“ဆေးရုံတွေမှာ ခွေးရူးကာကွယ်ဆေး ပြတ်နေပါပြီ။ တစ်နိုင်ငံလုံး ပြတ်တာဆိုတော့ မြောင်းမြဆေးရုံလည်း အပါအဝင်ပါပဲ။ ဒီအချိန်မှာ ချမ်းသာသူက ဝယ်ထိုးနိုင်ပေမယ့် ဆင်းရဲသား လူနာတွေမှာ ဒုက္ခရောက်ရပါတယ်။ ဆေးက စျေးကြီးတာကိုး။ ဆေးရုံက ဆရာဝန် ဆရာမတွေမှာလည်း ထိုးကထိုးပေးချင်၊ ဆေးကမရှိနဲ့ စိတ်ညစ်ရပါတယ်”
အဆိုပါ အကြောင်းအရာကို လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ရေးသားထားသူမှာ ပင်းတယ မီးအိမ်ရှင်ဟု လူသိများသည့် မြောင်းမြဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ဖြစ်သည်။ ယင်း Post တွင် ခွေးရူးရောဂါ ကာကွယ်ဆေးအတွက် အလှူရှင် အချို့ကလည်း လာရောက် လှူဒါန်းခဲ့သည့် အကြောင်းအရာများကို ရေးသားထားသည်။
၂၀၁၂ ခုနှစ် ဇူလိုင်လမှစ၍ ခွေးကိုက်ခံရသူ လူနာများအား ခွေးရူးပြန်ရောဂါ မဖြစ်ပွားစေရေးအတွက် ကာကွယ်ဆေးများ ထိုးနှံနိုင်ရန် အစိုးရဘဏ္ဍာငွေဖြင့် ဖြည့်တင်းပေးခဲ့ပြီး ဗဟိုအဆင့် ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆေးရုံကြီးများ၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ်အဆင့် ဆေးရုံများအထိ ဖြန့်ဖြူး၍ ခွေးကိုက်ခံရသူ လူနာများကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ထို့ပြင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစ၍ ခွေးကိုက်ခံရသူ လူနာများကို ခွေးရူးပြန်ရောဂါ မဖြစ်ပွားစေရေးအတွက် ထိုးနှံပေးသော Immunogloblin များကိုလည်း အစိုးရဘဏ္ဍာငွေဖြင့် ဖြည့်တင်းပေးလျက်ရှိသည်။
သို့သော် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး လာထိုးသူ များလာသဖြင့် အစိုးရပိုင် ဆေးရုံများတွင် ကာကွယ်ဆေး ပြတ်လပ်မှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
“အခုခွေးရူးပြန်ဆေးက ၁၁ ပိုင်းလောက်ကတည်းက ပြတ်သွားတယ်။ နယ်ဆေးရုံတွေကလည်း ပြတ်သွားတော့ ပဲခူးဆေးရုံကြီးကို ရောက်လာကြတယ်။ အရင်လတွေတုန်းကတော့ အစိုးရက ပေးတဲ့ဆေးနဲ့ လုံလောက်နေတော့ ပြဿနာမရှိဘူး။ အခုဆို နေ့စဉ် ၇၀ ကျော် လာထိုးကြတယ်။ ဆေးကလည်း ပြတ်နေပြီ။ ဆေးပဒေသာပင် ရန်ပုံငွေတွေ၊ အလှူရှင်တွေ လှူတဲ့ငွေတွေကို ခွေးရူးပြန်ကာကွယ်ဆေး အတွက်ပဲ သုံးနေရတာ အဆင်မပြေတော့ဘူး။ တစ်နေ့ကို ခြောက်သိန်းကျော်ဖိုးလောက် ကုန်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဆေးကုန်သွားလို့ မထိုးပေးနိုင်တော့ဘူး ဆိုပြီးလည်း မပြောချင်ဘူး” ဟု ပဲခူးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောကြားသည်။
ခွေးရူးပြန် ကာကွယ်ဆေးမှာ ထိုးနှံမည်ဆိုပါက လူတစ်ဦးလျှင် လေးကြိမ် ထိုးနှံရမည်ဖြစ်ပြီး ပြင်ပတွင် ဆေးတစ်လုံးလျှင် ကျပ် ၁၃၀၀၀ ကုန်ကျမည်ဖြစ်ပြီး လူတစ်ဦးထိုးနှံပါက အနည်းဆုံး ကျပ်ငါးသောင်း ကုန်ကျမည်ဖြစ်သည်။
“အပြင် တချို့ဆေးခန်းတွေမှာတောင် ဆေးမရှိတော့ဘူး။ ရှိတဲ့နေရာတွေမှာ ကျတော့လည်း အနည်းဆုံး တစ်ခါထိုးရင် ခုနစ်သောင်း၊ ရှစ်သောင်းလောက်ကျတယ်။ ဟိုးတစ်ရက်ကတင် သွားထိုးပြီး ပြန်လာတာ” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ဆေးရုံများအနေဖြင့် ပြတ်လပ်နေသည့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးအတွက် လက်ပူတိုက် ဖြေရှင်းနည်းဖြစ်သည့် အလှူရှင်များထံမှ အလှူခံခြင်း၊ ဆေးရုံ၏ ငွေပဒေသာပင်များမှ ထုတ်ယူသုံးစွဲခြင်းများ ရှိသကဲ့သို့ ဆေးမပြတ်လပ်သေးသည့် ဆေးရုံများ အနေဖြင့်လည်း လာရောက် ထိုးနှံသူများကို ရှင်းပြနေရခြင်းများ ပြုလုပ်လျက်ရှိသည်။
“သီပေါမှာတော့ ပြည်သူလူထုကို နားလည်အောင် ရှင်းပြတယ်။ တတ်နိုင်ရင် ဝယ်ထိုးပါ မတတ်နိုင်ရင်တော့ ဆေးရုံက ပေးမှာပါဆိုပြီး ပြောထားတယ်။ တစ်နေ့တည်းမှာ ကိုက်တဲ့သူတွေ အများကြီး မရှိတော့ တတ်နိုင်တဲ့သူကို ဝယ်ထိုးပါလို့ ပြောထားပါတယ်။ အဲဒီနည်းနဲ့ သုံးနေတာ အခုလက်ရှိ အထိတော့ အဆင်ပြေပါတယ်” ဟု သီပေါမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက ပြောကြားသည်။
ပြည်သူများအနေဖြင့် ခွေးရူးရောဂါနှင့် ပတ်သက်ပြီး အသိပညာများ တိုးပွားလာခြင်းကြောင့် ကာကွယ်ဆေး လာထိုးသူ များလာခြင်း ဖြစ်သည်ဟု သီပေါမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက သုံးသပ်ပြောကြားသည်။
“အခုနောက်ပိုင်းမှာ ကာကွယ်ဆေး ထိုးချင်တဲ့သူက ပိုများလာတယ်။ ခွေးနဲ့ ထိခိုက်မိတာမျိုးဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ခွေးကိုက်ရင် ခွေးရူးပြန်ဆေး ထိုးရမယ်ဆိုတဲ့ အသိပညာ လူတိုင်းမှာရှိလာတယ်။ အဲဒါက ကောင်းပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာကျတော့ တတ်နိုင်တဲ့သူရော၊ မတတ်နိုင်တဲ့သူရော အားလုံးက မတတ်နိုင်ဘူးဆိုပြီး ဆေးရုံမှာ အခမဲ့တောင်းကြတာပဲ။ အားလုံးအလုံးစုံ အခမဲ့ဆိုတာက တော်တော်ဆိုးပါတယ်” ဟု ဒေါက်တာနန္ဒဝင်းက ပြောကြားသည်။
အစိုးရက ခွေးရူးပြန်ရောဂါကာကွယ်ဆေး ဘယ်လိုဖြန့်ဖြူးနေသလဲ
ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများနှင့် ဗဟိုအဆင့်ဆေးရုံများသို့ ဖြန့်ဖြူး၍ ခွေးကိုက်လူနာများကို အခမဲ့ ထိုးနှံပေးလျက်ရှိသည်။
ခွေးကိုက်လူနာများကို အခမဲ့ ထိုးနှံပေးရာတွင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး (Anti-Rabies Vaccine) ကို ၂၀၁၂ ခုနှစ်တွင်လည်းကောင်း၊ ခွေးရူးပြန်ရောဂါ ကာကွယ်သည့် ပဋိပစ္စည်းများ (Rabies Immunoglobulin) များကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း ဝန်ကြီးဌာနက အခမဲ့ စတင်ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။
တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ရရှိသည့် အချက်အလက်များအရ တစ်နိုင်ငံလုံးတွင် ခွေးကိုက်ခံရသူ လူနာဦးရေသည် ၂၀၁၇ ခုနှစ်တွင် ၁၈၀၃၆၇ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၁၉၂၆၁၉ ဦးခန့် ရှိသည်ဟု သိရသည်။
လက်ရှိ မြန်မာတစ်နိုင်ငံလုံး၌ ခွေးကိုက်ခံရမှုဖြစ်စဉ် များပြားလာပြီး ပြီးခဲ့သည့်၂၀၁၈ ခုနှစ် အတွင်းက ဖြစ်ပွားသူ ၁ ဒသမ ၉ သိန်းခန့်ရှိရာ ပြည်သူ့ဆေးရုံများတွင် ကျန်းမာရေး ဝန်ကြီးဌာနက ပံ့ပိုးထောက်ပံ့ထားသော ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ပြတ်လပ်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
ဝန်ကြီးဌာနအနေဖြင့် ခွေးရူးရောဂါ ကာကွယ်ဆေးဖြန့်ဖြူးရာတွင် ဆေးရုံများရှိ ခွေးကိုက်ခံရသည့် မှတ်တမ်းများကို ကြည့်ရှု၍ အချိုးကျခွဲဝေပေးခြင်း ဖြစ်ကြောင်း၊ လိုအပ်မည့် ဆေးအရေအတွက်ကို တင်ဒါများ ခေါ်ယူကြောင်း သီပေါမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက ပြောကြားသည်။
“ဆေးရုံတစ်ခုကို ဝန်ကြီးဌာန အနေနဲ့က ခွေးရူးပြန်တမ်း (Dog – Bite Review) ဆိုတာရှိတယ်။ ခွေးကိုက် လူနာတွေနဲ့ ပတ်သက်လို့ လချုပ်စာရင်းတွေ ချုပ်ရတယ်။ လချုပ်ပေါ် မူတည်ပြီး ဒီမြို့မှာ ခွေးကိုက်ခံရသူ လူနာဘယ်လောက်ရှိတယ် ဆိုတာကိုကြည့်ပြီး ပြည်နယ်နဲ့တိုင်းတွေကနေ ထုတ်ပေးတာပါ။ ဆေးရုံတစ်ရုံကို ဘယ်လောက်ဆိုပြီးတော့ ထုတ်ပေးတာမျိုး မဟုတ်ပါဘူး။ အစိုးရအနေနဲ့ ဆေးတွေကို တင်ဒါနဲ့ အဆိုပြုချက်နဲ့ တစ်နှစ်စာ ဒါမှမဟုတ် ခြောက်လစာ ဝယ်ရတယ်။ ဝယ်ယူဖြန့်ဖြူးတဲ့ ဌာနတွေက လုပ်ကြတာပါ။ တင်ဒါနဲ့ခေါ်ပြီး ဝယ်ရတဲ့ဆေးတွေ ဖြစ်တာကြောင့် ပြီးခဲ့တဲ့နှစ်ကသုံးတဲ့အပေါ် မူတည်ပြီး အစိုးရက ဝယ်ပေးတာပါ” ဟု ဒေါက်တာနန္ဒဝင်းက ဆိုသည်။
ခွေးရူးရောဂါ ဘယ်လိုကူးစက်သလဲ
ခွေးရူးပြန်ရောဂါသည် ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပွားသော ရောဂါဖြစ်ပြီး ၎င်းရောဂါသည် တိရစ္ဆာန်မှ လူသို့ ကူးစက်သော ရောဂါတစ်မျိုးဖြစ်သည်။
ခွေးရူးပြန်ရောဂါ ဖြစ်ပွားပုံ သွင်ပြင်နှစ်မျိုးရှိပြီး ပထမတစ်မျိုးမှာ ဂနာမငြိမ်ဖြစ်ခြင်းနှင့် ဒုတိယတစ်မျိုးမှာ အကြောသေခြင်းတို့ဖြစ်သည်။ ပထမအမျိုးအစားမှာ ပိုမိုအဖြစ်များလေ့ ရှိသည်ဟု သိရသည်။
ခွေးရူးပြန်ရောဂါ ဖြစ်စေသော ဗိုင်းရပ်စ်ပိုးသည် သွေးနွေးသတ္တဝါ တိရစ္ဆာန်၏ အာရုံကြောစနစ်ကို ထိုးဖောက်ဝင်ရောက်ပြီး ဗိုင်းရပ်စ် ပိုးသည် ကနဦး ခွေးရူးပြန်ရောဂါ ဖြစ်နေသော သတ္တဝါ၏ တံတွေးထဲ တွင်ရှိနေရာ တစ်စုံတစ်ယောက်ကို ကိုက်ခြင်း၊ ကုတ်ခြစ်ခြင်းဖြင့် ကူးစက်စေသည်။
ပွန်းပဲ့ပြတ်ရှနေသော အရေပြား သို့မဟုတ် ပါးစပ်၊ နှာခေါင်းတို့၏ အတွင်းသားများမှ တစ်ဆင့်လည်း ရောဂါကူးစက်နိုင်သည်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှတွင် ခွေးရူးပြန်ရောဂါ ဖြစ်ခြင်း၏ ၉၆ ရာခိုင်နှုန်းသည် ခွေးကိုက်ခံရခြင်းကြောင့် ဖြစ်သည်။
သို့သော် ကြောင်၊ မြွေပါ၊ မြေခွေး၊ ခွေးအ၊ ဝံပုလွေနှင့် အခြားအသားစား တိရစ္ဆာန်များကိုက်၍ ရောဂါကူးစက် နိုင်သည်ဟုလည်း သိရသည်။
မျောက်နှင့်ကြွက်ကိုက်၍ ဖြစ်ခြင်းမှာ အလွန်နည်းပါးပြီး မြင်းနှင့် မြည်းများ ခွေးရူးပြန်လျှင် အလွန်အမင်းရန်လိုပြီး ရက်စက်စွာ ကိုက်ခဲတတ်သည်ဟုလည်း သိရသည်။
ကျွဲ၊ နွားများတွင် အဆိုပါ ရောဂါဖြစ်ပွားလျှင် မကိုက်တတ်သော်လည်း ၎င်းတို့သွားရည်များ ကျဆင်း၍ နေမကောင်း ဖြစ်သည်ကို ကိုင်တွယ်ကြည့်ရှုလျှင် သတိကြီးစွာထားသင့်ပြီး သွားရည်မှတစ်ဆင့် ကူးစက်နိုင်သည်ဟု ကျန်းမာရေး စာစောင်များတွင် ဖော်ပြထားချက်အရ သိရသည်။
ခွေးရူးပြန်ရောဂါလူနာမှ အခြားသူတစ်ဦးကို ကိုက်ခဲခြင်းသည် အလွန်တစ်ရာမှ ဖြစ်ခဲသော်လည်း ယင်းကဲ့ သို့သောလူနာကို ပြုစုစောင့်ရှောက်ရသော သူများအနေဖြင့် နိုးကြား သတိရှိနေရမည်ဖြစ်ပြီး လူနာ၏သွားရည်နှင့် ထိတွေ့မှု ကင်းရှင်းအောင် နေရမည် ဖြစ်သည်။
အတုထွက်လာတဲ့ ခွေးရူးပြန်ကာကွယ်ဆေး
ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးတွင် အသားဆေးထိုးခြင်း (Intramuscular administration) နှင့် အရေပြားတွင်းထိုးခြင်း (Intradermal administration) နည်းများဖြင့် အသုံးပြုနိုင်ပြီး ID အသုံးပြုမည်ဆိုပါက ဖွင့်ဖောက်ဖျော်စပ်ထားသော ဆေးပုလင်းများသည် ဖွင့်ပြီးခြောက်နာရီအတွင်း အသုံးပြုရမည် ဖြစ်သဖြင့် ဆေးကိုကောင်းမွန်စွာ ချွေတာနိုင်ရန် ဆေးထိုးခြင်း အတွက် လုံလောက်သော ဆေးထိုးမည့်လူဦး ရေကိုစုပြီး ထိုးပေးနိုင်လျှင် ပိုမိုသင့် လျော်ပြီး ဆေးတစ်လုံးလျှင် လူနာငါးဦးအထိ ထိုးနှံနိုင်သည်ဟု သိရသည်။
ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက ဖိလစ်ပိုင်နိုင်ငံတွင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး အတုများ တွေ့ရှိခဲ့ခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပြုနိုင်ရန် နိုင်ငံတကာ အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဆေးဝါးအတုများမှာ VERORAB, powder and solvent for suspension for injection တို့ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က International Alert အနေဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တွေ့ရှိခဲ့သည့် ဆေးဝါးအတု နှစ်မျိုး၏ Batch No. များမှာ Batch No.35 နှင့် H1833 တို့ ဖြစ်ကြောင်းနှင့် Sanofi Pasteur အနေဖြင့် အဆိုပါ ကာကွယ်ဆေးများကိုလည်း ထုတ်လုပ်ခြင်းမရှိဟု တင်ပြထားသည်ဟု သိရသည်။
အဆိုပါ ကြေညာချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ပြည်သူ့ကျန်းမာရေးအတွက် ဆောင်ရွက်ပေးနေသည့် ဆေးရုံ၊ ဆေးခန်း၊ ဖြန့်ဖြူးရောင်းချသည့် ဆေးဆိုင်များ၊ လုပ်ငန်းများတွင် အထူးအလေးထားရန်နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း၊ ပုဂ္ဂလိက ဆေးရုံကြီးများ အသင်းသို့ အသိပေး ကြေညာထားသည်။
ခွေးရူးပြန်ရောဂါနှင့် ပတ်သက်၍ လက်ရှိစျေးကွက်တွင် သုံးစွဲနေသည့်ဆေးများမှာ Human diploid cell vaccine (HDCV), purified vero cell rabies vaccine (PVRV), purified chick embryo cell vaccine (PCECV) and purified duck embryo vaccine (PDEV) တို့ဖြစ်သည်။
တာဝန်ယူမှုမရှိတဲ့ လမ်းပေါ်က ခွေးကိုက်မှု
လမ်းပေါ်ရှိ ခွေးများကို အစာကျွေးခြင်း၊ မုန့်ကျွေးခြင်းများ ရှိနေသော်လည်း ခွေးကိုက်ခံရပါက မည်သူမျှ တာဝန်ယူခြင်း မရှိကြောင်း မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူ ကိုကျော်ဇင်က ပြောကြားသည်။
“မြောက်ဒဂုံမှာက ခွေးလေ ခွေးလွင့်တွေ ပေါတယ်။ ညဘက်တင်မဟုတ်ဘူး နေ့ဘက်မှာတောင် လိုက်ကိုက်တာတွေရှိတယ်။ အကိုက်ခံရပြီဆိုရင်ခွေးက ပိုင်ရှင်မပေါ်တော့ဘူး။ အကိုက်မခံရခင်တုန်းကတော့ အစာနေ့တိုင်း ကျွေးတဲ့သူတွေရှိတယ်။ ကိုက်ပြီဆိုရင် ငါ့ခွေးမဟုတ်တော့ဘူး ဆိုတာတွေ အများကြီးပဲ။ အကိုက်ခံရသူကလည်း ခွေးရူးရောဂါကို ကြောက်လို့ထိုးရတယ်။ ဆေးက အခုဆေးရုံတွေမှာ မရှိတော့ အလွယ်တကူ မရဘူး” ဟု ကိုကျော်ဇင်က ပြောကြားသည်။
လမ်းပေါ်ခွေးများကို အစာကျွေး မွေးမြူမည် ဆိုပါက တာဝန်ယူမှု၊ တာဝန်ခံမှုများရှိရန် လိုအပ်ကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများက ပြောကြားသည်။
“ခွေးကိုချစ်လို့ပဲ မွေးမွေး၊ ဘာကြောင့်ပဲမွေးမွေး ကိုက်ပြီဆိုရင်တော့ တာဝန်ယူရမယ်။ အိမ်လုံတယ်ဆိုပြီး မွေးထားပြီးတော့ ကိုက်လည်းကိုက်ရော ဒီအိမ်က ခွေးမဟုတ်ဘူးဆိုပြီး ပြောလို့မရဘူး။ အိမ်မှာ လမ်းဘေးခွေး မွေးထားတယ်။ ဖြစ်လာရင် တာဝန်ယူတယ်” ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
လမ်းပေါ်က ခွေးပြဿနာကို အဆိပ်ချဖြေရှင်းမှု မှန်ကန်တဲ့နည်းလမ်းလား
လူနေရပ်ကွက်များတွင် ပိုင်ရှင်မဲ့ခွေးများ အဆမတန် များပြားနေပြီး ပိုင်ရှင်မဲ့ခွေးများသည် ယာဉ်များကို ဖျက်ဆီးခြင်း၊ လူများအား ရန်ပြုခြင်း၊ လမ်းပေါ်တွင် အညစ်အကြေး ပေါများစေပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်စေခြင်းတို့ကြောင့် ပိုင်ရှင်မဲ့ခွေးများနှင့် ပတ်သက်သည့် တိုင်စာများ မကြာခဏ လက်ခံရရှိလျက် ရှိသည်ဟု စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောကြားသည်။
ပြီးခဲ့သည့်နှစ်က ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ ခွေးလေခွေးလွင့်များ၏ အန္တရာယ်ကို မည်ကဲ့သို့ ဖြေရှင်းပေးမည်နှင့် ပတ်သက်၍ လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး မင်္ဂလာတောင်ညွန့်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ခွေးများကို အဆိပ်ချကျွေးသည့် နည်းလမ်းကို မကျင့်သုံးဘဲ ခွေးများအား ခွေးရူးပြန် ကာကွယ်ဆေးထိုးခြင်း၊ ခွေးထီးများကို သင်းကွပ်ခြင်း၊ ခွေးမများကို သားပေါက်ဖွားမှု ထိန်းချုပ်နိုင်ရန် သန္ဓေတားဆေး ထိုးခြင်းများ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ခွေးလေခွေးလွင့် ပိုများလာပြီး သီပေါမြို့နယ် ဆေးရုံတွင် လာရောက်ကုသသည့် လူနာများကို အန္တရာယ်ပြုနေသဖြင့် ရှင်းလင်းမည်ဖြစ်ကြောင်း ဆေးရုံက ထုတ်ပြန်ထားပြီး ခွေးချစ်သူမိဘ ပြည်သူများ အနေဖြင့် လာရောက် ခေါ်ဆောင်ပေးရန် ကြေညာချက် ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
“ညဘက်ဆိုရင် ခွေးကပိုများတယ်။ နေ့ဘက်ဆိုရင် ဘယ်နေရာတွေမှာရှိမှန်း မသိဘူး။ ညဘက်လူတွေမရှိတဲ့ အချိန်ဆို အများကြီး ထွက်လာပြီ။ တွေ့တဲ့လူကို လိုက်မဆွဲရင်တောင် ဟောင်တယ်။ စက်ဘီးစီးလာရင် နောက်ကပြေးလိုက်တယ်။ ကိုက်တာ မကိုက်တာထားဦး။ ဟပ်လိုက်လို့ သွားရည်ထိရင် ဆေးထိုးရတော့မယ်” ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ယခင်က စည်ပင်သာယာရေး ကော်မတီက ဆောင်ရွက်ခဲ့သည့် စီမံချက်များတွင် အဆိပ်ကျွေးရှင်းလင်းမှုများ ဆောင်ရွက်ခဲ့သည်။
ယင်းသို့ရှင်းလင်းမှုမှာ အဖြေတစ်ခုမဟုတ်ကြောင်း ခွေးဂေဟာ တည်ထောင်ထားသူများက ပြောကြားသည်။
ပိုင်ရှင်မဲ့ခွေးများနှင့် ပတ်သက်ပြီး လက်ရှိတွင် တနိုင်တပိုင် ကူညီလုပ်ဆောင် ပေးလျက်ရှိသည့် Animal Street Rescue Yangon မှ ဒေါက်တာစန်းရည်ထက်က “အဆိပ်ကျွေးတာက ဟိုးအရင်ကတည်းကလုပ်တာ ဆိုပေမယ့် မအောင်မြင်ဘူး။ ပွားနေသေးတာပဲ။ အဆိပ်ကျွေး သတ်တာကလည်း တကယ်တမ်းကျတော့ ဖြေရှင်းနည်း မဟုတ်ဘူးလေ” ဟု ပြောကြားသည်။
ယင်းသို့ အဆိပ်ချဖြေရှင်းနည်းထက် သားဆက်ခြားနည်းလမ်းမှာ အကောင်းဆုံးဖြစ်သည်ဟု ခွေးဂေဟာ တည်ထောင်ထားသူများက ပြောကြားသည်။
“အဆိပ်ချနည်းကို ဟိုတုန်းကတည်းက သူတို့ကျင့်သုံးလာတယ် ဆိုပေမယ့် မအောင်မြင်ဘူး။ အဓိက လုပ်ရမှာက သားဆက်ခြား နည်းလမ်းကို သုံးရမှာ။ အဲဒါတွေလုပ်မယ် ဆိုရင်တော့ ကောင်ရေမတိုးဘဲနဲ့ တဖြည်းဖြည်းချင်း နည်းနည်းချင်း ပပျောက်သွားမယ်လို့တော့ အန်တီက ထင်တယ်” ဟု ပုလဲမေတ္တာဂေဟာမှ ဒေါ်ရှုက ပြောကြားသည်။
ပိုင်ရှင်မဲ့ခွေးများကို သားဆက်ခြားနည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးစားနေသော်လည်း အခက်အခဲများ ရှိနေကြောင်း ပုလဲမေတ္တာဂေဟာမှ ဒေါ်ရှုက ပြောကြားသည်။
“ခွေးတွေကိုချစ်လို့ အစာကျွေးတယ်။ ကိုယ်အစာကျွေးထားတဲ့ ခွေးကို အန်တီသာဆိုရင် သားဆက်ခြား တစ်ခါတည်း လုပ်လိုက်မယ်။ ဒီလိုပဲ သူ့ဟာနဲ့သူ နိုင်ရာနိုင်ရာ လုပ်သွားရင် အတိုင်းအတာ တစ်ခုအထိ ရှိသွားမယ်။ အန်တီတို့ အခုမြို့နယ်အလိုက် ဒါလုပ်ပါ့မယ်လို့ တင်ပေမယ့် ခွင့်ပြုချင်သလိုလို၊ ခွင့်မပြုချင်သလိုလို လုပ်တော့ အန်တီတို့ ဘာမှ လုပ်လို့မရဘူး။ အမှန်က မြို့နယ်အလိုက် တဖြည်းဖြည်းချင်း လုပ်သွားရင် ဒါပြီးပြီ။ ဒီလိုမျိုး လုပ်ဖို့အတွက်ကိုပဲ တော်တော်ရုန်းကန် နေရပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
သို့သော် မည်သည့်အခက်အခဲများ ရှိနေသော်လည်း လမ်းဘေးခွေးများကို သားဆက်ခြားဆေး ထိုးခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း Animal Street Rescue Yangon မှ ဒေါက်တာစန်းရည်ထက်က ပြောကြားသည်။
“ပိုင်ရှင်မဲ့ခွေးတွေကို ကာကွယ်ဆေးတွေ သားဆက်ခြားဆေးတွေ လိုက်ထိုးပေးတယ်။ အရင်တုန်းကတော့ လမ်းဘေးခွေးလေးတွေ အကောင် ၂၀၀ လောက်ကို ခွေးခြံတွေကို လိုက်ပြီးတော့ ပို့ပေးတယ်။ သတ်မယ့်ခွေးတွေကိုပေါ့။ အခုကတော့ ခွေးခြံတွေက သိပ်ပြီးတော့ လက်မခံတဲ့အခါ ကာကွယ်ဆေး၊ တားဆေးလိုက်ပြီးတော့ ထိုးပေးတယ်။ အဲဒါတွေကို အဓိကလုပ်နေပါတယ်” ဟု ဒေါက်တာစန်းရည်ထက်က ပြောကြားသည်။
ယင်းအပြင် လတ်တလောတွင် ခွေးဂေဟာ တည်ထောင်ထားသူများ ကြုံတွေ့နေရသည့် အခက်အခဲမှာ ပိုင်ရှင်မဲ့ ခွေးကောင်ရေ အဆမတန် များပြားလျက်ရှိခြင်းကြောင့် အဆိုပါ ဂေဟာများတွင်ပင် အလှူရှင် နည်းပါးခြင်းကြောင့် ကျွေးမွေးစောင့်ရှောက်ရန် အခက်အခဲများ ရှိနေသည့်အတွက် လက်မခံနိုင်တော့သည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု ဂေဟာပိုင်ရှင်များက ပြောကြားသည်။
“ကျွန်မဆီမှာခွေးက အကောင်ရေ အကောင် ၄၀၀ လောက်ရှိတယ်။ ရောက်လာတာကတော့ အခုဒီခွေးတွေကို သတ်တော့မယ်။ အဆိပ်ချတော့မယ်တို့။ အဲဒါမျိုးဆိုရင် အန်တီက ကယ်ရတာ” ဟု ပုလဲမေတ္တာဂေဟာမှ ဒေါ်ရှုက ဆိုသည်။
ရန်ကုန်မြို့တွင် စည်ပင်သာယာရေး ကော်မတီက လမ်းဘေးခွေးများကို ပြုစုစောင့်ရှောက်သည့် ဂေဟာတစ်ခု ဖွင့်လှစ်ထားပြီး စောင့်ရှောက်မှုများ ရှိသော်လည်း လက်ရှိတွင် ရန်ကုန်မြို့မှာပင် လမ်းဘေးခွေး အရေအတွက် များပြားလျက်ရှိသည်။ ယင်းကြောင့် စည်ပင်သာယာရေး ကော်မတီအနေဖြင့် လမ်းဘေးခွေး မွေးမြူသူများအား စနစ်တကျ မွေးမြူတတ်စေရန် ဆောင်ရွက်သင့်ဟု အကြုံပြုမှုများရှိသည်။
လက်ရှိတွင် ခွေးကိုက်ခံရပါက ခွေးရူးရောဂါ မကူးစက်စေရန် ကာကွယ်ဆေး လာရောက် ထိုးနှံနေသဖြင့် ဆေးပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီ ဖြစ်သည်။
လမ်းဘေးခွေးများကို အစာကျွေးခြင်း၊ မုန့်ကျွေးခြင်းများ လုပ်ဆောင်နေပြီး အကိုက်ခံရပါက တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းများကြောင့် ခွေးကောင်ရေ တိုးပွားမှုများလည်း ကြုံတွေ့နေရပြီဖြစ်သည်။ ယင်းကြောင့် ခွေးကိုက်ခံရမှုလည်း ပိုများလာမည်ဖြစ်သည်။
ပြတ်လပ်နေသည့် ခွေးရူးရောဂါ ကာကွယ်ဆေးကို အစိုးရဘတ်ဂျက်မှ ဝယ်ယူဖြည့်တင်း နိုင်သော်လည်း ခွေးကောင်ရေ များလာပြီး ခွေးကိုက်ခံရမှု ဖြစ်ပေါ်လာပြီ ဆိုပါက လုံလောက်တော့မည် မဟုတ်ပေ။ ကာကွယ်ဆေး ဖြည့်တင်းပေးခြင်းမှာ လတ်တလော ဖြေရှင်းနိုင်သည့် နည်းလမ်းသာဖြစ်သည်။
ထို့ကြောင့် ခွေးမွေးမြူမည့်သူများအတွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် လိုအပ်နေပြီဖြစ်သည်။