တကယ် အလိမ်ခံနေရပြီလား . . .

တကယ် အလိမ်ခံနေရပြီလား . . .
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တနင်္သာရီတိုင်းဒေသကြီးခရီးစဉ် ပထမနေ့အဖြစ် မြိတ်မြို့သို့ရောက်ရှိစဉ် လူထုတွေ့ဆုံပွဲပြုလုပ်မည့် ပုလဲရတနာခန်းမရှေ့တွင်  ဒေသခံအချို့က ပိုစတာဆိုင်းဘုတ်များကိုင်ဆောင်၍ တောင်းဆိုစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တနင်္သာရီတိုင်းဒေသကြီးခရီးစဉ် ပထမနေ့အဖြစ် မြိတ်မြို့သို့ရောက်ရှိစဉ် လူထုတွေ့ဆုံပွဲပြုလုပ်မည့် ပုလဲရတနာခန်းမရှေ့တွင် ဒေသခံအချို့က ပိုစတာဆိုင်းဘုတ်များကိုင်ဆောင်၍ တောင်းဆိုစဉ်
Published 11 March 2019
ဆန်းမိုးထွန်း

၂၀၁၉ ခုနှစ် နှစ်စတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းနှင့်ပြည်နယ်အချို့မှ ပြည်သူများနှင့် တွေ့ဆုံရန် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ကို သွားရောက်ခဲ့သည်။

ယင်းခရီးစဉ်များကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လဆန်းပိုင်းတွင် သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီတွင် ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ဖေဖော်ဝါရီတွင် ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်း၊ မတ်လဆန်းတွင် စစ်ကိုင်းတိုင်းသို့သွားရောက်၍ ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အသက် ၇၄ နှစ်အရွယ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်အနေဖြင့် အထက်ပါခရီးစဉ်များကို သွားရောက်ရခြင်းသည် NLD အစိုးရ သက်တမ်း သုံးနှစ်ကျော်လာသည့် အတွက် ပြည်သူများ၏ အသံကို ကြားချင်၊ သိချင်၍ သွားရခြင်းဖြစ်ကြောင်း NLD ဗဟိုပြန်ကြားရေး အတွင်းရေးမှူး ဦးအေးကြူ (မုံရွာအောင်ရှင်)က ပြောကြားသည်။

“ကျွန်တော်ပြောချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေပေါ့လေ။ ဒီခရီးစဉ်တွေဟာ အခုနောက်ပိုင်းမှာ ပထမဆုံး ကချင်ပြည်နယ်၊ နောက် ချင်းပြည်နယ်၊ တနင်္သာရီ၊ နောက် အခု စစ်ကိုင်းတိုင်းပေါ့။ သွားတယ်ပေါ့။ သွားတာရဲ့ ခရီးစဉ်တွေဟာ အဓိပ္ပာယ်ရှိတယ်ဆိုတာကိုပဲ အရင်ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ သုံးနှစ်ကျော်လာပြီ။ NLD အစိုးရတက်လာတာ သုံးနှစ်ကျော်လာပြီ။ သုံးနှစ်ကျော်လာတဲ့အခါမှာ ပြည်သူလူထုရဲ့ အသံတွေကို ဒေါ်အောင်ဆန်းစုကြည် ကြားတယ်။ အဲဒါ ကျွန်တော်တို့က ယုံကြည်တယ်။ အဲဒီအသံတွေကို ကြားတဲ့အခါကျတော့ ပြည်သူလူထုရဲ့ တကယ့်အသံတွေပေါ့လေ။ တကယ့်အသံတွေကို သူ ကြားချင်တယ်။ သိချင်တယ်။ အဲဒါကြောင့် သူက ဒီခရီးစဉ်တွေကို သွားတယ်ဆိုတာ ကျွန်တော် အဲဒီလိုပဲ ခန့်မှန်းမိတယ်” ဟု မုံရွာအောင်ရှင်က ဆို သည်။

NLD ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင် ပြောကြားသည့်အတိုင်းပင် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဒေသခံပြည် သူများနှင့်တွေ့ဆုံပွဲများ ပြုလုပ်သည့်အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များကိုလည်း ဒေသခံပြည်သူများက မေးမြန်းသည့် မေးခွန်းများကို ၎င်း၏ရှေ့မှောက်မှာပင် ပြန်လည် ဖြေဆိုစေခဲ့သည်။

သို့သော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ခရီးစဉ်များအတွင်း သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အစိုးရနှင့် ပြည်သူလူထုအကြား လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးနိုင်ရန် ပြုလုပ်ပေးခြင်းသည် နိုင်ငံတိုးတက်ရေးအတွက် ကောင်းကျိုးဖြစ်ထွန်းနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသော်လည်း ၂၀၂၀ ရွေး ကောက်ပွဲနီးလာချိန်တွင် ပါတီအတွက် မဲဆွယ်သည့်ပုံစံမျိုး ဖြစ်နေသည်ဟု သံသယဝင်သူများလည်း ရှိသည်။

ယင်းကိစ္စတွင် ပါတီတစ်ခု၏ ခေါင်းဆောင်ဖြစ်သည့်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်းအလုပ်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ့ Yangon Watch အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက မှတ်ချက်ပြုသည်။

“ပါတီတစ်ခုရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ၂၀၂၀ အကြို အဖြစ် ဒီလောက်ကတော့ သူလုပ်မှာပဲ။ ဒါကြောင့်မို့လို့ မဲဆွယ် စည်းရုံးတာပဲဖြစ်ဖြစ် တကယ်ပြည်သူလူထုရဲ့ အခြေအနေတွေကို သိချင်လို့ ဆင်းတာပဲဖြစ်ဖြစ် သူ့အလုပ်ကို သူလုပ်တာပဲ” ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။

နိုင်ငံတာ်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ခရီးစဉ်ပြီးဆုံးချိန်တွင် ထူးခြားမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။

ထူးခြားချက်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦး ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဦးမြသိန်း နှင့် လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်တို့ကို ၎င်းတို့ သဘောဆန္ဒ အလျောက် ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ၂၀၁၉ ဇန်နဝါရီ ၂၁ ရက်က သမ္မတရုံးက ကြေညာသည်။

ထို့ပြင် ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးံလအောင်ကိုလည်း ယင်းနေ့၌ပင် တာဝန်မှရပ်စဲလိုက်ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။

ကျန်သည့် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းနှင့် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့များကိုမူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုရှေ့တွင် ဆူခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် အောက်ခြေရှိ ပြည်သူလူထုထံ ကွင်းဆင်းထိတွေ့၍ ယုံကြည်မှုရယူရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ခရီးစဉ်တိုင်းတွင် မှာကြားသည်။

ထိုသို့ မှာကြားရခြင်းက အကြောင်းရှိသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံလူထု တွေ့ဆုံပွဲများတွင် ပြည်သူလူထုက မေးမြန်းသည့် မေးခွန်းအများစုသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများက ဖြေကြားနိုင်သော မေးခွန်းများဖြစ်သည့်အတွက် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အစိုးရများကို အောက်ခြေဆင်း၍ ပြည်သူကို ရှင်းပြရန်မှာကြားခြင်း ဖြစ်သည်။

ထို့ကြောင့် ဒီနေရာတွင် မေး ခွန်းထုတ်ရမည်က တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့များ၏ စွမ်းဆောင်ရည်များပင် ဖြစ်သည်။

တိုင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် အောက်ခြေရှိ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံခြင်းနှင့် ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ပေးမှုတွင် အားနည်းချက်များရှိနေကြောင်း  Yangon Watch အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက ထောက်ပြပြောဆိုသည်။

“ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေက ပြည်သူလူထုနဲ့တွေ့ဆုံဆွေးနွေးတာတွေ ပြည်သူလူထုရဲ့ လိုအပ်ချက်ကို အမြန်ဆုံး ဖြည့်ဆည်းပေးဖို့နေရာမှာ အရမ်းအားနည်းတယ်။ အထူးသဖြင့် ပြည် သူလူထုက တိုင်ကြားစာတွေမှာ ဆိုလို့ရှိရင် အရင်လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ ဆောင်ရွက်တဲ့အခါကျတော့ တိုင်ကြားစာတွေအပေါ် မှာ နစ်နာသူတွေက သူတို့ရဲ့ နစ်နာတဲ့အခွင့်အရေးကို ပြန်ကုစားခွင့်မရဘူး။ တရားဥပဒေစိုးမိုးရေး အပိုင်းမှာလည်း အရမ်းကို လျော့ရဲတယ်။ အဲဒီတော့ နစ်နာသူတွေက သူတို့ရဲ့ အခွင့်အရေးတွေကို အရင်အစိုးရလက်ထက်က အတိုင်းပဲ ဆက်ပြီးတော့ အလိမ်ခံနေရတယ်။ တစ်ခုခုတိုင်လိုက်တယ်ဆိုလို့ရှိရင် တာဝန်ရှိတဲ့သူတွေက သူတို့အချင်းချင်းပြန်စစ်တယ်။ စစ်ပြီးတော့ ဒါစစ်ပြီးသွားပြီဆိုပြီး ညာပြီးတော့ အထက်ကို ပြန်တင်တယ်။ အဲဒီတော့ ပုံစံက အရင်အစိုးရလက်ထက်က ပုံစံအတိုင်းပဲ။ အောက်ခြေမှာက မပြောင်းလဲဘူး။ NLDရဲ့ မူဝါဒက ပြည်သူလူထုကို ပြောင်းလဲစေချင်တယ်။ ဒါပေမဲ့ လက်တွေ့ အခြေအနေမှာက အပြောင်းအလဲက တကယ်ဖြစ်မလာဘူး။ ဒါ ကြောင်မို့လို့ အတိုင်ပင်ခံအနေနဲ့ ပြည်နယ်နဲ့တိုင်း အစိုးရတွေအပေါ်မှာ တာဝန်ရှိတယ်လို့ပြောတာ တစ်စိတ်တစ်ပိုင်းတော့ မှန်တယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံအနေဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်များသို့ သွားရောက်ရာတွင် တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့နှင့်ပတ်သက်၍ ဒေသခံများက ပြင်းပြင်းထန်ထန်ကန့် ကွက်မှုများ မရှိခဲ့သော်လည်း မြန်မာပြည် အမြီးပိုင်းဖြစ်သည့် တနင်္သာရီတိုင်း မြိတ်မြို့ခရီးစဉ်တွင်မူ ဝန်ကြီးချုပ်၊ NLD တိုင်းဥက္ကဋ္ဌနှင့် စီမံဘဏ္ဍာဝန်ကြီးတို့ကို ဖယ်ရှားပေးရန် ဒေသခံအချို့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်က မြိတ်မြို့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူလူထု တွေ့ဆုံပွဲပြုလုပ်ခဲ့သည့် ပုလဲရတနာခန်းမရှေ့၌ ဒေသခံအချို့က ဆိုင်းဘုတ်များ ကိုင်ဆောင်၍ တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် ‘အမေစု အလိမ်ခံထိနေပြီ’၊ ‘တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အား လာဘ်ပေးလဘ်ယူနှင့် အဂတိလိုက်စားမှု ရှိ မရှိ စိစစ်အရေးယူပေးပါ အမေ’၊ ‘အမေ့အနီးဆုံးလူတွေ ပြည်သူအပေါ် သစ္စာဖောက်နေပြီ’၊ ‘NLD ပါတီ ပုံရိပ်ကိုကျဆင်းစေသော တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုး’ ၊  ‘တိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်၊ တိုင်းဝန်ကြီး ဦးဖြိုးဝင်းထွန်းအား အမြန်ဖယ်ရှားပေးပါ’၊ ‘တနသာင်္ရီတိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အမြန်ဆုံးပြောင်းပေး’၊  ‘တိုင်း NLDပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးအား ဖယ်ရှားပေး’၊ ‘၂၀၂၀ တွင် NLDပါတီ အပြတ်အသတ်အနိုင်ရလိုပါက ဝန်ကြီးချုပ် Dr လဲ့လဲ့မော်၊ တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုး၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း ဖယ်ရှားပေးပါ’ ၊ ‘ကျွနု်ပ်တို့ တနင်္သာရီတိုင်းသည် Animal Farm ဖြစ်နေပါပြီ’၊ ‘အမေ တနင်္သာရီကို လူစားလဲပေးပါ’ စသည့် စာတန်းများကို ကိုင်ဆောင်၍ တောင်း ဆိုခဲ့သည်။

“ကျွန်တော်တို့ ပြောရမယ်ဆိုလို့ ရှိရင် လက်ရှိတိုင်းဒေသကြီး အစိုးရအဖွဲ ့ဝန်ကြီးချုပ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ဝန်ကြီးချုပ်ရဲ့အရည်အချင်းတွေ ပျက်ယွင်းတာ ကျွန်တော်တို့တွေ့ရတယ်။ စွမ်းဆောင်ရည်ည့ံဖျင်းတယ်။ နောက်ပြီးတော့ ပြည်သူလူထုရဲ့ အယုံအကြည် ကင်းမဲ့မှုတွေ ရှိလာတာ တွေ့ရတယ်’’ ဟု ဆန္ဒပြမှု တွင်ပါဝင်ခဲ့သည့်  မြိတ်ခရိုင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုပိုအင်က ပြောသည်။

ယင်းနေ့ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူများ တွေ့ဆုံရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များအပေါ် တိုက်ရိုက် တိုင်ကြားမှုများလည်းရှိခဲ့ပြီး အစိုးရ အဖွဲ့နှင့်ပတ်သက်၍ ပြည်သူတစ်ဦးက မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က တနင်္သာရီတိုင်းကို လာရခြင်းသည် အစိုးရအဖွဲ့ကို ဆုံးမရန်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ထို့ပြင် လူထုနှင့်တွေ့ဆုံစဉ် ပြည်သူများကို ထိခိုက်စေသည့် ကိစ္စဖြစ်လာပါက ပြတ်ပြတ်သားသား ဥပဒေဘောင်အတွင်းမှ အရေးယူသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မတို့ရဲ့အဖွဲ့ချုပ်ဟာ ပြည်သူအပေါ်မှာ ပေးထားတဲ့ ကတိကဝတ်တွေကို ဖျက်ခဲ့တယ်ဆိုတာ တစ်ခါမှမရှိခဲ့ပါဘူး။ နောင်လည်း ဖျက်မှာ မဟုတ်ပါဘူး။ ပြည်သူကို ထိခိုက်စေတဲ့ကိစ္စတွေဖြစ်လာပြီဆိုရင် ကျွန်မတို့ဟာ ပြတ်ပြတ်သားသား ဥပဒေဘောင်အတွင်းကနေ အရေးယူမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့တစ်နိုင်ငံလုံးမှာ ကျွန်မတို့ ပြည်သူ/သားတွေ ရဲ့ အကျိုးတာဝန်ထမ်းဆောင်ခွင့်ရတဲ့ ပုဂ္ဂိုလ်တွေ အားလုံးဟာ မိမိတို့ရဲ့တာဝန်ကို ဖြောင့်ဖြောင့်မတ်မတ် တိတိကျကျ ပွင့်ပွင့်လင်း ဆောင်ရွက်ကြပါလို့ ဆော်သြော်ချင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီခရီးစဉ်တွင် တိုင်းအစိုးရအဖွဲ့နှင့် ပတ်သက်၍ မြိတ်မြို့၌ ဆန္ဒပြတောင်းဆိုမှုများရှိခဲ့သလို ဖေဖော်ဝါရီ ၁၅ ရက် ထားဝယ်မြို့ လူထုတွေ့ဆုံပွဲတွင်လည်း ထားဝယ်ဒေသတွင် တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် လုပ်ဆောင်နေသည့် လျှပ်စစ်ဓာတ်အားပေးဝေရေး လုပ်ငန်းအတွက် ကုမ္ပဏီနှင့် လျှပ်စစ်ထုတ်လုပ်သည့်အချိန်တွင် အစိုးရနှင့် ချုပ်ဆိုထားသော စာချုပ်၌ ကွက်လပ်များဖြစ်နေကြောင်း နှင့် ယင်းကုမ္ပဏီမှ အစိုးရထံ ဂက်စ်ဖိုးငွေ အကြွေးကျပ်ရှစ်ဘီလျံ မပေး သွင်းသည့်ကိစ္စနှင့် ဝန်ကြီးချုပ်၊ တိုင်း NLD ဥက္ကဋ္ဌ၊ စီမံ/ဘဏ္ဍာဝန်ကြီး တို့၏ လုပ်ဆောင်ချက်များ အပေါ် ဒေသခံနှစ်ဦးက မေးမြန်းခဲ့သည်။

“ကျွန်တော်တို့ဒေသမှာ ပြည်သူလူထုက အလိမ်ခံနေရတယ်လို့ စဉ်းစားမိလို့ပါ။ ကျွန်တော်တို့ ထားဝယ်မှာ CGS  ဆိုတဲ့ ကုမ္ပဏီ တစ်ခုနဲ့ လျှပ်စစ်ကဏ္ဍထုတ်လုပ်တဲ့ အချိန်မှာ ဒီမြို့တော်ခန်းမထဲမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပဲ (အစိုးရဘက်က) ထုတ်ပြလိုက်တဲ့ စာချုပ်ဟာ ကွက်လပ်တွေ အများကြီးဖြစ်နေပါတယ်။ ပြည်ထောင်စု အစိုးရမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်တင်ပြတဲ့ အချိန်မှာမှ ကျွန်တော်တို့ ပြည်သူတွေကို ပြန်ရှင်းတဲ့အချိန်မှာ စာချုပ်က ကွက်လပ်မရှိပါဘူး။ ဖြည့်ထား ပြီးသွားပြီလို့ ပြောပါတယ်။ အဲဒီစာချုပ်ကြောင့်ပဲ ကုမ္ပဏီက နိုင်ငံတော်ကို ပေးသွင်းရမယ့် အကြွေး ရှစ်ဘီလျံ ဒီနေ့အထိ မပေးသွင်းရသေးဘူးလို့ သိရတယ်။ ဒါတွေက အပြစ်ရှိလျက်သားနဲ ့အစိုးရဘက်က မပြောတာလား။ နောက်တစ်ခုက စာချုပ်ကို ခဏခဏ ခဏကြာရင် ကွက်လပ်ရှိတယ်။ ဒီဘက်မှာ ကွက်လပ်မရှိဘူးလား ဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုနဲ့ ကျွန် တော်တို့ ဒေသခံတွေ အလိမ်ခံနေ ရတာလားလို့ပါ။ ကျွန်တော်တို့ ဒေသခံတွေကိုမလိမ်ပါနဲ့။ ကျွန်တော်တို့ ဒေသခံတွေကို အမှန်အတိုင်းပြောပါ’’ဟု ထားဝယ်လူ့ အခွင့်အရေး စောင့်ကြည့်မှုကွန်ရက်မှ ဦးသန်းဝင်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနက စုံစမ်းစစ်ဆေးနေပြီး အဖြေပေါ်လာပါက ပြည်သူလူထုထံ ပွင့်ပွင့်လင်းလင်းတင်ပြမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။

“ဒီကိစ္စအကြောင်းလည်း ကျွန်မတို ့သိပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ကျွန်မတို ့လက်ထဲမှာ မဟုတ်ပါဘူး။သက်ဆိုင်ရာဌာနက ဒါကို စုံစမ်းစစ်ဆေးနေပါတယ်။ စုံစမ်းစစ်ဆေးနေတဲ့ အဖြေပေါ်လာလို့ရှိရင်လည်း ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း နဲ့တင်ပြမှာ ဖြစ်ပါတယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်က ဆိုသည်။

၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် လူထုနှင့်တွေ့ဆုံရန်သွားရောက်ခဲ့ သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ခရီးစဉ်တွင် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များ နှင့် အောက်ခြေပြည်သူလူထုကြား က ဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နဖူးတွေ့ဒူးတွေ့  တွေ့ကြုံခဲ့ရသည်။

ခရီးစဉ်များအနက် တနင်္သာရီတိုင်းခရီးစဉ်တွင် အောက်ခြေက အဖြစ်အပျက်များနှင့် တိုင်းအစိုးရ အဖွဲ့၏ အောက်ဖဲများကို ဒေသခံပြည်သူများက လှန်ပြနိုင်ခဲ့သည့် အတွက် ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ ဖြစ်ရပ်မှန်များကို သိရှိခွင့်ရခဲ့သည်။

ထို့အတူ စစ်ကိုင်းတိုင်းခရီးစဉ်တွင်လည်း ပွဲတက်ရောက်ခွင့်နှင့် မေးခွန်းမေးမြန်းခွင့်ကိစ္စများနှင့် ပတ်သက်၍ ဒေသခံများအကြား ဝေဖန်မှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် မတ် ၆ ရက်က စစ်ကိုင်းတိုင်း ခန္တီးမြို့တွင် ပြုလုပ်သည့် နိုင်ငံတော်အတိုင်ပင်ခံနှင့် လူထု တွေ့ဆုံပွဲတွင် မေးမြန်းလိုသည့် မေးခွန်းများကို သုံးရက်ကြိုတင်ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။ ထိုသို့ မေးခွန်းတင်ရာတွင် ဖြတ်တောက်ခံရမှုများရှိခဲ့ပြီး မေးခွန်းအချို့မှာ ပယ်ချခံရကြောင်း ခန္တီး မြို့ခံ ဦးအောင်ဆန်းမြင့်က ပြောသည်။

“မေးခွန်းတင်တယ်ဆိုတာက ဖြတ်တောက်တဲ့သဘောပဲ။ တကယ်က Unseen မေးခွန်းဖြစ်ရမှာ။ အခုတော့ အကြောင်းအရာကို လက်ဝါးရိုက်ထားသလို ဖြစ်နေတယ်။ နောက်ပြီး တချို့မေးခွန်းတွေက တင်ထားပေမယ့် ဖြုတ်ချခံရတယ်။ ပါမလာဘူး။ အမေစု ဘယ်လောက်လာလာ အောက်ခြေမှာ လိမ်နေကြတုန်းပဲ’’ ဟု ၎င်းက ဆိုသည်။

ထို့ပြင် မတ် ၈ ရက်က မုံရွာမြို့တွင် ကျင်းပသည့် နိုင်ငံတော် အတိုင်ပင်ခံနှင့် လူထုတွေ့ဆုံပွဲတွင်လည်း ပွဲတက်ရောက်မှုနဲ့ ပတ်သက်ပြီး မုံရွာခရိုင်ရှေ့နေအသင်းမှ တရားလွှတ်တော်ရှေ့နေ ဦးတင်ကိုက မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့သည်။

“အမေစု လာမယ်ဆိုတော့ ကျွန်တော် ဒီလိုအခမ်းအနားထဲကိုရောက်ဖို့ တော်တော်ကြိုးစားခဲ့ရပါတယ်။ Facebook မှာ တင်လိုက်တယ်။ အမေစု ၈ ရက်နေ့လာမယ်။ မဝတမှာ သွားပြီးတော့ လက်မှတ်တောင်းရင် ရတယ်ဆိုတော့ အဟုတ်မှတ်လို့ ကျွန်တော်မနေ့က မုံရွာခရိုင်ရှေ့နေကြီးများအသင်း ဥက္ကဋ္ဌ ဦးသန်းထွန်းကို ခေါ်ပြီးတော့ ဆရာ ကျွန်တော်တော့ တက်ချင်လို့ လုပ်စမ်းပါ အမေစုကိုလည်း ကျွန်တော်ကြည့်ချင်လို့ပါဆိုပြီးတော့ သွားတောင်းတယ်။ မယကရုံး ရောက်တော့ ပေးတဲ့သူက ဒါဟာ နယ်လုံဝန်ကြီးကနေပြီး နာမည်ပေးတဲ့လူတွေကိုမှ ပေးရတာ။ ရပ်ကွက်တစ်ရပ်ကွက်ကို ၁၀ ယောက် နှုန်း တက်ရတယ်လို့ ပြောတယ်။ ရပ်ကွက်ကို ကျွန်တော်မေးကြည့် လိုက်တော့လည်း အဲဒီရပ်ကွက်က လူတွေက သူ့လူတွေနဲ့သူ ပြည့်နေတယ်။ အဓိကပြောချင်တာက အမေစုကို တင်ပြမှာ ကြောက်ကြတယ် ထင်တယ်။ အဲဒီတော့ကျ တော့ ကျွန်တော်တင်ပြချင်တာ ၀ိုင်းလိမ်နေကြသလိုမျိုး ဖြစ်နေပါတယ်’’ဟု တရားလွှတ်တော် ရှေ့နေ ဦးတင်ကိုက ဆိုသည်။

ထို့ပြင် အောက်ခြေဗျူရို ကရေစီယန္တရားက ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ မဆလခေတ်မှ ယနေ့ခေတ်အထိ လိမ်လည်မှုများဖြင့် ရပ်တည်နေကြကြောင်း ၎င်းက တင်ပြသည်။

“အခု ကျွန်တော်မုံရွာတောင် ကနေ လာတယ်။ ဘိုးဘွားရိပ်သာ အရှေ့မှာ တစ်ခါမှ ကျွန်တော်စည် ပင်ဝန်ထမ်းတွေကို မမြင်ဖူးပါဘူး။ အခု ဘိုးဘွားရိပ်သာရှေ့မှာ စည်ပင်ဝန်ထမ်း ၁၀၀ လောက်ရှိတယ်။ စည်ပင်ဝန်ထမ်းတွေက တစ်ခါတည်း အမေစု လာမယ်ဆိုလို့ လှဲလိုက်ကြတာ။ မဆလခေတ်၊ နဝတ ခေတ်၊ ကြံ့ခိုင်ရေးအစိုးရခေတ်က နေ ဒီနေ့အထိ အောက်က အထက်ကို လိမ်၊ အထက်ကလည်း အထက်ကို လိမ်နေတဲ့ဟာ အလိမ်တွေနဲ့ပဲ ကျွန်တော်တို့ ရပ်တည်နေကြတယ်။ ကျွန်တော်ဒါကို တင်ပြချင်ခြင်း ဖြစ်ပါတယ်’’ဟု တရားလွှတ်တော် ရှေ့နေ ဦးတင်ကိုက ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးတင်ကို တင်ပြသည့်အပေါ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်းသိပြီးသားဖြစ်သည့်အတွက် တင်ပြရန် မလိုကြောင်း ပြန်လည်ဖြေကြားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များအတွင်း အောက်ခြေပြည်သူများက အဓိကမေးမြန်းသည့် ပြဿနာမှာ ခြောက်မျိုးခန့်သာရှိပြီး သောက်သုံးရေပြဿနာ၊ လမ်းပန်းဆက်သွယ်ရေးပြဿနာ၊ လျှပ်စစ်မီးပြဿနာ၊ ပညာရေးအထောက်အပံ့ပြဿနာ၊ ကျန်းမာရေး အထောက်အပံ့ပြဿနာနှင့် လယ်ယာမြေကိစ္စ ပြဿနာများဖြစ် သည်။

အဆိုပါ ပြဿနာများသည် တိုင်းအဆင့်တွင် ပြီးပြတ်ရမည့်ကိစ္စရပ်များဖြစ်သည့်အတွက် တိုင်းနှင့်ပြည်နယ်အစိုးရများအနေဖြင့် ပြည်သူများနှင့် ထိတွေ့မှုများများလုပ်ပြီး ပြည်သူများ မေးခွန်းမေးပိုင်ခွင့် ပေးရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“အခုမေးသွားတဲ့ မေးခွန်းတွေ တော်တော်များများဟာ တကယ်တော့ မေးဖို့တောင်မှ မလိုတဲ့ မေး ခွန်းတွေပါ။ မေးဖို့ မလိုသင့်ဘူးပေါ့ နော်။ ဒါဟာ ပြည်သူတွေ သိသင့်သိထိုက်တာတွေကို အသိပေးထားလို့ရှိရင် မေးကြမှာလည်း မဟုတ်ပါ ဘူး။ ပြည်သူတွေ သိချင်တဲ့ဟာကို ဖြေဖို့ဆိုတာဟာ တိုင်းအစိုးရရဲ့ တာဝန်ပဲ ဖြစ်ပါတယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်က ဆိုသည်။

NLD အစိုးရသက်တမ်း သုံး နှစ်ကျော်လာချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူနှင့် တွေ့ဆုံရန် ကွင်းဆင်းစစ်ဆေးရာ၌ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့များ ၏ ပြည်သူနှင့် ထိတွေ့ဆက်ဆံမှု အားနည်းသည့်ကိစ္စရပ်များကို တွေ့ရှိရသည့်အတွက် စနစ်တကျစောင့်ကြည့်ထိန်းကျောင်းရန် လိုအပ်နေကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူ ဒေါက်တာရန်မျိုး သိမ်းက ဆိုသည်။

“နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ဒီရက်ပိုင်း တိုင်းဒေသကြီး နဲ့ ပြည်နယ်ခရီးစဉ်တွေကို ကြည့်မယ်ဆိုရင် နောက်ပြီး အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောတဲ့ စကားတွေအရ ကြည့်မယ်ဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရဲ့ စွမ်းဆောင်ရည်ဟာ အတော်လေးကို အားနည်းတယ်လို့ သုံးသပ်လို့ရတယ်။ အဲဒီ အခါကျတော့ ဒီတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးတော့ လွတ်လပ်တဲ့ စနစ်တကျစောင့်ကြည့်ထိန်းကျောင်းမှုမျိုး လိုအပ်နေတယ်ဆိုတာကို ဖော်ပြနေတယ်။ စနစ်တကျ စောင့်ကြည့်ထိန်းကျောင်းမှုမျိုး အားနည်းရင် ဒီအတိုင်းပဲ အုတ်ရောရောကျောက်ရောရော ဆက်သွားရင်တော့ ဆက်အလိမ်ခံရနိုင်တယ်လို့ သုံးသပ်တယ်’’ ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံအနေ ဖြင့် တိုင်းနှင့်ပြည်နယ်က ဒေသခံ အောက်ခြေပြည်သူများနှင့် သွားရောက်တွေ့ဆုံရာတွင် ကိုယ်တွေ့သိလာရသည့်အတွက်  ပါတီ၊ အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးတွင် ပြုပြင်ပြောင်းလဲရေး လုပ်ရမည်ဟူသော အယူအဆဝင်လာကြောင်း NLD ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က သုံးသပ်ပြောကြားသည်။

“အရင်ကတည်းက သိထားတာတွေလည်း ရှိပါတယ်။ နောက် သူကိုယ်တိုင်လည်း အခုကျတော့ ကိုယ်တွေ့လက်တွေ့ပေါ့လေ။ မြင်ရလာတဲ့အခါကျတော့ ဒါ  NLD အ တွက် ပြုပြင်ပြောင်းလဲရေးပေါ့။ ပြုပြင်ပြောင်းလဲရေးဆိုတဲ့နေရာမှာ ပါတီထဲမှာရော၊ အစိုးရထဲမှာရော ၊ လွှတ်တော်ကိုယ်စားလှယ်ထဲမှာ ရော ဒါတွေကို အားလုံးထဲမှာ ပြု ပြင်ပြောင်းလဲရေးတွေ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ အယူအဆ ဝင်လာစေတယ်လေ။ အဲဒါကြောင့် ကျွန်တော်ကတော့ ကောင်းတယ်လို့ပဲ ကျွန်တော်ကတော့ ပြောချင်ပါတယ်’’ဟု မုံရွာအောင်ရှင်က ဆို သည်။

သို့သော် နိုင်ငံတော်အတိုင်ပင်ခံ၏ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း နှင့် စစ်ကိုင်းတိုင်း ခရီးစဉ်များအတွင်း မည်သည့်အကြောင်းမှန်း မသိရသည့် ကချင်ပြည်နယ် ဝန်ကြီး သုံးဦးကိုမူ အပြောင်းအလဲ ပြုလုပ်ခဲ့သော်လည်း ပြည်သူများအကြားတွင် သတင်းကြီးခဲ့သည့် တနင်္သာရီအစိုးရအဖွဲ့ကိစ္စကိုမူ အရေးယူမှု အားနည်းနေသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိခဲ့သည်။

“ကချင်ခရီးစဉ်အပြီးမှာ ဘာမှမသိ ဘာမှမကြားထားတဲ့ ဝန်ကြီးသုံးပါးကို ဖြုတ်လိုက်တယ်။ ဘာကြောင့်လဲပေါ့။ တနင်္သာရီကျတော့ နာမည်ကြီးနေတယ်။ တော်တော်ဆိုးတဲ့ကိစ္စတွေ ဖြစ်နေပြီဆိုတဲ့နေရာကျတော့ မပြုတ်ဘူး။ ဆူရုံပဲ ဆူတယ်။ အဲဒီတော့ ဘာလဲပေါ့’’ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း(သီပေါ)က ဆိုသည်။

ယခုလို အရေးယူမှုအပိုင်း အားနည်းမှုများရှိသည်ဟု ဝေဖန်မှုများနှင့်ပတ်သက်ပြီး အချိန်တစ်ခုကို စောင့်၍ လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း NLD ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောဆိုသည်။

“အားနည်းတယ်လို့ ပြောတာ ထက်ပေါ့လေ။ ကျွန်တော်မြင်တာ ကတော့ အားနည်းတယ်လို့ ပြောတာထက် သူတို့ရဲ့ ဆောင်ရွက်ချက်အပေါ်မှာ တစ်စုံတစ်ရာကာလ တစ်ခုအထိ အချိန်စောင့်ပြီးတော့ ဒီဟာကို လုပ်ကိုင်ဖို့ပေ့ါလေ။ ပြုပြင်ပြောင်းလဲဖို့ သို့မဟုတ် အရေးယူဖို့အတွက် အချိန်တစ်ခုစောင့်ပြီး တော့ လုပ်နေတယ်လို့ပဲ ကျွန်တော်တော့ ထင်ပါတယ်။ အားနည်းတယ် ဆိုတာကတော့ ကျွန်တော်သိပ်ပြီးတော့ အဲဒီလိုတော့ တစ်ထစ်ချ မပြောချင်ဘူးလေ။ ခေါင်းဆောင်ဆိုတာကတော့ အရေးယူရမယ်၊ လုပ်ရမယ်ဆိုတဲ့အခါကျတော့ အကြောင်းအမျိုးမျိုးကို ကြည့်ရတာကိုး။ ထောက်ရတာကိုး။ အကြောင်း အမျိုးမျိုးကို စိစစ်ရတဲ့အခါကျတော့ ဒါမျိုးဟာ တကယ်တမ်းတိုင်တော့ တိုင်တယ်။ ဒါပေမဲ့ တကယ်မဟုတ် ဘဲနဲ့ အရေးယူမိရှိရင်လည်း ဒီဟာက တစ်ဖက်သားမှာ နစ်နာဆုံးရှုံးမှု တွေလည်း ရှိတတ်တယ်လေ။ သဘာဝကို ပြောပြတာပါ။ ဒီဟာကို ပြန်ပြန်လှန်လှန်ပေါ့။ စဉ်းစားပြီးတော့မှ ဒီဟာလုပ်ဖို့အတွက် အချိန်ယူနေရတယ်ပဲလို့ ကျွန်တော်တော့ ထင်ပါတယ်’’ဟု မုံရွာအောင်ရှင်က ပြောသည်။

သို့သော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် တိုင်းနှင့်ပြည်နယ်အသီးသီးသို့ သွားရောက်ပြီး ပြည်သူလူထုနှင့် တွေ့ဆုံခဲ့သော်လည်း အောက်ခြေအဖြစ် အပျက်များကို တကယ် သိ၊ မသိ ဆို သည်မှာ မည်သူ့စကားကို နားထောင်သည့်အပေါ်တွင် မူတည်ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံအနေဖြင့် အောက်ခြေဗျူရိုကရေစီ ယန္တရား၏ အလိမ်မခံရရန် အောက်ခြေ ပြည်သူများက သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံတို့ထံ တိုက်ရိုက်စာလှမ်းရေးတင်နိုင်ခြင်း၊ ဖုန်းဖြင့် ပြောဆိုနိုင်ခြင်း စသည့် ယန္တရားများကို တည်ထောင်ရမည့်အပြင် စိတ်ချယုံကြည်ရသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့မျိုးကို ထူထောင်၍ အောက်ခြေအထိဆင်းစစ်ရန်လိုကြောင်း ဦးရဲထွန်း (သီပေါ) က အကြံပြုသည်။

ပြီးခဲ့သည့် NLD အစိုးရ သက်တမ်း သုံးနှစ်အတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးက အောက်ခြေပြည်သူများ၏ အမှန်တကယ်ဘဝများကို သိခြင်း၊ မသိခြင်းသည် နိုင်ငံတော် အတိုင်ပင်ခံအတွက် လက်တွေ့ ပြည်သူနှင့်တွေ့ဆုံရန် သွားရောက်သည့်အခါတွင် စိန်ခေါ်မှုက ကြီးခဲ့ သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြီးခဲ့သည့် NLD အစိုးရ သက်တမ်းသုံးနှစ်အတွင်း သိရှိခဲ့သော အောက်ခြေရှိပြည်သူများ၏ ဘဝနှင့် လက်တွေ့ကွင်းဆင်းစစ်ဆေးရာတွင် တွေ့ရှိခဲ့သော ပြည်သူ့ဘဝသည် မည်မျှကွာခြားသည်ဆိုသည်ကို ဒေါ်အောင်ဆန်းစုကြည်သာ သိပါလိမ့်မည်။

ထို့ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ခရီးစဉ်များ အပြီးတွင် အောက်ခြေပြည်သူ့ဘဝ နှင့်ပတ်သက်၍ အလိမ်ခံရခြင်း ရှိ မရှိနှင့် ပြည်သူများက အောက်ဖဲလှန်ခဲ့သည့် တိုင်းနှင့်ပြည်နယ်အစိုးရ အဖွဲ့များ အပေါ်တွင် မည်သို့ ဆောင်ရွက်မည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။

“အလိမ်ခံနေရလား ဆိုတာကတော့ အတိုင်ပင်ခံအနေနဲ့ ဒီ ကိစ္စတွေအပေါ်မှာ သိလား မသိလားအပေါ်မှာ မူတည်တာပေါ့။ ပြဿနာတွေကို သိလား မသိလား အပေါ်မှာ မူတည်တယ်။ အလိမ်ခံနေရတယ်။ အလိမ်မခံရဘူးဆို တာကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပဲ သိလိမ့်မယ်’’ဟု Yangon Watch အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက သုံးသပ်သည်။

 

 

Most Read

Most Recent