဘယ်ရမလဲ၊ နည်းနည်းတော့ ဟောက်ပေးမှ။

“အပြေးပြိုင်တော့ ယုန်က အဝေးကြီး ရောက်သွားတယ်”

“သားသိတယ်။ ဒီပုံပြင်ကြီးက ရိုးနေပြီ။ ဟုတ်တာလည်း မဟုတ်ဘူး။ လိပ်က ယုန်ကို ဘယ်လိုမှ မနိုင်ဘူး။ နောက်ပြီး အခုလိပ်တွေ က ငပျင်းတွေ။ မနိုင်ပါဘူးကွာဆိုပြီး သူတို့က အရင်စအိပ်နေမှာ။ အဘိုးပဲ ပြောပြောနေပြီး တော့။ မဟုတ်တာတွေ မပြောရဘူးဆို။ လိပ် က ယုန်ကို ဘယ်အချိန်မှာ မီမယ်တို့၊ ကျော် တက်မယ်တို့ဆိုတာ အရူးစကားတွေ။ အရူးတွေ ပြောပြီး အရူးတွေ ယုံတာ”

(၁၀)

ခက်ပြီ။ ဒီကောင်နဲ့တော့ ကြာရင် ကိုယ်ပါ အရူးစာရင်းဝင်သွားမယ်။ မလွန်ခင် ပုံပြင်ပြောင်းပြောမှ။

“ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ အဘိုးကြီးတစ်ယောက် ရှိတယ်တဲ့”

“အဘိုးလိုပေါ့နော်”

“ဟေ့ကောင် ငါက အဲဒီလောက် အသက် မကြီးသေးဘူး။ ဆက်ပြောမယ်။ သူ့မှာ မြေးတွေ အများကြီးရှိတယ်တဲ့”

“သားလိုမျိုး မြေးတွေပေါ့နော်”

“မင်းလိုမြေးတွေသာဆိုရင် ဒီပုံပြင် ပေါ်လာစရာ အကြောင်းမရှိဘူး။ အဲဒီအဘိုးကြီး ရူးပြီး သေသွားမှာ။ တစ်ရက်ကျတော့ မြေး တွေကို ခေါ်ပြီး ထင်းစည်းတစ်စည်း ပေးတယ်တဲ့။ အဲဒီထင်းစည်းကို ချိုးခိုင်းတာ မချိုးနိုင် ကြဘူးတဲ့}}

“ဒါဒီကောင်တွေ ဉာဏ်မရှိလို့။ စက်လွှနဲ့ ဖြတ်ရင် အလွယ်လေး”

“အံမာ မင်းက စက်လွှတွေ ဘာတွေ ဘယ်လိုသိရတာတုန်း”

“ဟာ အဘိုးကလည်း ဓာတ်ကြိုးမလွတ် တဲ့ သစ်ပင်တွေ၊ သစ်ကိုင်းတွေကို စက်လွှနဲ့ ဝဒီး ဝဒီး ဆိုပြီး ခဏလေးနဲ့ ရှင်းသွားတာလေ။ အဘိုးကတောင် ပြောသေးတယ်၊ ဒီစက်လွှတွေကြောင့် ငါတို့သစ်တောကြီးတွေ ပြောင် သွားတာဆိုပြီး”

(၁၁)

ခက်ပြီ။ ဒီကောင်နဲ့တော့ သိသမျှ၊ ဖတ်ဖူးသမျှ ပုံပြင်လေးတွေ ပြောင်တော့မှာပဲ။ ကုလားအုတ်ပုံပြင် ပြောပြတယ်။ 

“ဟားဟား အဲဒါ တဲရှင်ညံ့တာ။ ခေါင်းဝင်လာတာနဲ့ ဓားနဲ့ခုတ်ရမှာ။ ပြီးရင် အဘိုးလို ဝီစကီလေးနဲ့ မြည်း။ ဗဲရီးဂွတ်ပေါ့”

“ဟေ့ကောင် ဘာကိစ္စ ငါ့ဝီစကီက ပါလာရတာလဲ။ ဒါက မင်းက ပုံပြင်ကြားပြီး ပြောတာကိုး။ ဟိုတဲရှင်က မင်းလိုမျိုး ပုံပြင်  မကြားဖူးဘူးလေကွာ”

ပြောသာပြောရတာ။ နှစ်တုံးစားလည်း မစင်မှန်းမသိ၊ သုံးတုံးစားလည်း မစင်မှန်းမ သိတွေတွေက အများကြီးရယ်။ ပုံပြင်ရှိဖူးတာ၊ ဖတ်ဖူးကြားဖူးတာတောင်မှ ကုလားအုတ်ဒုက္ခ ကြောင့် တဲဆုံးရှုံးကြရတဲ့ တဲရှင်တွေများ ရှိနေ မလားပဲ။

(၁၂)

“အဘိုးပုံပြင်တွေကလည်း တစ်ပုံမှပုံမလာဘူး။ တော်ပြီ အဘွားဆီ သွားတော့မယ်”

“နေပါဦးကွာ။ အဘိုး ထပ်ပြောပြပါ မယ်”

ဟုတ်တယ်။ ဒီကောင်က အဘွားကြီးဆီ သွား၊ အဘွားကြီးက မေး၊ ဒီကောင်ကဖြေ၊ တော်နေရင် ဒီမြေးလေးကို ခဏလေး ထိန်း ရတာတောင်မှ အဆင်ပြေအောင် မနေနိုင်ဘူး ဘာညာ ပါးစပ်စက်သေနတ် တရစပ် အပစ်ခံ နေရဦးမယ်။ မြေးအဘိုးနှစ်ယောက် ပုံပြော ရင်း ငြင်းခုံနေရတာကမှ တော်သေး။

“ဟိုးရှေးရှေးတုန်းက နွားအုပ်ကြီးတစ်အုပ် ရှိသတဲ့။ အဲဒီ နွားတွေဟာ စုစုရုံးရုံး ပျော်ပျော်ပါးပါးနဲ့ စားကျက်တွေ သွားလိုက်၊ မြက် စားလိုက်နဲ့ နေကြသတဲ့။ နွားတွေကို စားချင်လို့ ကျားကြီးတစ်ကောင်ကလည်း ချောင်းနေသတဲ့”

မြေးကို တစ်ချက် ကြည့်လိုက်တယ်။ ဒီကောင်က ဆက်ပြောဖို့ အမူအရာပြတယ်။ အိုကေ။

“အဲဒီလိုနေရင်းကနေ တစ်ကောင်နဲ့ တစ်ကောင် အဆင်မပြေဖြစ်ကြသတဲ့။ တရားခံကတော့ မြက်ပေါ့။ စားကျက်မှာ ပေါက်နေ တဲ့ မြက်တွေက ပါးတဲ့နေရာပါး၊ ထူတဲ့နေရာထူ၊ ကောင်းတဲ့နေရာကောင်း၊ မကောင်းတဲ့နေရာ မကောင်းဆိုတော့ ကောင်းကောင်းမ စားရတဲ့နွားတွေက မကျေနပ်ကြဘူး။ ဒါနဲ့ တော်ပြီ၊ ငါတို့ဘာသာ အစာရှာစားတော့မယ်ဆိုပြီး တစ်စုတစ်စည်းတည်း မဟုတ်တော့ဘဲ ကိုယ့်ဘာသာ စိတ်ကူးတည့်ရာ ရောက်တတ် ရာရာ သွားပြီး အစာရှာစားကြနေကြသတဲ့”

“အဘိုးပြောချင်တာကို သဘောပေါက် လာပြီ”

“ဟေ့ကောင် ဖြတ်ပြီး ဝင်ဝင်ပြီးလျှောက် မပြောနဲ့။ ညနေစောင်းတော့မယ်။ ငါ စိတ်ရှည်တာ အတိုင်းအတာပြည့်တော့မယ်”

“ဟုတ်ကဲ့”

“အဲဒီမှာ ချောင်းနေတဲ့ကျား အကွက်ဝင်ပြီပေါ့။ အားနည်းသွားတဲ့ နွားအုပ်တွေ နောက်လိုက်ပြီး တစ်ကောင်ချင်းဆွဲ ပွဲတော်တည် တော့တာပေါ့”

“ဟီဟိ”

“ဟေ့ကောင် ဒါ ရယ်စရာမဟုတ်ဘူး။ ဒါကို သတိထားမိတဲ့ နွားပညာရှိကြီးက ကြာ ရင် ငါတို့နွားတွေ မျိုးသုဉ်းရချည်ရဲ့ဆိုပြီး အ ခြေအနေမှန်ကို ချပြ၊ စုစုစည်းစည်း ပြန်နေ ကြဖို့ စည်းရုံးတိုက်တွန်းတယ်။ ဒါကို လက်ခံ တဲ့ နွားတွေက လက်ခံပေမဲ့ လက်မခံတာတွေ

လည်း ရှိသတဲ့။ လက်မခံတဲ့ နွားတွေဟာ ကျားစာဖြစ်သွားတာပေါ့။ လက်ခံပြီး စုစုစည်းစည်း နေကြတဲ့ နွားတွေရဲ့အနားကိုတော့ ကျားဟာ ယောင်လို့တောင်မှ မသီနိုင်တာကြောင့် ငါတို့ ကိုကြောက်လို့ ကျားပျောက်သွားပြီဆိုပြီး ပျောက်နေတဲ့ကျားဆိုတဲ့စကားလုံး ပေါ်လာ သတဲ့”

“ပုံပြင် ပြီးပြီလားအဘိုး”

“မပြီးသေးဘူးကွ။ ဒါပေမဲ့ အတိတ်ရဲ့ ခါးသီးတဲ့အရိပ်တွေကြောင့် ကြောက်နေကြတဲ့ နွားတွေလည်း ရှိနေဆဲတဲ့။ ကြောက်နေတဲ့ နွားတွေပေါ့ကွာ”

(၁၃)

“ပျောက်တဲ့ကောင်က ပျောက်နေတာ တောင်မှကြောက်တဲ့ကောင်က ကြောက်နေ ကြတာပေါ့နော်။ သနားစရာ”

“အဲဒီတော့ မင်းက ဘာပြောချင်တာလဲ။ ငါ့အချိန်တွေ မင်းကြောင့် ဆုံးရှုံးနေပြီ”

တစ်နေ့တာမှာ ဆည်းဆာချိန်အနည်းငယ်သာ ကိုယ်ပိုင်ရှိရှာတဲ့ အဘိုးရဲ့အဖြစ်ကို မြေးက ကိုယ်ချင်းစာရှာပါတယ်။ ဒါကြောင့်လည်း ပေါင်းလို့ရတာပေါ့။

“သား ပြောမယ်။ အမှန်က ကျားကပျောက်နေတာမဟုတ်ဘူး။ ပုန်းနေတာ”

“ဟေ”

“နွားတွေကလည်း ကြောက်နေတာ မဟုတ်ဘူး။ ဝုန်းနေတာ။ ကျားကြောက်ဖို့ နေနေသာသာ၊ ကျားရှိမှန်းတောင် သတိမရတော့ဘူး။ အချင်းချင်း အသေချနေကြတာ”

“မင်းလုပ်မှ ငါ့စာပျက်ပါပြီကွာ”

“ပျက်ပျက်။ အမှန်က နွားတွေ အချင်းချင်း ချနေတာကို လွတ်လွတ်လပ်လပ် ချပါစေ၊ ဝုန်းပါစေဆိုပြီး ကျားက ပုန်းနေတာ။ ပြီး မှ ရေခဲသေတ္တာထဲ ထည့်စားမှာ”

“ဟေ့ကောင် ရေခဲသေတ္တာ မဆံ့ရင် ကော”

“အအေးခန်းလုပ်မှာပေါ့။ ရောင်းစားမှာပေါ့ အဘိုးရယ် လွယ်လွယ်လေးပါ”

“မင်းဘာသာ ပုန်းပုန်း ဝုန်းဝုန်း၊ ငါက တော့ ပျောက်နဲ့ ကြောက်ပဲ”

“ခြောက်နဲ့ ကြောက်လောက်တော့ လုပ်ပါ အဘိုးရယ်”

“မရဘူးကွ။ ခြောက်တိုင်း ကြောက်တာ မဟုတ်ဘူး။ ကြောက်ချင်လို့ ကြောက်တာ။ တော်ပြီကွာ”

ကယ်တော်မူကြပါ။ နွေကျောင်းပိတ်ရက်ရယ် မြန်မြန်ကုန်ပါတော့။

Most Read

Most Recent