(၁)
မနက်ခင်းဆို ဒီနေရာလေးက ထိုင်လို့ ကောင်းတယ်။ နေရောင်ဟာ စားပွဲခုံအပုလေး တွေ စီတန်းထားတဲ့ ဆိုင်ရှေ့ မျက်နှာစာကို ကျော်ပြီး ကားလမ်းမပေါ် ထိုးကျနေတယ်။ အနောက်ဘက်မျက်နှာစာ လှည့်ထားတဲ့ ဆိုင်ခန်းတွဲအဆောက်အအုံတွေကြောင့် ထိုင်တဲ့ နေရာက နေရောင်ကွယ်ပြီး ထိုင်ရတာလည်း သက်သောင့်သက်သာရှိတယ်။ ကားလမ်းမနဲ့ နီးကပ်လွန်းပေမဲ့ ကားသံတွေကို အလွယ်တ ကူ ဥပေက္ခာပြုဖို့ ကျင့်သားရနေတတ်တဲ့ မြို့သား နားရွက်တွေဟာ လမ်းမကို ကြည့်နေပေမဲ့ ဘာသံမှမကြားသလိုပဲ။ ကိုယ့်မျက်စိ ရှေ့မှာ ကားလေး၊ ကားကြီးတွေ လူခပင်းတွေ ကျော်ခွဖြတ်ကူး တုံ့ရပ် ချိုးကွေ့ ဟွန်းတီး ဥဒဟို သွားလာနေပေမဲ့ ငေးကြည့်နေတာက လွဲရင် သူတို့အရေးကိစ္စမှန်သမျှ အာရုံမဝင်စား ဥပေက္ခာထား နေနေနိုင်တာပဲ ကြည့်တော့။ မှာထားတဲ့ လက်ဖက်ရည်ခွက်နဲ့အတူ တစ်ယောက်တည်း အမျှင်တန်းနေတဲ့ ကိုယ့်အတွေးစနဲ့အတူ ပါလာတဲ့ သတင်းစာတစ် စောင်နဲ့အတူ ပြောလက်စ စကားလုံးနဲ့အတူ စားပွဲဝိုင်းတွေဆီမှာ စိတ်ချလက်ချ ထိုင်နေခဲ့ကြတယ်ပေါ့။
စျေးနီး၊ ကားဂိတ်နဲ့ နီးလို့ စျေးသွားစျေး ပြန် မြင်ကွင်းတွေ ရုံးတက် အလုပ်သွားသူတွေရဲ့ ခြေလှမ်းတွေကို ဒီနေရာကနေ ကောင်း ကောင်း မြင်နေရမယ်။ အလျင်လိုမှုဟာ ကိုယ့်အတိုင်းအထွာနဲ့ကိုယ် ရေချိန်ကိုက် လှုပ်ရှား နေရတာမျိုးဆိုတော့ တချို့လည်း အေးအေး ဆေးဆေး၊ တချို့လည်း အလောတကြီးနဲ့ လမ်းပေါ်က နေရောင်ထဲ ယိမ်းထိုးရွေ့လျားနေကြလေရဲ့။ လမ်းပေါ်ရောက်နေဖြစ်တယ် ဆိုပေမဲ့ လမ်းကိုကူးချင်သလို ဖြတ်ကူးပြီးတာ နဲ့တစ်ပြိုင်နက် အဲဒီလမ်းပေါ်က ကိစ္စမှန်သမျှ ကို စိတ်မဝင်စားတော့ပြန်ဘူး။ မနက်ခင်း အ စောပိုင်းအချိန်တွေမှာကတည်းက လူတွေလည်း အသီးသီး အပူမီးမွှေးဖို့ ထွက်လာကြပြီ။ ကိုယ့်အတွက်တော့ တခြားကိစ္စတွေ အ သာထား၊ နေ့စဉ်ထုတ် သတင်းစာတစ်စောင် ကို အလွယ်တကူမရတတ်တဲ့ နေရာကနေ မီးပွိုင့်ဆီ လမ်းလျှောက်သွားရတတ်တာက လည်း ဝတ္တရားတစ်ခုလိုပဲ။ လူတွေဟာ စိတ်ထင်ရာ၊ ဦးတည့်ရာသာ လျှောက်သွားလျှောက် လုပ်နေတတ်ကြတာ။ လမ်းထိပ်တိုင်းမှာ သ တင်းစာ တစ်စောင်လောက်မှ လွယ်လွယ်ကူ ကူ ဝယ်လို့ရအောင်တော့ ဖန်တီးဖို့ သတိမရဘူး။ လူမှုစာမျက်နှာပေါ် သတင်းမျိုးစုံ ရှိနေ ပေမဲ့ နံနက်ခင်းစောစော လက်ဖက်ရည်တစ်ခွက်ကိုတော့ သတင်းစာတစ်စောင်နဲ့သာ တံခါးခေါက် လှုပ်နှိုးနေရဆဲ စာဖတ်တဲ့ ယဉ် ကျေးမှုကို ဆွဲဆန့်ထားနိုင်သေးတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရဲ့ အစောပိုင်းအချိန်တွေမှာပေါ့လေ။
(၂)
ပျင်းရိငြီးငွေ့ဖွယ် နေ့တာတွေလို့လည်း အမည်ပေးထားလို့မရတဲ့ နေ့တစ်နေ့လောက်ပါပဲ။ အိမ်မှာ ဘာဖြစ်နေတယ်၊ ကိုယ်ခန္ဓာပေါ် လောကဓံကြိုးစဘယ်နှချက် အရှိုးရာထင် နေတယ်ဆိုတာတွေကို မတွေးဘဲ နေကြည့်ချင်မိတဲ့ နေ့ပေါ့။ ခေတ်ကျပ်ကြီးထဲ ကိုယ်လည်း ဘယ်ဂြိုဟ်တိုင်ထောင့်ကနေ လောင်မီး ဘယ်နှတိုင် ထွန်းပြီး ရင်ဆိုင်နေရတယ်ဆိုတာလည်း မတွေးနေချင်တော့ဘူး။ ကိုယ့်ကိုယ် ကိုယ် အခွင့်ထူးခံတစ်ယောက်လို တွေးခေါ်နေထိုင်စမ်းပါလို့ မိတ်ဆွေတစ်ယောက် ပြောတဲ့စကားသံကို နားထဲကြားယောင်ပြီး ပြုံးမိ လိုက်သေးတယ်။ ကျနေတဲ့စိတ်နဲ့ကျဆိမ့်မှာသောက်နေရသလိုမျိုး ဖြစ်နေတဲ့ စိတ်အခြေအနေကို အပြင်က စကားလုံးကလေးတစ် လုံးလောက်ကပါ လာရိုက်ခတ်နေတာတွေကြောင့် စိတ်အချဉ်ပေါက်နေမိပြန်တယ်။ ခက်တာက ပစ္စည်းတစ်ခုခုဝယ်တော့မယ် ကြံတိုင်း အိတ်ထဲမှာ ဘယ်တော့မှရှိမနေတဲ့ ငွေရေးကြေးရေးကို တွေးမိပြီး ပြန်ပြန်ချထား ခဲ့ရတဲ့အဖြစ်တွေ များလာတော့ ကိုယ့်ကိုယ် ကိုယ်လည်း မယုံကြည်တော့ဘူးဖြစ်လာတယ်။ မခက်ပေဘူးလား။ လက်ထဲကို ရောက်လာမယ့် ငွေစကြေးစ အနည်းငယ်ဟာ ရောက် မလာတတ်သေးတဲ့ ဟိုးရှေ့ ခပ်လှမ်းလှမ်း နေ့ရက်တွေမှာသာ ဖြစ်နေတာကလည်း အလျင်မမီနိုင်တဲ့ သောကတွေပဲပေါ့။ အဲဒါတွေ အားလုံးကို စုလုံးပြီး နံနက်ခင်း လက်ဖက်ရည် ကျဆိမ့်တစ်ခွက်နဲ့ မျှောချပစ်လိုက်တယ်။ ဝေါ့ခနဲ ထိုးအန်သံနဲ့အတူ ခုနကအရာတွေ အားလုံး ပြန်အန်ထွက်သွားလေရဲ့။ သြော်ခေတ်စနစ်ရဲ့ ဘာအကောင်တွေဆိုလား ကိုယ့်ကိုယ်ကိုယ် တိရစ္ဆာန်နဲ့ နှိုင်းမိနေပြန်တယ်။
အိမ်မှာ နေပြီးပြင်လို့ မပြီးတတ်သေးတဲ့ ဖတ်လက်စ စာတစ်အုပ်ကို ဖတ်လိုက်ဦးမယ် ဆိုတဲ့ အတွေးဟာ တွေးရုံအဖြစ်ပဲ။ တကယ် တမ်းကျတော့ နာရေးကိစ္စတစ်ခုနဲ့ အိမ်အပြင် ထွက်လာခဲ့ရပြန်တယ်။ သိပ်အလေးအနက်ထားမခံရတဲ့ ကဗျာဆရာတစ်ယောက် ရဲ့ နောက်ဆုံးခရီးတစ်ခုကို လိုက်ပို့ချင်တယ်ဆိုတဲ့ ဇောစိတ်ဟာ လမ်းပေါ်ခြေလှမ်းမိအောင် ဆွဲဆောင်နေခဲ့ပြန်တယ်။ အဲဒါတောင် ချစ်ခြင်းမေတ္တာကို အကြောင်းပြု မဆိုင်တဲ့ လုပ်ဇာတ်တွေ လျှောက်ပြောပြီး ဟန်ဆောင်ထွက်လာမိတာလား ကိုယ့်ကိုယ်ကိုယ် မသဲကွဲ ဘူး။ အချိန်နောက်ကျနေပြီဆိုတဲ့ အသိနဲ့စိတ်ဒုက္ခတောင် ရောက်နေမိသေးတာ။ ဖြစ်ချင်တော့ လမ်းတွေက ပိတ်နေပြန်တယ်။ သြော် ငါလခွေး။ ဒီနေ့ သူကြီးတို့ရွာသားတွေ ရုပ်ရှင်ရိုက်နေတာပါပဲလားလို့ ဆင်ခြင်မိသွား ပြန်တယ်။ အဲဒါလည်း ကိုယ့်ကိစ္စမဟုတ်လို့ သွားမယ့်နေရာ အမြန်ရောက်အောင် လမ်း တစ်ဝက်ကနေ ဖြတ်လျှောက်ခဲ့တယ်ပေါ့။ ဒီလိုပဲ အားလုံးက ဖြတ်လျှောက်အဖြစ်ကလေး နဲ့တောင်မှ လူ့ဘဝရုပ်ရှင်မှာ ပါလာမလား ဟန်ရေးပြနေကြတာပဲ မဟုတ်လား။ ခပ်မြန်မြန်ပြောရရင် အဲဒီအချိန်မှာ အသုဘကား မီဖို့လောက်ပဲ ခေါင်းထဲမှာ ရှိနေတော့တာ။
(၃)
ကားပေါ်ရောက်တော့ အတူပါလာတဲ့ ကိုယ့်ဆရာတွေက ကြယ်သီးတစ်လုံးနဲ့ တိုင်ပတ်နေပြန်တယ်။ လွယ်အိတ်ထဲမှာလည်း ကိုယ်သောက်မယ့် လက်ဖက်ရည်တစ်ခွက် ဖိုးအပြင် အပိုပါမလာတတ်ခဲ့ပေမဲ့လို့ မြို့ လယ်ကောင်ကနေ ရွှေပြည်သာရောက်တဲ့အထိ ကြယ်သီးတစ်လုံး ပြစ်မှုဘယ်လောက် အချိုးချနေကြသေးတယ်။ ကြယ်သီးဆိုလို့ ပြောရဦးမယ်။ ဒီနေ့ကျွန်တော်တို့တိုင်းပြည်မှာ ဘာဖြစ်တယ်။ ညာဖြစ်မယ်။ ကွန်တိန်နာနဲ့ အစီးလိုက် ဖမ်းမိတာက ဘယ်လိုဘယ်လောက်။ မင်းသားလေးလက်ထဲမှာ မိတာက ဘယ်နှစ်လုံး စသည်ဖြင့် ရွာတန်းရှည်လေ ပေါလာလိုက်တာ ရေကလည်း တငတ်ငတ်၊ ဆေးလိပ်ကလေးကလည်း တစစ်စစ် ဖွာချင်ချင်၊ ကားကလည်း အဲကွန်းကြီးတစိမ့်စိမ့်နဲ့ဆိုတော့ ကြားထဲ ညှပ်နေတဲ့ ကိုယ်လုံးကို ဘယ်ညာ လိုက်ယိမ်းရုံကလွဲရင် ကိုယ့်ကိုယ်ကိုယ် ဘာလုပ်ရမယ်မှန်းကို မသိနိုင်ခဲ့ဘူး။ ရပ်ကွက်ထဲမှာ၊ ကျောင်းမှာ၊ လမ်းပေါ်မှာ ကိုယ်မသိတဲ့ တစ်ယောက်ယောက် ဘယ်အချိန် စိတ်ရူး ပေါက်ပြီး ထလုပ်တာခံရမလဲကိစ္စကို အသာထားဦး။ အခုလောလောဆယ် ကားပေါ်မှာ ဆေးလိပ်သောက်ချင်တဲ့ ဘေးနားကငနဲတစ် ကောင် နီးရာတစ်ခုခုနဲ့ ကောက်လုပ်မှာကိုပဲ အရင်စိုးရိမ်ကြဦးဆိုတဲ့စိတ်နဲ့ အမြန်မောင်းဖို့ပဲ ထိုင်ဆုတောင်းနေမိတော့တယ်။
ခုလောလောဆယ်တော့ ကိုယ့်ဘေးက လူတွေအားလုံးဟာ သောက်ပိုတွေလုပ်နေတာပါလားလို့တော့ သိမ်းကျုံးမရမ်းချင်သေး ပါဘူး။ သွားမယ့်နေရာကလည်း ကြည့်ဦးလေ။ လူသိပ်စိတ်မဝင်စားတဲ့ လူသားဆန်တဲ့ ကဗျာဆရာတစ်ယောက်ကို သွားလိုက်ပို့ ကြမှာ။ စိတ်အခံကိုက အချဉ်ပေါက်ရွဲ့စောင်းနေပေမဲ့ စိတ်ထိခိုက်နာကျင်နေမိတယ်လို့လည်း ရောနှောခံစားနေမိပြန်တယ်ပေါ့။ နာရေးသွားပို့တဲ့ လမ်းဟာ စိတ်မှန်းနဲ့တင်မဟုတ် ကားပေါ်လိုက်စီးရတဲ့ ကြာချိန်ကိုက အဝေး ကြီးလိုပဲ။ ရောက်လာတဲ့ လူတွေကလည်း သိပ်များများစားစားကြီး မဟုတ်ခဲ့၊ ပုရွက်လိုလည်း သကာရှိရာ အုံခဲမနေခပ်နည်းနည်းရယ်ပါပဲ။ ခါတိုင်း နာမည်ကြီးကဗျာဆရာတွေ ဆို မွစာတက်နေတဲ့ ပုရွက်တွေရောက်မလာ တတ်တဲ့နေရာမှာ တကယ်စိတ်ရှိလို့သာ ရောက်လာခဲ့ကြတာပေါ့ဆိုတဲ့ လူတွေလို့ပဲ ဆိုပါတော့။ တကယ့်ကို ချစ်မက်ရမယ့် လူဘဝတစ်ခုလုံးကို ချစ်ခြင်းမေတ္တာ ယုံကြည်ချက်မှာ မြှုပ်နှံထားပေမဲ့ ဘာမှပြန်မရခဲ့တဲ့ ဘိုးတော်တစ်ယောက်ကို လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ရသလိုပဲ စိတ်မှာထင်မိခဲ့တယ်။ ဘာမှပြန်မရဘူးဆိုတာထက် သူကိုယ်တိုင်က မလိုချင်လို့ လွှတ်ချထားတာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အခုလည်း ကဗျာဆရာဟာ ဘာမှရမသွားရှာဘူးပြောပါတော့။ ကျန်ရစ် သူတွေထဲမှာတော့ ထင်ပေါ်ကျော်ကြားမှု နောက်ကောက်ကောက်ပါလိုက်နေဆဲ ဟင်းခွက်ကြီးကြီးထဲ အသားတုံးကြီးကြီး ရွေးထည့် ချင်တဲ့ငနဲတွေ ရှိချင်ရှိနေဦးမှာပဲပေါ့။
(၄)
မြို့ထဲ ပြန်ရောက်တော့ ကျနေဟာ တရှိန်းရှိန်း အမြဲဆာလောင်နေတတ်တဲ့ ဝမ်းမီးကို ဆက်မွှေးနေလေရဲ့။ အသွားတုန်းက အ တူပါလာတဲ့ ဆရာသမားတွေကတော့ ဝမ်းနည်း စိတ်မကောင်းမှုကို အစာခြေဖို့အတွက် ရွာရိုးတစ်လျှောက် ရေရှာ တစ်ပိုးတစ်ပေါက် သောက်ဖို့ ထွက်သွားကြပြီ။ အဲဒီလို ကံဖယ်လိုက်တော့လည်း အေးတာပါပဲလို့ အတူတူ လမ်းလျှောက်လာတဲ့ ဆရာတစ်ယောက်က ပြောနေသေးတယ်။ လူဆိုတာ အိပ်ထောင် ထဲ ငွေမရှိရင် ကျန်တာတွေ သိပ်စိတ်မဝင်စား မိတော့သလိုပဲလားမသိဘူး။ လောလောဆယ် တော့ ခပ်ပြင်းပြင်း စိုက်ကျနေတဲ့ နေရောင်နဲ့ အတူ ဆာလောင်နေတာပဲ သိတော့တယ်။ အဲဒီကြားထဲကမှ ဘဝမှာကိုယ့်ထက်အသက် အရွယ် သိပ်ကွာလွန်းတဲ့ လူကြီးတွေနဲ့ပဲ တစ်ဝိုင်းတည်း ထိုင်ဖို့ ကံအထပ်ထပ်ပါလာသလား ထင်မိတယ်။ တစ်ရက်လုံးလုံး ဒီအိုကြီးအိုမ တွေနဲ့ပဲ ဆုံတွေ့နေရတော့တာလား။ ဒါပေမဲ့ အဲဒီလိုဖြစ်နေတတ်တဲ့ တိုက်တိုက်ဆိုင်ဆိုင် အဖြစ်တွေကိုလည်း စိတ်ကကျေနပ်နေမိပြန် ရော။ သူတို့က နားငြီးပေမဲ့ ပေါင်းလို့သင်းလို့ အဆင်ပြေတယ်။ သောက်ပိုတွေ သိပ်မလုပ်တတ်ဘူး ဆိုရမှာပေါ့။ ခုနတုန်းက သွားလာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေဟာ ပြီးသွားပြီ။ ဂရုတစိုက်လုပ်ဆောင်ရမယ့် တာဝန်တစ်ခု ဆိုလည်း ချုပ်ငြိမ်းသွားခဲ့ပြီ။ လက်ဖက်ရည် ဆိုင်ထဲမှာ ပြန်ထိုင် လက်ရှိနေ့ရက်တွေအကြောင်း အမျှင်တန်း ပြောနေမိကြပြန်ပါ တယ်။ အဘိုးကြီးတွေဆိုတော့လည်း စကားစ က တော်ရုံနဲ့ မပြတ်ကြဘူးပေါ့လေ။ ကိုယ်ကသာ ထိုင်နေရင်း အိမ်မှာ ဖတ်ဖို့ ကျန်ခဲ့တဲ့ စာအုပ်တစ်အုပ်ကို စိတ်ထဲက နောက်ဆံငင် သတိရနေမိပြန်တယ်။ ဒီရက်တွေထဲ ရပေါက်ရလမ်းကလည်း အဲဒီစာအုပ်ထဲမှာပဲ ရှိတော့တာလား။ စာပြင်တယ် စာလုံးပေါင်းသတ်ပုံ စစ်တယ်ဆိုတာကလည်း လတ်တလောပြီး မြောက်အောင် လုပ်ကိုလုပ်ရမယ့် တစ်ခုတည်းသော ငွေရပေါက်ရလမ်းတစ်ခုလိုပါပဲ။