■ အရှေ့ကမ္ဘာက ခရီးသွားတွေကို တံခါးဖွင့် ကြိုဆိုခဲ့တဲ့၂၀၁၈
ပြီးခဲ့တဲ့၂၀၁၈ ခုနှစ်မှာဆိုရင် ရခိုင်ပြည်နယ် မြောက်ဖျားက အ ကြောင်းခြင်းရာအချို့နဲ့ ပတ်သက်ပြီး ပြည်ပမီဒီယာအချို့ရဲ့ တစ်ဖက်စောင်းနင်း ရေးသားဖော်ပြမှုတွေ ကြောင့် အနောက်ကမ္ဘာကခရီးသွား ဝင်ရောက်မှုကျဆင်းခဲ့ပေမယ့် မြန်မာနိုင်ငံအနေနဲ့တော့ အရှေ့ကမ္ဘာက ခရီးသွားတွေအတွက် တံခါးဖွင့် ကြိုဆိုမှုတစ်ခုလို့ တင်စားရမယ့် အကြောင်းအရာတစ်ခုကို ခရီးသွားရာသီအစမှာပဲ ပြုလုပ်ခဲ့ပါတယ်။
ဒါကတော့ ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားတွေကို ၂၀၁၈ ခုနှစ်အောက်တိုဘာ ၁ ရက်ကစပြီး ဗီဇာကင်း လွတ်ခွင့်နဲ့ ဝင်ရောက်ခွင့်ပြုခဲ့ခြင်းနဲ့လေကြောင်းခရီးစဉ်နဲ့ လာရောက် မယ့်တရုတ်နိုင်ငံသား (ဟောင်ကောင် နှင့် မကာအို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံသားများ အပါအဝင်)ကမ္ဘာ လှည့်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာနဲ့မြန်မာနိုင်ငံဝင်ရောက်ခွင့်ကို ခွင့်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။ တရုတ်ခရီးသွားတွေကိုတော့ ဆိုက်ရောက်ဗီဇာကြေးအနေနဲ့ အမေရိကန်ဒေါ်လာ ၅၀ သတ်မှတ်ထား ပြီးနေထိုင်ခွင့်သက်တမ်းတိုးခြင်းကိုတော့ ခွင့်ပြုထားခြင်း မရှိပါဘူး။ ဆိုက်ရောက်ဗီဇာလျှောက်ထားရယူမယ့် တရုတ်နိုင်ငံသားဟာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုမှာ လျှောက်ထားရယူပြီး ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။
ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ မြန်မာနိုင်ငံအနေနဲ့ ကြိုးစားမှုက သိသိသာသာကို အရာထင်ခဲ့တယ်။ အောင်မြင်မှုရရှိခဲ့တယ်လို့ ပြောရမှာပါပဲ။ ဗီဇာကင်းလွတ်ခွင့် စတင်ခဲ့ပြီး အောက်တိုဘာ တစ်လတာ အတွင်းမှာကို ဂျပန်နဲ့တောင်ကိုရီးယား နှစ်နိုင်ငံက ခရီးသွားခြောက်ထောင်ကျော်ဟာ ရန်ကုန်အပြည်ပြည်ဆိုင် ရာ လေဆိပ်ကို ဝင်ရောက်ခဲ့ပါတယ်။ ဒီခြောက်ထောင်ကျော်ထဲမှာ ယခင်ဗီဇာကင်းလွတ်ခွင့် မစခင်က ပြည် ဝင်ခွင့် ဗီဇာလျှောက်ထားရယူ ဝင်ရောက်ခဲ့သူတွေပါသလို ဗီဇာကင်းလွတ်ခွင့် စတင်ချိန်မှာပဲ တိုက်ရိုက် ဝင်ရောက်လာခဲ့သူတွေလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ စာရင်းအချက်လက်တွေနဲ့ တိတိကျကျ ပြောရရင် ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပြီး အောက်တိုဘာ ၁ ရက်ကနေ ၃၁ ရက်အထိ တစ်လတာအတွင်း ဂျပန်နိုင်ငံမှ ခရီး သွား ၃၄၀၀ ကျော်၊ကိုရီးယားနိုင်ငံ မှ ခရီးသွား ၃၂၀၀ ကျော်ဝင်ရောက်ခဲ့ပြီး၊ ဆိုက်ရောက်ဗီဇာနဲ့ ဝင်ရောက် ခွင့်ပြုခဲ့သည့် တရုတ်နိုင်ငံ ခရီးသွားများအနေဖြင့် အောက်တိုဘာ တစ်လတာအတွင်း ၂၆၀၀ ကျော် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
“အနောက်နိုင်ငံတွေရဲ့မီဒီယာ ထိုးနှက်ချက်တွေကြောင့်ကျွန်တော်တို့နိုင်ငံကို အနောက်နိုင်ငံက ခရီးသွားဝင်ရောက်မှု ကျဆင်းသွားတာ အနည်းအကျဉ်းရှိပါတယ်။ ဒီအပေါ်မှာ ပြန်ကုစားနိုင်ဖို့အတွက် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံသားတွေကို ပိုမိုပြီး မြန်မာနိုင်ငံကို ဝင်ရောက်လာရေး၊ ဝင်ရောက်တဲ့အခါမှာ ပိုမို လွယ်ကူရေး အတွက်ကိုပြင်ဆင်တဲ့အနေနဲ့ တရုတ်နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာ၊ ဂျပန်နဲ့တောင် ကိုရီးယားနိုင်ငံသားတွေကိုတော့ ဗီဇာကင်းလွတ်ခွင့်စနစ်နဲ့ မကာအို၊ ဟောင်ကောင် နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာနဲ့ ဝင်ရောက်မှုကို အောက်တိုဘာ ၁ ရက်ကစပြီးတော့ နိုင်ငံတော် အစိုးရကနေခွင့်ပြုထား ပြီး ဖြစ်ပါတယ်” ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လက်ရှိမှာ နိုင်ငံပေါင်း ၁၀၀ ကျော်ကို E Visa လျှောက်ထားခြင်း ခွင့်ပြုထားပြီး ၅၄ နိုင်ငံကိုတော့ ဆိုက်ရောက်ဗီဇာနဲ့ ဝင်ရောက်ခွင့်ပြုထားတာ ဖြစ်ပါ တယ်။
■ သိသိသာသာ တိုးတက်ခဲ့တဲ့ တရုတ်ခရီးသွား ဝင်ရောက်မှု
၂၀၁၉ ခုနှစ်ရဲ့ ဇန်နဝါရီလကုန် အထိ မြန်မာနိုင်ငံကို နိုင်ငံခြားသား ခရီးသွား သုံးသိန်းကျော် လာရောက် လည်ပတ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ခရီးသွားဝင်ရောက်မှု ၁၇ ရာ ခိုင်နှုန်းမြင့်တက်ခဲ့ပြီး တရုတ်ခရီး သွား ဝင်ရောက်မှု သိသိသာသာမြင့်တက်ခဲ့တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရပါတယ်။
ခုလို တရုတ်နိုင်ငံက ခရီးသွား တိုးတက်ရခြင်းက ဗီဇာဖြေလျှော့မှုတွေနဲ့အတူ တရုတ်-မြန်မာနှစ်နိုင်ငံကြား လေကြောင်းခရီးစဉ်သစ် စတင်ပျံသန်းမှုတွေကလည်း ကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ၂၀၁၈ နှစ် ကုန်ပိုင်းမှာ မြန်မာနိုင်ငံက နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်တဲ့ မြန်မာ အမျိုးသားလေကြောင်းလိုင်းနဲ့ တရုတ် နိုင်ငံက လေကြောင်းလိုင်းအချို့က နှစ်နိုင်ငံကြား ခရီးစဉ် စတင်ပျံသန်း မှုတွေကို ပြုလုပ်ခဲ့ပါတယ်။
“ဗီဇာဖြေလျှော့မှုတွေပေးထားတော့ တရုတ်နိုင်ငံက ခရီးသည်တွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တာ ပိုများလာတယ်။ MNA က လေယာဉ်အချို့ကို စင်းလုံးငှားပြီး ပြည်တွင်း ခရီးစဉ်တွေကို လည်ပတ်ကြတယ်။ အထူးသဖြင့် ချောင်းသာ၊ ငွေဆောင်သွားဖို့ ပုသိမ်နဲ့ ပုဂံကိုလည်ပတ်ဖို့ ညောင်ဦးကို စင်းလုံးငှားခရီးစဉ်ငှားရမ်းကြတယ်။ ညောင်ဦးလေဆိပ်ကတော့ ညဘက်လည်း ဆင်းလို့ရတဲ့အတွက် စင်းလုံးငှားခရီးစဉ်တွေ ပျံသန်းဖြစ်တယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ CEO ဦးသန်းထွန်း က ပြောပါတယ်။
ပြီးခဲ့တဲ့၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံက လေကြောင်းလိုင်း ခြောက်ခုက ခရီးစဉ် ၁၁ ခုအထိ တိုးချဲ့ပျံသန်းခဲ့ပြီး တရုတ်နိုင်ငံက ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၇ ခုနှစ်ကထက် ၃၈ ဒသမ ၃၈ ရာခိုင် နှုန်း တိုးတက်မှုရှိခဲ့ပြီး လက်ရှိမှာ တရုတ်နိုင်ငံကနေ ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်ကို ပျံသန်းနေတဲ့ တရုတ်လေကြောင်းလိုင်း ခုနစ်ခုရှိပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နေ့စဉ်ပျံသန်းနေတဲ့ လေကြောင်းခရီးစဉ် ၁၂ ခုအထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ဆောင်မှုလုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်နေတဲ့ ့ YACL နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ဆောင်မှုလုပ်ငန်းများကို စီမံခန့်ခွဲဝန် ဆောင်မှုပေးနေတဲ့ ၎င်းရဲ့ မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့့ Pioneer Aerodrome Services Company limitedနဲ့ ပူးပေါင်းပြီး တရုတ် အခြေစိုက် လေကြောင်းလိုင်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပြီး ITA နှင့် ပူးပေါင်းပြီး တရုတ်-မြန်မာ ခရီးစဉ်အသစ်တွေကို ထပ်တိုးပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီအထိ မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုများမှာ လေကြောင်းခရီးဖြင့် လာရောက်သူ ၁၅၀၂၂၉ ဦး၊ အပျော်စီးသင်္ဘောဖြင့် လာရောက်သူ ၆၃၃ ဦး၊ နယ်စပ် ဝင်ပေါက်မှ အတွင်းပိုင်းအထိ လာရောက်သူ ၁၁၇၅၀၊ စုစုပေါင်း ဗီဇာဖြင့် လာရောက်သူ ၁၆၂၆၁၂ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီအထိနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီအထိ ဗီဇာဖြင့် လာရောက်သူ ဦးရေကိုနှိုင်းယှဉ်ပါ က ၂၆၄၄၈ ဦး (၁၉ ရာခိုင်နှုန်း) ပိုမို ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကုန်အထိ နယ်စပ်သို့ ဝင်ရောက်သူများမှာ ၂၁၇၅၆၀ ရှိခဲ့ပြီး ၂၀၁၈ ကာလတူတွင် ၁၈၈၃၄၁ ဦး ဝင်ရောက်ခဲ့ခြင်းကြောင့် ၂၉၂၁၉ ဦး (၁၆ ရာခိုင်နှုန်း) မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့်မို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီအထိ စုစုပေါင်းနိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ၃၈၀၁၇၂ ဦးရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ကာလတူတွင် ၃၂၄၅၀၅ ဦး ဝင်ရောက်ခဲ့တဲ့အတွက် ၅၅၆၆၇ ဦး (၁၇ ရာခိုင်နှုန်း) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသို့ ဗီဇာဖြင့် လာရောက် လည်ပတ်သူနိုင်ငံခြားသားခရီးသွားစာရင်းတွင် (၂၀၁၉ ခုနှစ် ဇန်နဝါရီအထိ) ထိပ်ဆုံး၌ ရပ်တည်နေသော နိုင်ငံများမှာ တရုတ် ၄၁၈ ၆၀၊ ထိုင်း ၂၅၃၂၅ ဦး၊ ကိုရီးယား ၁၄၄ ၃၅ ဦး၊ဂျပန် ၁၁၄၆၈ ဦး၊ အမေရိကန် ၇၃၇၅ ဦး၊ ပြင်သစ် ၆၄၇၇ ဦး၊ စင်ကာပူ ၄၇၃၉ ဦး၊ အိန္ဒိယ ၄၅၉၄ ဦး၊ ဂျာမနီ ၄၀၈၄ ဦး၊ ထိုင်ဝမ် ၄၀၀၈ ဦးတို့ဖြစ်ပြီး ယခင်နှစ်ကထက် တရုတ်ခရီးသွား ၁၀၂ ရာခိုင်နှုန်း၊ ကို ရီးယား ခရီးသွား ၆၈ ရာခိုင်နှုန်း တိုး တက်ခဲ့ ခြင်းဖြစ်ပါတယ်။
■ ဇီးရိုးဘတ်ဂျက်နဲ့ လာရောက်လည်ပတ်မှုတွေ များတယ်လို့ အသံတွေ ကြားလာရတဲ့ တရုတ်ခရီးသွားဝင်ရောက်မှု
ဟောင်ကောင်၊ မကာအိုနိုင်ငံတွေ အပါအဝင် တရုတ်နိုင်ငံသား ခရီးသွားတွေ အပေါ်မြန်မာနိုင်ငံရဲ့ ဗီဇာ ဖြေလျှော့မှုတွေ၊ လေကြောင်းခရီးစဉ်သစ် ပြေးဆွဲမှုတွေကြောင့် တရုတ်ခရီးသွားဝင်ရောက်မှုတွေ သိသိသာသာ တိုးတက်ခဲ့ပေမယ့် တရုတ်နိုင်ငံသား ခရီးသွားအချို့က Zero Tour Budget လို့ ခေါ်တဲ့ မြန်မာနိုင်ငံမှာငွေကြေး သုံးစွဲမှုမရှိသလောက် နည်းပါးတဲ့ ခရီးစဉ်တွေကို စီစဉ်ရေးဆွဲပြီးလာရောက်မှုတွေ များပြားနေတယ်လို့ ခရီးသွားလုပ်ငန်း နယ်ပယ်က တာဝန်ရှိသူတွေက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ Zero Tour Budget သဘောက မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ တရုတ်ခရီးသွားတွေအနေနဲ့ တရုတ်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တွေဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေ၊ လက်မှုပစ္စည်း အရောင်းဆိုင်တွေမှာပဲဝယ်ယူ၊ စားသုံးမှုတွေရှိနေပြီး ခရီးသွားဧည့်လမ်းညွှန်ကအစ မြန်မာနိုင်ငံသား ဧည့်လမ်းညွှန်ကို ခေါ်ယူအသုံး ပြုတာမျိုးမရှိဘဲ တရုတ်နိုင်ငံသား Tour Leader နဲ့ပဲမြန်မာနိုင်ငံကိုလာရောက် လည်ပတ်နေကြတာမျိုးဖြစ် ပါတယ်။ တရုတ်နိုင်ငံသား ခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံမှာမသုံးမဖြစ်တဲ့ ငွေကြေးသုံးစွဲမှုတွေဖြစ်တဲ့ ဟိုတယ်ငှားရမ်းခနဲ့ ပို့ဆောင်ဆက်သွယ်ရေးအတွက် ကားငှားရမ်းမှုတွေမှာပဲ ငွေကြေးသုံးစွဲနေကြတာ ဖြစ်ပါတယ်။ တချို့မြန်မာနိုင်ငံခရီးစဉ်တွေကို စီစဉ်ရေးဆွဲတဲ့ တရုတ် ခရီးသွားကုမ္ပဏီတွေဟာ ဆိုရင် အမှတ်တရလက်ဆောင် ပစ္စည်းဝယ်ယူမှုတွေအတွက် မြန်မာနိုင်ငံမှာ ငွေပေးချေဖို့ တောင်မလိုအပ်ဘဲ သူ တို့နိုင်ငံပြန်ရောက်မှ ပေးချေနိုင်တဲ့ စနစ်မျိုးတွေအထိ အသုံးပြုနေတဲ့အတွက် မြန်မာနိုင်ငံခရီးသွားကဏ္ဍအ နေနဲ့ ရသင့်တဲ့ဝင်ငွေတွေ မရဘဲ နစ်နာမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
“တရုတ်ခရီးသွားလာရောက်မှုတွေက အရေအတွက်မှာ တိုးတက်မှုရှိနေပေမယ့် ဝင်ငွေရရှိမှုမှာတော့ တော်တော်လေး နည်းပါးပြီး Zero Tour Budget နီးပါးဖြစ်နေပါတယ်။ တရုတ်နိုင်ငံမှာ ခရီးစဉ် စရောင်းကတည်းက ဒေါ်လာ ၁၀၀ နဲ့အပြီးအစီး၊ ဒေါ်လာ ၂၀၀ နဲ့ အပြီး အစီးဆိုသလိုမျိုး ရောင်းချပြီး မြန်မာနိုင်ငံထဲကို ခေါ်လာတာမျိုးတွေ ရှိတယ်။ ပြီးတော့ မြန်မာပြည်မှာလည်း တရုတ်နိုင်ငံသားတွေဖွင့် လှစ်ထားတဲ့ စားသောက်ဆိုင်တွေ၊ လက်မှုပစ္စည်းအရောင်းဆိုင်တွေကို ပဲခေါ်သွားတယ်။ ဒီလိုဆိုင်မျိုးတွေ ကို နည်းဥပဒေအရ ထိန်းကျောင်းမှုတွေ အားနည်းနေတယ်လို့ ထင်ပါ တယ်။ ဧည့်လမ်းညွှန်ကအစ မြန်မာ ဧည့်လမ်းညွှန်ကို ပါတယ်ဆိုရုံုံပြသဖို့အတွက်ကားပေါ်မှာ ထိုင်ခိုင်းရုံ အဆင့်သာသာပဲခေါ်ထားကြပြီး သူတို့ Tour Leader တွေနဲ့ပဲလည်ပတ်ကြတာမျိုးတွေရှိတယ်။ ရန်ကုန်မြို့မှာဆိုရင် မသွားမဖြစ်တဲ့ ရွှေတိဂုံ ဘုရားလောက်ကိုသာ ခေါ်သွားကြပြီးကျန်တဲ့နေရာ တွေ၊ ဘုရားတွေကို မြင်မှာစိုးလို့ မမြင်အောင်ရှောင်ကွင်းပြီး ခေါ်သွားကြတာမျိုးတွေတောင်ရှိတယ်။ အဲဒီတော့ နိုင်ငံအနေနဲ့ ရသင့်ရထိုက်တဲ့ဝင်ငွေတွေ မရနိုင်တော့ဘူး။ ဒီ Supply Chain ကြီးတစ်ခုလုံးမှာ ကိုယ့်နိုင်ငံသားတွေပါဝင်အောင် မဖြစ်မနေ ကြပ်မတ်သင့်ပါတယ်။ အဲဒီလိုနိုင်ငံခြားသား လုပ်ငန်းရှင်တွေ တစ်ဦးချင်းစီရဲ့ ဝင်ငွေခွန်တွေကို ရရှိနိုင်အောင် လုပ်နိုင်ဖို့လိုပါတယ်။ ခရီးသည်ဝင်ရောက်မှုနှုန်းများတယ် ဆိုတဲ့နေရာမှာ ဝင်ငွေကလည်း တိုးတက်ရရှိ လာသလား ကြည့်ဖို့လိုပါတယ်။ မနှစ်က ဒီအချိန် ခရီးသည်သုံးသိန်း ဝင်တယ်။ ဒီနှစ် ငါးသိန်းဝင်တယ်ဆိုရင် ရတဲ့ဝင်ငွေက မနှစ်ကထက် ပိုများလာသလား နှိုင်းယှဉ်ကြည့်ရပါမယ်။ အဓိက တာဝန်ရှိသူတွေဖြစ်တဲ့အစိုးရပိုင်း အနေနဲ့ Zero Tour တွေကို ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်မှုတွေ နှေးကွေးနေတယ်လို့ မြင်ပါတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောပါတယ်။
■ ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ လက်မှတ်စျေးနှုန်း ကြီးမြင့်ခြင်းက ခရီးသွားလုပ်ငန်းတိုးတက်ဖို့ အဟန့်အတား ဖြစ်နေသလား
မြန်မာနိုင်ငံအတွင်းမှာ ပျံသန်းနေတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ လက်မှတ်စျေးနှုန်းကြီး မြင့်ခြင်းက ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုတွေ ရှိနေပြီး နိုင်ငံခြားလေကြောင်း ကုမ္ပဏီတွေကို ပြည်တွင်းလေကြောင်းပြေးဆွဲမှုမှာ ဝင်ရောက်ခွင့် မပေးခြင်းက တရားမျှတတဲ့ယှဉ် ပြိုင်မှုမဟုတ်ဘူးလို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားခဲ့တယ်လို့ မတ် ၁ ရက် ထုတ် 7 Day Daily သတင်းစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။
ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ လေယာဉ်လက်မှတ်စျေးနှုန်းတွေကိုကြည့်ရင် ရန်ကုန်-ဟဲဟိုး ခရီးစဉ် တစ်ကြောင်းစာက မြန်မာကျပ်ငွေ ငါးသောင်းကျော်ဝန်းကျင် ကနေ ခုနစ်သောင်းနီးပါးရှိပြီး ရန်ကုန်- မြစ်ကြီးနား ခရီးစဉ်နဲ့ ရန်ကုန်-ကော့သောင်း အစရှိတဲ့ခရီးစဉ်တွေမှာ ခရီးစဉ်တစ်ကြောင်းစာ ကိုမြန်မာကျပ်တစ်သိန်းဝန်းကျင်အထိ စျေးနှုန်းတွေရှိနေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ နိုင်ငံခြားက စရိတ်နည်း လေကြောင်းလိုင်းအချို့ဟာ ရန်ကုန်-ဘန်ကောက်အသွား အပြန်ခရီးစဉ်ကို အမေရိကန်ဒေါ်လာ ၉၀ ဝန်းကျင်ကနေ စတင်ပျံသန်းနေပါတယ်။ မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍကျဆင်းနေတဲ့ နည်းတူခရီးသွားလုပ်ငန်းကို မှီခိုရပ်တည်နေရတဲ့စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းလေ ကြောင်းတွေရဲ့ အခြေအနေကလည်း စိုးရိမ်စရာအနေအထားကို ရောက်ရှိနေပါတယ်။ လက်ရှိပြည်တွင်းလေ ကြောင်းလိုင်းစျေးကွက်မှာ လေကြောင်းလိုင်းအချင်းချင်း ယှဉ်ပြိုင်မှု ပြင်းထန်နေပြီး အမြတ်ကျန်ဖို့ မဆိုထားနဲ့ အတတ်နိုင်ဆုံး အရှုံးနည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ရုန်းကန်နေရတဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ ပြည်တွင်းလေကြောင်းလိုင်းအသိုင်းအဝိုင်းမှ သိရပါတယ်။
ပြည်တွင်းမှာပျံသန်းနေတဲ့ လေကြောင်းလိုင်းတွေဟာ ခရီးသည်ရရှိဖို့ ပြည်တွင်းလေကြောင်းလိုင်း အချင်းချင်း ယှဉ်ပြိုင်နေရတဲ့နည်းတူ ပြည်ပပျံသန်းနေတဲ့ ပြည်တွင်းလေကြောင်းလိုင်း အချို့ဟာဆိုရင်လည်း ပြည်ပကို တိုက်ရိုက်ပျံသန်းနေတဲ့ ပြည်တွင်းလေကြောင်းလိုင်းအချင်းချင်း အပြင် ပြည်ပက စရိတ်နည်း လေကြောင်းလိုင်းတွေ၊ အခြားနိုင်ငံတကာမှာ နာမည်ကျော်ကြားတဲ့ ပြည်ပလေကြောင်းလိုင်းကြီး တွေနဲ့ပါယှဉ်ပြိုင်ပြီး စျေးကွက်ဝေစုရရှိဖို့ရုန်းကန်နေရတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ လေကြောင်းလိုင်းတွေ အရှုံးပေါ်နေရတဲ့အချက်တွေထဲမှာ လေယာဉ်ဆီ စျေးနှုန်းကြီးမြင့်ခြင်းကလည်း တစ်ချက်အပါအဝင်ဖြစ်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းလေကြောင်းလိုင်းတွေဝယ် သုံးနေတဲ့ လေယာဉ်ဆီကို ရောင်းချပေးတဲ့ကုမ္ပဏီက တစ်ခုတည်း ဖြစ်နေတော့ ပြိုင်ဆိုင်မှုမရှိဘဲ စျေးကွက်ကို လက်ဝါးကြီးအုပ်ပြီး ထင်တိုင်းရောင်းချခွင့် ရနေတဲ့အချက်ဟာ လည်း လေကြောင်းလိုင်းတွေရဲ့ အခက်အခဲတစ်ခုဖြစ်နေတယ်လို့ ဆို ပါတယ်။ နိုင်ငံတကာနဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံရဲ့ လေယာဉ်ဆီစျေးနှုန်း က သုံးပုံတစ်ပုံမက များနေတယ်လို့ ပြည်တွင်းလေကြောင်းလိုင်းလုပ်ငန်းရှင်များရဲ့ ပြောကြားချက်အရ သိရပါတယ်။
ပြီးခဲ့သည့် နှစ်တွေမှာ ပြည်တွင်း လေကြောင်းလိုင်းနှစ်ခုဖြစ်တဲ့ Air Bagan လေကြောင်းလိုင်းနဲ့ Apex လေကြောင်းလိုင်းနှစ်ခုက လေကြောင်းခရီးစဉ်ပျံသန်းခြင်းကို ရပ်နားခဲ့ပြီး သူတို့ရဲ့လေကြောင်းလိုင်း တည်ထောင်ပျံသန်းခွင့်လိုင်စင် Air Operator’s Certificate (AOC) ကို လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနကို ပြန်လည်အပ်နှံခဲ့ပါတယ်။
၂၀၁၈ ဇူလိုင်လအတွင်းမှာ FMI လေကြောင်းလိုင်းက လေယာဉ်ခရီးစဉ်ပျံသန်းခြင်းကို ရပ်နားခဲ့ပါတယ်။ သက်တမ်း၂၄ နှစ်ရှိပြီ ဖြစ်တဲ့ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Air Mandalay လေ ကြောင်းလိုင်းကတော့ လက်ရှိမှာ ခရီးစဉ်ပျံသန်းမှုကို ယာယီရပ်နားခဲ့ပြီး စျေးကွက်အခြေအနေကောင်း မွန်တဲ့အချိန်မှာသာ ခရီးစဉ်ပြန်လည် ပျံသန်းမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ခုလို လေကြောင်းခရီးစဉ် ပျံသန်းခြင်းကိုရပ်နားခဲ့ရတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေဟာ လေယာဉ်စင်းရေနည်းပါးခြင်းနဲ့ လေကြောင်းလိုင်းတွေကိုယ်တိုင် အရှုံးပေါ်ခြင်းတွေကြောင့် ခရီးစဉ်ပျံသန်းနိုင်ခြင်းမရှိတော့လို့ ဖြစ်ပါတယ်။ အချို့ လေကြောင်းလိုင်းတွေ ကျတော့လည်း လေယာဉ်တွေကို ငှားရမ်းပျံသန်းခဲ့ကြတာဖြစ်ပြီး ငှားရမ်း တဲ့သက်တမ်းကုန်ဆုံးခဲ့ချိန်မှာတော့ ကုမ္ပဏီကိုပြန်လည်အပ်နှံလိုက်ရတာတွေကြောင့် ဖြစ်ပါတယ်။
လက်ရှိမှာ ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ အခြေအနေက အရှုံးပေါ်မှုတွေကြောင့် လေကြောင်းလိုင်း တည်ထောင်ပျံသန်းခွင့်လိုင်စင်ပြန်လည်အပ်နှံမှုတွေရှိနေတာကြောင့် အခြားကျန်တဲ့ ပြည်တွင်း လေကြောင်းလိုင်းတွေ ပြိုလဲမသွားနိုင်အောင် ကာကွယ်ပေးဖို့ တာဝန်ရှိတာကြောင့် ပြည်ပလေ ကြောင်းလိုင်းကုမ္ပဏီတွေကို ပြည်တွင်းခရီးစဉ်တွေပျံသန်းခွင့်မပြု တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောပါတယ်။
“ခုချိန်မှာ ပြည်တွင်းလေကြောင်းလိုင်းအချို့တောင် အခြေအနေမကောင်းလို့ ရပ်ဆိုင်းမှုတွေ ရှိနေတာ။ ကျန်တဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေ ပြိုလဲမသွားဖို့ Cabotage Law နဲ့ အပြည့်အဝ ကာကွယ်ပေးရမယ့် တာဝန်ရှိပါတယ်။ ပြည်ပလေကြောင်းကုမ္ပဏီတွေအနေနဲ့ နိုင်ငံခြားသားခရီးသည်ရရှိမှုများတဲ့ ညောင်ဦး၊ ဟဲဟိုး၊ သံတွဲ စတဲ့မြို့တွေကို ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ စျေးနှုန်းထက်နည်းတဲ့နှုန်းနဲ့ ပျံသန်းမယ်ဆိုရင် ပြည်တွင်းလေကြောင်းလိုင်းတွေ ပြိုလဲသွား နိုင်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီစနစ်ကို ကျင့်သုံးပြီး ကိုယ့်နိုင်ငံသားလုပ်ငန်းရှင်တွေကို ကာကွယ်ပေးနေတာဖြစ်ပါတယ်” လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦး စီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောပါတယ်။ ပြန်လည်ဦးမော့လာဖို့ မျှော်လင့်နေကြတဲ့ မြန်မာ့ခရီးသွားကဏ္ဍ အကျပ်အတည်းတွေနဲ့ ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့၊ ကြုံတွေ့နေရဆဲဖြစ်တဲ့ မြန်မာ့ခရီးသွားကဏ္ဍကို ပြန်လည် ဦးမော့လာစေဖို့ မြန်မာနိုင်ငံ အနေနဲ့ဘက်ပေါင်းစုံကနေကြိုးစားနေကြပါတယ်။ တာဝန်ရှိအစိုးရ အဖွဲ့အစည်းဖြစ်တဲ့သက်ဆိုင်ရာ ဟိုတယ် ခရီးဝန်ကြီးဌာနအနေနဲ့လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မြန်မာ့ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအသီးသီးနဲ့ပူးပေါင်းပြီး မြန်မာ့ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ပြုလုပ်နေပြီး လေကြောင်း လိုင်းတွေအနေနဲ့လည်း ပြည်ပခရီးစဉ်သစ်တွေ တိုးချဲ့ပျံသန်းနိုင်ဖို့ ကြိုးစားနေကြပါတယ်။
ဒါ့အပြင် နိုင်ငံတစ်နိုင်ငံကို ပြည်ပခရီးသွားဝင်ရောက်မှုအတွက် အရေးကြီးဆုံးတံတိုင်းတစ်ခုဖြစ်တဲ့ ပြည်ဝင်ခွင့်ဗီဇာစနစ်ကိုလည်း နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုတိုးတက်မှုအတွက် ထပ်မံဖြေလျှော့ ပေးဖို့စီစဉ်မှုတွေလုပ်နေတယ်လို့လည်း သိရပါတယ်။
အထူးသဖြင့် အနောက်ဥရောပနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ ပိုလန်၊ အီတလီ၊ စပိန် စတဲ့ နိုင်ငံတွေကို ပထမအဆင့်အနေနဲ့ ဗီဇာဖြေလျှော့မှုတွေပေးသွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ မြန်မာ့ခရီးသွားကဏ္ဍ တိုးတက်ဖို့အတွက် အခုလိုဘက်ပေါင်းစုံက ၀ိုင်းဝန်းကြိုးပမ်းအားထုတ်မှုတွေက အခုနှစ်ခရီးသွားရာသီမှာ တကယ် ပဲ အကျိုးသက်ရောက်မှု တစ်ခုဖြစ်လာနိုင်မလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။