မြန်မာရုပ်ရှင်လောကသည် နိုင်ငံတစ်ဝန်း ရုပ်ရှင်ရုံများ လျော့နည်းပျောက်ဆုံးမှုနှင့်အတူ အချိန်ကာလအတန်ကြာ မှေးမှိန်ခဲ့ပြီး ဗီဒီယိုဇာတ်ကားများဖြင့် အသက်ဆက်ခဲ့ကြသည်။ လွန်ခဲ့သည့် သုံးနှစ်တာအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ ရုပ်ရှင်ရုံသစ်များ ထပ်မံပေါ်ထွန်းလာခြင်း၊ ရုပ်ရှင်ရုံဟောင်းများ ပြန်လည်ပြင်ဆင် ဖွင့်လှစ်လာခြင်းနှင့်အတူ မြန်မာ့ရုပ်ရှင်သည် ပြန်လည်ဦးမော့လာခဲ့သည်။
တစ်နှစ်လျှင် ရုပ်ရှင်ဇာတ်ကား ၂၀ ခန့်သာ ရုံတင်နိုင်ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် မြန်မာရုပ်ရှင်ဇာတ်ကားသစ် ၅၀ ကျော်နှင့် ၂၀၁၈ ခုနှစ်တွင် မြန်မာရုပ်ရှင်ဇာတ်ကားသစ် ၈၃ ကားအထိ ရုံတင်ပြသလာနိုင်ခဲ့ပြီး ရုပ်ရှင်ရုံ အရေအတွက်မှာလည်း ၂၀၁၈ ခုနှစ်အတွင်း ရုပ်ရှင်ရုံပေါင်း ၈၀ ကျော်အထိ မြန်မာနိုင်ငံတစ်ဝန်း၌ ရှိလာခဲ့သည်။ လူဦးရေ သန်း ၆၀ ကျော်ရှိသည့် မြန်မာနိုင်ငံတွင် နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံအရေအတွက်မှာ လျော့နည်းနေဆဲဖြစ်သလို ရုပ်ရှင်ကြည့်ပရိသတ်မှာလည်း လျော့နည်းနေဆဲဖြစ်သည်။
သို့သော် ပရိသတ်များ၏ မြန်မာရုပ်ရှင်အပေါ် စိတ်ဝင်စားမှုနှုန်းမှာမူ ရုံတင်နိုင်သည့် ဇာတ်ကားအရေအတွက် ထက်သော်လည်းကောင်း၊ ရုပ်ရှင်ရုံအရေအတွက်ထက်သော်လည်း ရုပ်ရှင်အမှန်တကယ်ကြည့်ရှုအားပေးသည့် ပရိသတ်အင်အား ထက်သော်လည်းကောင်း အဆများစွာများလာသည်ဟု သုံးသပ်နိုင်မည်ဖြစ်သည်။
မြန်မာ့ရုပ်ရှင်၏ တိုးတက်မှုအဟုန်တွင် ပရိသတ်များ၏ စိတ်ဝင်စားမှုနှင့်အတူ ဝေဖန်မှုများစွာလည်း ပါဝင်လာခဲ့သည်။ “ပေါကား” ဆိုသည့် ဝေဖန်မှုများကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရသည်။ “ပေါကား” ဂယက်သည် မြန်မာ့ရုပ်ရှင်အတွက် အကြီးမားဆုံးဂယက်တစ်ခုဖြစ်ခဲ့ပြီး ရုပ်ရှင်လောကသားများအတွက် သတိပြုဖွယ်ရာ အချက်ပေး မြည်သံတစ်ခုသာမက တွန်းအားတစ်ခုလည်း ဖြစ်စေခဲ့သည်။
မြန်မာ့ရုပ်ရှင်အတွက် နောက်ထပ်လှိုင်းဂယက်တစ်ခုက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ထပ်မံပေါ်ထွက်လာခဲ့သည်။ ယင်းမှာ LGBT များ၏ မြန်မာ့ရုပ်ရှင်အပေါ် ဝေဖန်မှုနှင့် တောင်းဆိုမှုများပင် ဖြစ်သည်။ အဆိုပါဝေဖန်မှုများသည် ဖေဖော်ဝါရီ ၂၂ ရက် တွင် မြန်မာနိုင်ငံတစ်ဝန်း၌ စတင်ရုံတင်ပြသခဲ့ပြီး လက်ရှိတွင်လည်း ရုပ်ရှင်ရုံအချို့၌ မတ် ၁၄ ရက်အထိ ဆက်လက်ပြသမည့် “ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍ စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ “ဝက်ဝက်ကွဲအောင်ပွင့်” ဇာတ်ကားတွင်ပါဝင်ထားသည့် မိန်းမလျာဇာတ်ရုပ်များနှင့်ပတ်သက်၍ ရုပ်ရှင်ဗီဒီယိုများ ဖန်တီးရာတွင် LGBTIQ များ၊ မသန်စွမ်းများ၏ ဖြစ်တည်မှုကို နှိမ်စရာလူတန်းစားတစ်ရပ်အဖြစ် ပုံဖော်မှုမပြုလုပ်ရန် တောင်းဆိုမှုကို မတ် ၄ ရက်က ဆီဒိုးနားဟိုတယ်၌ ပြုလုပ်ခဲ့သည်။
“မြန်မာရုပ်ရှင်ဇာတ်ကားတွေမှာ LGBT အသိုင်းအဝိုင်းကို နှိမ့်ချတယ်။ လှောင်ပြောင်တယ်။ ရယ်စရာအဖြစ် ရိုက်နေတဲ့ကိစ္စတွေကို မကြိုက်လို့ LGBT အသိုင်းအဝိုင်းထု တစ်ခုလုံးကနေ ပွဲလုပ်ပြီး တောင်းဆိုကြတာပါ။ ရုပ်ရှင်သမားတွေအနေနဲ့ ဒီဇာတ်ကားတွေကြောင့် LGBT တွေအပေါ်မှာ လှောင်ပြောင်ပြက်ရယ်ပြုခံရတာတွေ၊ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို သိဖို့အတွက် ရည်ရွယ်ပါတယ်။ လက်ရှိရုံတင်နေတဲ့ဇာတ်ကားတွေနဲ့ နောက်ထပ်ရုံတင်ပြသမယ့် ဇာတ်ကားတွေမှာပါတဲ့ အခြောက်မဇာတ်ရုပ်တွေဟာ ပြည်သူလူထုကို အထင်မှားအမြင်မှားစေမယ့် အတွေးအခေါ်တွေကိုပါ ပေးနေတဲ့ ဇာတ်ကားတွေဖြစ်စေတဲ့အတွက် LGBT တွေအတွက် တော်တော်အခက်အခဲဖြစ်စေပါတယ်။ LGBT တွေက အဲဒီဇာတ်ကားတွေထဲကလို ဖောက်လှဲဖောက်ပြန်လုပ်နေတာမဟုတ်ဘူး။ အချိန်ပြည့် အိပ်ရာပေါ်ကကိစ္စကိုပဲ တွေးတောနေတဲ့ လူသားတွေမဟုတ်ပါဘူး။ လူသားဖြစ်တဲ့အတွက် ရုန်းကန်ကြိုးစားရပါတယ်။ အဲဒီဇာတ်ကားတွေထဲမှာ မှားယွင်းစွာပြသနေတာ ကိုဦးမောင်တို့အနေနဲ့ မကြိုက်ဘူးပေါ့။ ရုပ်ရှင်ဇာတ်ကားတွေမှာဆိုရင် ရယ်စရာဇာတ်ရုပ်ဆိုရင် LGBT ဇာတ်ကောင်တွေကိုပဲ အသုံးချကြတယ်။ တကယ်လို့ LGBT တွေကလည်း လူသားထဲကလူပဲလေ။ လှောင်ရယ်စရာ ပြက်ရယ်ပြုစရာတွေမှ မဟုတ်တာ” ဟု မိတ်ကပ်အလှဖန်တီးရှင် မေဦးမောင်က ဆိုသည်။
မြန်မာရုပ်ရှင်ဇာတ်ကားများတွင် LGBT ဇာတ်ကောင်ဆိုသည်ထက် မိန်းမလျာဇာတ်ရုပ်များကို ဇာတ်ကားအများအပြားတွင် ထည့်သွင်းရိုက်ကူးခဲ့ကြပြီး အများစုမှာလည်း ဟာသဇာတ်ဝင်ခန်းများတွင် ဖြစ်နေခြင်းနှင့်ပတ်သက်၍ “ရုပ်ရှင်ဆိုတာက လူတစ်ယောက်တည်းရဲ့အဖြစ်ကိုလည်း ဇာတ်လမ်းဖွဲ့လို့ရတယ်။ လူအများစုဖြစ်နေတဲ့ အကြောင်းအရာတွေကိုလည်း ဇာတ်ညွှန်းတည်ပြီး ဖွဲ့လို့ရသလို ဘယ်သူမှမဖြစ်တဲ့ မရှိတဲ့ဟာကိုလည်း စိတ်ကူးယဉ်ပြီး ဇာတ်လမ်းဖွဲ့လို့ရတယ်။ ယောကျ်ားပြည့်တန်ဆာအကြောင်း ရိုက်ပြခဲ့ရင်လည်း ယောကျ်ားထုကြီးက ဒါကိုကန့် ကွက်စရာအကြောင်းမှမရှိတာ။ အဲဒီလိုပဲ မိန်းမတွေမကောင်းတာရိုက်ပြလို့ မိန်းမသားထုကြီးက ကန့်ကွက်စရာမှမရှိတာ။ အဲဒီလိုသာဆိုရင် ခရိုနီတွေက သူ့တို့ကိုရိုက်ပြလို့၊ သူဌေးတွေကလည်း သူတို့ကိုရိုက်ပြလို့၊ အလုပ်သမားစသည်ဖြင့် လိုက်ပြီးကန့်ကွက်နေရင်လည်း ရုပ်ရှင်က ရိုက်စရာကိုမရှိတော့ဘူး” ဟု ထုတ်လုပ်သူတစ်ဦးက ဆိုသည်။
ရုပ်ရှင်အနုပညာသမားများနှင့် မိတ်ကပ်ဖန်တီးရှင်များသည် အတူအချိန်ကာလ များစွာတည်းက အတူလက်တွဲအလုပ်ကြပြီး အပြန်အလှန်လေးစားမှုရှိကြောင်း၊ ရုပ်ရှင်ရိုက်ကူးမှုများ အားလုံးတွင် မိတ်ကပ်ပညာရှင်များမှ မပါမဖြစ် ပါဝင်ကြသူများဖြစ်ကြောင်း၊ မင်းသား၊ မင်းသမီးများနှင့်လည်း ချစ်ခင်ရင်းနှီးကြသည့်အလျောက် LGBT များ၏ဖြစ် တည်မှုအပေါ်၌လည်း နားလည်လက်ခံကြသူတွေ ဖြစ်သည့်အတွက် ပျက်ရယ်ပြုမည့်သူများ မဟုတ်ကြောင်း၊ ဇာတ်ကားတစ်ခုတွင် အမှားတစ်စုံတစ်ရာ ပါဝင်ခဲ့ပါကလည်း ထိုအမှားအပေါ်မူတည်ကာ မည်သို့ဖြစ်ရသည်၊ မဖြစ်အောင်မည်သို့ ပြုလုပ်ကြမည်ဆိုသည်ကို ဖြေရှင်းညှိနှိုင်းကာ နောင်ထပ်မမှားအောင် လုပ်သည်က ပိုပြီးသင့်တော်ကြောင်း၊ အားလုံး ၀ါးလုံးရှည်နှင့်ရမ်းသည့် ဖြစ်စဉ်မျိုးမှာ နှစ်ဖက်လုံးအတွက် မကောင်းဟုမြင်မိကြောင်းနှင့် ယခုဖြစ်ရပ်များသည် နှစ်ဘက်ညှိနှိုင်းကာ အဖြေရှာရနိုင်သည့်ဖြစ်စဉ်ဟု ထင်မြင်မိကြောင်း Lucky Seven ထုတ်လုပ်ရေးမှ ကိုအုန်းဝင်းက သူ၏အမြင်ကို ပြောပြခဲ့သည်။
“ရုပ်ရှင်သမားတွေအနေနဲ့ LGBT တွေ နဲ့ပတ်သက်ပြီး အမြဲပဲ ဟာသပုံစံမျိုး ရိုက်နေတာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ ထုတ်လုပ်ရေးကနေ ရိုက်ကူးခဲ့တဲ့ ဇာတ်တွေထဲမှာဆိုရင် LGBT တွေနဲ့ပတ်သက်ပြီး Support ပေးတဲ့ဇာတ်ကားမျိုးတွေဖြစ်တဲ့ “ဆယ့်ကိုးတောင်ဝတ် မင်းယောကျ်ား”၊ “အမွှေဇယား” စတဲ့ဇာတ်ကားတွေ ရိုက်ခဲ့တာမျိုးရှိတယ်။ ဇာတ်လမ်းတွေကအားလုံးက သူတို့ကို ဟာသလုပ်နေတာမျိုးချည်းတော့ မဟုတ်ပါဘူး။ ဟာသဘက်ကို ယိမ်းတဲ့အခါလည်း ယိမ်းသွားတာတွေရှိပေမဲ့ အားလုံးတော့မဟုတ်ဘူးလေ။ မိန်းမလျာတွေကို ဟာသလုပ်ပြီး မရိုက်ရဘူးဆိုတာမှာတော့ ခရိုနီဆိုရင်လည်း ဟာသလုပ်ပြီး ရိုက်ကူးတာပဲ။ တခြားအကြောင်းအရာတွေလည်း ဟာသလုပ်ပြီး ရိုက်ကူးကြတာပဲ။ မိန်းမလျာကာရိုက်တာတွေမှာတော့ ပါဝင်တဲ့သရုပ်ဆောင်တွေက အိုဗာအိုက်တင်လေးတွေလုပ်ပြတဲ့အခါမှာ ပရိသတ်က ရယ်သွားတာမျိုး၊ နောက်ပြီး မင်းသားတစ်ယောက်က မိန်းမလိုဝတ်လိုက်တဲ့အချိန်မှာ မြင်ရတဲ့အမြင်ကို ပရိသတ်က ရယ်တာ၊ အိုဗာလုပ်လိုက်တာမျိုးကို ပရိသတ်က သဘောကျပြီး ရယ်တာမျိုးပါ။ ဥပမာ မိသားစုမှာဆိုရင်တောင် ယောကျ်ားလေးကို မိန်းကလေးလိုပြင် ပေးလိုက်မိရင် သူ့ရဲ့ပုံစံလေးကို သဘောကျပြီး ရယ်တာမျိုးပါ။ အခြောက်မဖြစ်လို့ မိန်းမလျာဖြစ်လို့ ပရိသတ်က ရယ်တာမျိုးမဟုတ်ဘူး ဆိုတာကိုလည်း သတိထားမိစေချင်ပါတယ်” ဟု Lucky Seven ထုတ်လုပ်ရေးမှ ကိုအုန်းဝင်းက ဆိုသည်။
လက်ရှိမြန်မာ့ရုပ်ရှင်တွင် မိန်းမလျာအစစ်များလည်း သရုပ်ဆောင်အဖြစ် ပါဝင်လျက်ရှိပြီး မိတ်ကပ်ပညာရှင်လေးဦး အဓိက သရုပ်ဆောင်များအဖြစ် ပါဝင်ထားသည့် “ကျားကျားကြိုက်ကြိုက်” ဇာတ်ကားကိုလည်း ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းက ရိုက်ကူးခဲ့ပြီဖြစ်သည်။
ထို့ပြင် မြန်မာရုပ်ရှင်ဇာတ်ကားများ၏ ဖန်တီးပိုင်းဆိုင်ရာ အခက်အခဲအချို့နှင့်ပတ်သက်၍ “မြန်မာ့ရုပ်ရှင်မှာက ဆင်ဆာကိစ္စနဲ့ပတ်သက်ပြီး သူတို့ဘက်က တင်းကျပ်တာတွေ ရှိသလို ကျွန်တော်တို့ဘက်က တောင်းဆိုတာတွေလည်း ရှိတယ်။ နှစ်ဖက်ညှိနှိုင်းရတာပေါ့။ ထို့အတူပဲ အခြားကဏ္ဍတွေမှာလည်း သူတို့ရဲ့ ဖြစ်တည်မှုကို မထိခိုက်အောင်ရှောင်ကြဉ်ဖို့ ထိန်းသိမ်းသင့်တာတွေ ထိန်းသိမ်းမယ်ဆိုရင် သူတို့တွေနဲ့ ကျွန်တော်တို့တွေ ပဋိပက္ခတွေ မဖြစ်တော့ဘူးပေါ့။ ဒါပေမဲ့လည်း အားလုံးကိုလိုက်ပြီး ဟိုဟာမလုပ်ရဘူး၊ ဒီဟာမလုပ်ရ ဘူးဆိုတာမျိုးဆိုရင်လည်း ပရိသတ်တွေ ရင်ထဲကို သူတို့ မရောက်ဘူးဖြစ်သွားမယ်။ ဒီနောက်ပိုင်းတွေမှာ ပရိသတ်တွေက သူတို့ကို ချစ်ခင်ကြတယ်ဆိုတာက ရုပ်ရှင်ဇာတ်ကားတွေကြောင့်လည်း ပါပါတယ်။ တစ်ခါတစ်ခါမှာတော့ တစ်ဖက်နဲ့တစ်ဖက်မှာ ကောင်းမှုရှိသလို ဆိုးမှုလည်း ဒွန်တွဲပါလာတာမျိုးကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်တစ်ခုပါပဲ” ဟု Lucky Seven ထုတ်လုပ်ရေးမှ ကိုအုန်းဝင်းက ဆိုသည်။
မတ် ၄ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ပြုလုပ်ခဲ့သည့် LGBTIQ များ၏ပွဲတွင် မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ မိန်းမလျာဇာတ်ရုပ်၊ ယောကျ်ားလျာ ဇာတ်ရုပ်များကို အသုံးပြု၍ လူ့ဂုဏ်သိက္ခာနှင့် ဖြစ်တည်မှုကို လှောင်ပြောင်စော်ကားမှုများ၊ ခွဲခြားဆက်ဆံမှုများနှင့် သတင်းအချက်အလက် အမှားများရိုက်ကူးထားသည့် ပေါကားများကို တားဆီးသည့် မူဝါဒတစ်ရပ် ပေါ်ထွက်လာစေရန် ဦးစီးဆောင်ရွက်ပေးလိုကြောင်း တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
“ဒီနေ့ခေတ် မြန်မာရုပ်ရှင်ကြည့်ပရိ သတ်တွေဆိုတာက အရင်ကလို ရုပ်ရှင်ထဲက ဗီလိန်ကို အပြင်မှာပါ အမြင်ကတ်ကြတဲ့ ခေတ်မဟုတ်ပါဘူး။ ဗီလိန်သရုပ်ဆောင် ကောင်းတာကို ချီးကျူးတတ်ပြီး သဘောကျ အားပေးကြတဲ့ခေတ်ပါ။ အဲဒီလိုပဲ မိန်းမလျာဇာတ်ရုပ်တွေပါတဲ့ ဇာတ်ဝင်ခန်းတွေဆိုရင်လည်း အပြင်မှာ အခြောက်မတွေက ဒီလိုပဲဆိုတာမျိုး ဘယ်သူမှထင်ကြမှာမဟုတ်ပါဘူး။ ပေါကားဆိုရင်လည်း ပေါကားအလျောက် ရုပ်ရှင်ကြည့်နေတဲ့အချိန်အတွင်းမှာပဲ ကြည့်မယ်၊ ရယ်မယ်ပြီးရင် ပြီးသွားတာပါပဲ။ နောက်ပြီး အခုချိန်ကာလမှာ LGBT တွေဆိုတာက အရင်ကထက်တောင် မြန်မာလူမှုအသိုင်း အဝိုင်းမှာ နေရာရလာတာပါ။ TV အစီအစဉ်တွေက ပြိုင်ပွဲတွေမှာ ပြိုင်ခွင့်ရတယ်။ အကဲဖြတ်ဒိုင်တွေလုပ်ကြတယ်။ အဲဒီလိုပဲ ဖေ့စ်ဘွတ်ပေါ်မှာဆိုရင်တချို့ LGBT တွေရဲ့ ဓာတ်ပုံတွေ၊ အပြောအဆိုတွေဆိုတာကလည်း သူတို့မို့ ဝတ်ရဲပြောရဲကြတာမျိုးတွေ အများကြီးရှိနေတာပါပဲ။ တစ်ယောက်မကောင်းတာနဲ့ အဝန်းအဝိုင်းတစ်ခုလုံး မကောင်းဘူးဆိုတဲ့အမြင်မျိုးက ဒီနေ့ခေတ်မှာ မရှိကြတော့ပါဘူး။ ဒီနေ့ခေတ် ပရိသတ်က ရုပ်ရှင်ကို ရုပ်ရှင်လို ပိုပြီးကြည့်တတ်လာ တယ်လို့ပြောရမှာပါ” ဟု LGBT တစ်ဦးဖြစ်သည့် ကိုမောင်မောင်က ဆိုသည်။
မြန်မာရုပ်ရှင်ဇာတ်ကားများတွင် LGBT များ၏ ဇာတ်ရုပ်များအား ထည့်သွင်းရိုက်ကူးမှုများနှင့်ပတ်သက်၍ ဒါရိုက်တာ စတီးလ်က “မိတ်ကပ်ပညာရှင်တွေ၊ ရုပ်ရှင်သမားတွေဆိုတာက နှစ်ဦးနှစ်ဖက်စလုံးက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီတွေ၊ ရင်းနှီးချစ်ခင်ခဲ့ကြသူတွေပါ။ ရုပ်ရှင်ဖန်တီးသူတွေဘက်ကလည်း အရင်က သူတို့တွေ့ဖူး ဆုံဖူးတဲ့ မိတ်ကပ်ပညာရှင် တစ်ဦးတစ်ယောက်ရဲ့ ချစ်စရာကောင်းအောင် နေတတ်တာလေးတွေ၊ ဟာသ လုပ်တတ်တာလေးတွေကို ဇာတ်ကားမှာ ထည့်ရိုက်ရင်းနဲ့မှ ဒီလိုမျိုးတွေအထိဖြစ်တယ်လို့ မြင်တယ်” ဟု ဆိုသည်။
မြန်မာ့ရုပ်ရှင်သည် ပရိသတ်အားပေးမှုနှင့် စိတ်ဝင်စားမှုမြင့်တက်လာသော်လည်း လိုအပ်ချက်များစွာရှိနေပြီး ရုပ်ရှင်ရိုက်ကူး ဖန်တီးမှုများနှင့်ပတ်သက်၍လည်း ပရိသတ်များမမြင်တွေ့နိုင်သည့် အခက်အခဲများစွာ ရှိနေသည်ဟု သိရသည်။ အခြားနိုင်ငံများတွင် မရှိသည့် ရိုက်ကူးမှုမပြုလုပ်ခင်မှာပင် ဇာတ်လမ်းအပြည့်အစုံအား ခွင့်ပြုချက်တင်ရခြင်းနှင့် ယင်းဇာတ်လမ်းခွင့်ပြုချက်မှာပင် ဇာတ်လမ်းအား ပြင်ဆင်မှုများပြုလုပ်ပေးသည်ဟု သိရသည်။
“မြန်မာရုပ်ရှင်တွေက မရိုက်ခင် ဇာတ်လမ်းတင်တည်းက ပြင်ပေးရတာတွေရှိတယ်။ ရိုက်ကူးပြီးချိန်မှာလည်း ဆင်ဆာမှာ ထပ်ပြီးပြင်တာတွေ ဖျက်တာတွေရှိပြန်ရော။ အဲဒီလို ကြုံနေရတာနဲ့ပဲ မြန်မာ့ရုပ်ရှင် မတိုးတက်ဘူးလား ပြောချင်ကြမယ်။ အဲဒါလောက်တင် မကပါဘူး။ တခြားအခက်အခဲတွေ အများကြီး ရှိနေပါသေးတယ်။ တစ်လောကပဲ ကျွန်တော် ဇာတ်လမ်းခွင့်ပြုချက်တစ်ခု တင်တယ်။ သူတို့ပြင်ခိုင်းတာတွေ ပြင်ပြီးတော့ သူတို့ဘက်ကနေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အကူအညီတောင်းခံရန်လိုအပ်ပါသည်။ အကူအညီလိုက တောင်းခံနိုင်ပါသည်ဆိုတဲ့ မှတ်ချက်စာနဲ့အတူ ခွင့်ပြုချက်ကျတယ်။ ကျွန်တော်တို့ကလည်း ဒီလိုဇာတ်လမ်းလေး ရိုက်ချင်ပါတယ်။ ဘယ်လိုကားတွေလိုပါတယ် စသည်ဖြင့် တစ်လကြိုပြီး သက်ဆိုင်ရာဌာနကို စာတင်လိုက်တယ်။ အဲဒီဘက်ကစာပြန်လာတာက ဒီလိုဇာတ်ဝင်ခန်းမျိုးကို ထည့်မရိုက်ပါနဲ့ ထည့်ရိုက်ခွင့်မရှိဘူး။ ပြင်ပေးပါလို့ စာကျလာတယ်။ ကျွန်တော်တို့က ဇာတ်လမ်းသဘောအရပဲ ရုပ်ရှင်ရိုက်တာလေ။ တရားဥပဒေစိုးမိုးရေးကို ဦးတည်ပြီး ဖန်တီးထားတဲ့ဇာတ်လမ်းလည်းဖြစ်တယ်။ ဒါကိုပြင်ပေးပါလို့ တောင်းဆိုလာတဲ့အခါ ကျွန်တော်တို့တွေက ရုပ်ရှင်ဆင်ဆာအဖွဲ့က ခွင့်ပြုတာကို အတည်ပြုရမှာလား။ တခြားအဖွဲ့အစည်းတစ်ခုက ခွင့်မပြုတာကို အတည်ပြုရမှာလားဆိုတာ စသည်ဖြင့် အဆင်မပြေဘူး” ဟု ဒါရိုက်တာ စတီးလ်က ဆိုသည်။
ထို့ပြင် ယခင်က လေယာဉ်ကွင်း၌ ရိုက်နိုင်ရန်အတွက် ငွေကျပ်ငါးသိန်းပဲသာ သွင်းရသော်လည်း လက်ရှိတွင် ရိုက်ကူးခွင့်အတွက် သိန်း ၅၀ ခန့်အထိ ကျသင့်မည်ဟု သိရသည်။ ယင်းကဲ့သို့ ငွေကြေးတိုးမြင့်သွားခြင်းမှာ Line Walker 2 ရိုက်ပြီးချိန်တွင် အဆိုပါစျေးနှုန်းများ ပြောင်းလဲသွားခြင်းဖြစ်သည်ဟု ရုပ်ရှင်အသိုင်းအဝိုင်းမှ သိရသည်။
“တကယ်တော့ မြန်မာ့ရုပ်ရှင်က ရှိတာလေးနဲ့ အကောင်းဆုံးဖြစ်အောင်ရိုက်ကူးနေကြတာပါ။ ပေါကား ပေါကားနဲ့ ဝေဖန်နေကြပေမယ့်လည်း တကယ့်လက်တွေ့ကျတော့ သူတို့ပြောတဲ့ ပေါကားဆိုတဲ့ ဇာတ်ကားတွေမှာ အားပေးတဲ့ ပရိသတ်တွေက ပြည့်လျှံနေတာပါ။ ဒီတော့ ထုတ်လုပ်သူဆိုတာကလည်း ပိုက်ဆံရတဲ့ ကားမျိုးပဲရိုက်ချင်မှာပဲလေ။ အဲဒီတော့ ဖန်တီးမှုပိုင်းမှာလည်း အခက်အခဲတွေရှိပါတယ်။ နောက်ပြီး အခုကျွန်တော်ရိုက်နေတဲ့ တစ်သက်စာ ဇာတ်ကားရဲ့ဇာတ်ဝင်ခန်း တစ်ခုကို YMCA ရှေ့နားက Business Tower နားမှာ သွားရိုက်တယ်။ ကင်မရာတောင် မချရသေးဘူး။ ဒီနားမှာ ရိုက်လို့မရဘူးလို့ လာပြောတယ်။ လမ်းပေါ်မှာရိုက်တာပါ ဆိုတာကိုတောင် သူတို့အဆောက်အအုံပါလို့ မရဘူးဆိုတော့ ကျွန်တော်တို့တွေ ဘယ်လိုလုပ်ကြမလဲ။ တကယ်တော့ ရိုက်ကူးခွင့်အတွက် ကျွန်တော်တို့တွေက ခွင့်ပြုချက်တွေ ယူထားပြီးသား။ နောက်ပြီး ဇာတ်ကားတွေရုံတင်တဲ့ အခါမှာလည်း ကြည့်ရှုသူတစ်ယောက်ချင်းစီကနေ နိုင်ငံတော်ကို အခွန်ဆောင်ထားပြီးသားလေ။ ဒါပေမဲ့ ကျွန်တော်တို့ ရုပ်ရှင်သမားတွေမှာတော့ အခက်အခဲတွေ အများကြီး ကျဉ်းထဲကျပ်တည်း ရောက်နေတာတွေလည်းအများကြီးပါ” ဟု ဒါရိုက်တာ စတီးလ်က ဆိုသည်။
မြန်မာ့ရုပ်ရှင်သည် အကောင်းဘက်သို့ ဦးတည်လာသည့် အချိန်ကာလမှာ သုံးနှစ်ဝန်းကျင် အနေအထားခန့်သာ ရှိသေးသော်လည်း အဘက်ဘက်မှ ကျပ်တည်းမှုများ ရင်ဆိုင်နေရသည်။ ထို့ပြင် ဇာတ်ကားပြသမှုစနစ်၊ လက်ရှိ ရုပ်ရှင်ရုံအရေအတွက်နှင့် ရိုက်ကူးပြီးစီးထားသည့် ဇာတ်ကားအရေအတွက်တို့၏ သုံးပွင့်ဆိုင်အနေအထားမှာ ခက်ခဲမှုများ၊ စိန်ခေါ်မှုများရှိသော်လည်း အဆိုပါ အနေအထားများအတွက် အကောင်းဆုံး ဖြေရှင်းပေးနိုင်သည့် နည်းလမ်းတစ်ခု (သို့မဟုတ်) အဖြေတစ်ခုမှာလည်း ရှာဖွေမတွေ့ရှိနိုင်ဘဲ ရှိနေသေးသည်။
ထိုသို့သောအနေအထားတွင် နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းကလည်း တိုးတက်လာသည့် ရုပ်ရှင်ကြည့်ရှုသူဦးရေကို ဆွဲချနေသည့် အနေအထားမျိုးကိုလည်း ရင်ဆိုင်နေရသည်ဟု သိရသည်။
ယနေ့ခေတ်တွင် အနုပညာဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ဝင်ငွေအများဆုံးရှာပေးနိုင်သည့် နေရာတစ်ခုဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် နိုင်ငံ၏ပုံရိပ်များကိုပါ အနုပညာဖြင့် တိုင်းတာဆုံးဖြတ်မှု ပြုလုပ်ကြသည့် အချိန်ကာလ အနေအထားတစ်ခုတွင် မြန်မာ့ရုပ်ရှင်လောက၌ ရင်ရှုပ်စရာကိစ္စအချို့ ရှိနေပြီလားဆိုသည် ကိုတော့. . . .။