၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ၆ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားပြီး ကဏ္ဍအားလုံး တစ်ပြေးညီ တိုးတက်ရန်နှင့် စွမ်းအင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတွင် အများဆုံး တိုးတက်ရန် ခန့်မှန်းထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ပြပွဲတွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်မတို့ရဲ့ စီးပွားရေးတံခါးကို နိုင်ငံတကာက ဝင်ရောက်နိုင်အောင် ဖွင့်လှစ်ခဲ့ပါတယ်။ ဒါ့ပြင် မူဝါဒများ၊ ဥပဒေ ပြဋ္ဌာန်းချက်များကိုလည်း နိုင်ငံတကာ အလေ့အထများနှင့်အညီ ဖြစ်စေရန် စဉ်ဆက်မပြတ် ညှိနှိုင်းလျက် ရှိတဲ့အပြင် ပိုမိုကောင်းမွန်သော၊ ခန့်မှန်းရလွယ်သော၊ လွယ်ကူချောမွေ့သော၊ ဖော်ရွေသော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်း ဖြစ်လာစေရေးကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ တိုတိုပြောရရင် အားလုံးကို ကြိုဆိုတဲ့ စီးပွားရေး ဝန်းကျင်ကို ကျွန်မတို့ ဖော်ဆောင်လိုခြင်းပဲ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
သိသာထင်ရှားသည့် ပြုလုပ်ပြောင်းလဲရေး လုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် ပြဋ္ဌာန်းခြင်း၊ ကုမ္ပဏီဥပဒေသစ် ပြဋ္ဌာန်းခြင်း၊ နိုင်ငံခြားဘဏ်များ၏ ဆောင်ရွက်ခွင့်ပြုသည့် လုပ်ငန်းများကို တိုးချဲ့ပေးခြင်း၊ ပညာရေးကဏ္ဍကို ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်အောင် ဖွင့်လှစ်ပေးခြင်းတို့ဖြစ်သည်။
ထို့ပြင် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် အစိုးရအသုံးစရိတ်များ တိုးမြှင့်သုံးစွဲခြင်း၊ အီလက်ထရွန်နစ် ကုမ္ပဏီ မှတ်ပုံတင်စနစ် တည်ထောင်ဆောင်ရွက်ခြင်း၊ နယ်စပ်ကုန်သွယ်ရေး ငွေပေးချေမှုများအတွက် နိုင်ငံခြားငွေ အမျိုးအစားများ တိုးချဲ့ပေးချေခွင့်ပြုခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် တိကျသော အစီအမံများ ချမှတ်ခြင်းတို့ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယင်းပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသည် ခိုင်မာသော ချည်မျှင်စများဖြစ်ပြီး မြန်မာနိုင်ငံ ရေရှည်တည်တ့ံခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို အဆိုပါ ချည်မျှင်စများဖြင့် ရက်လုပ်ထားခြင်းပင် ဖြစ်ကြောင်း၊ ယင်းစီမံကိန်းသည် ကမ္ဘာ့ရည်မှန်းချက်ဖြစ်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် ချိတ်ဆက်ထားသည့် စီမံကိန်းတစ်ရပ်ပင် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများ၏ ရလဒ်အနေဖြင့် သိသာထင်ရှားသည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခဲ့ကြောင်း၊ တိုးတက်မှုဟု ဆိုရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားပြီး ကဏ္ဍအားလုံး တစ်ပြေးညီ တိုးတက်ရန်နှင့် စွမ်းအင်ကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍများတွင် အများဆုံး တိုးတက်ရန် ခန့်မှန်းထားကြောင်း သိရသည်။
စီမံ/ဘဏ္ဍာ၏ နိုင်ငံ့စီးပွားရေး အခြေအနေအပေါ် သုံးသပ်ချက်
မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် စပ်လျဉ်းပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ခုနစ်ရာခိုင်နှုန်း ခန့်မှန်းခဲ့ရာ ယာယီအမှန်စာရင်းအရ ၆ ဒသမ ၈ ရာခိုင်နှုန်း ရရှိခဲ့သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တစ်မျိုးသားလုံး၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) ကို နှစ်အလိုက် စျေးနှုန်းအရ ကျပ် ၁၀၆ ဒသမ ၀၉၆ ထရီလျံရရှိရန် ခန့်မှန်းထားပြီး ဂျီဒီပီ တိုးတက်မှုနှုန်း ၇ ဒသမ ၆ ရာခိုင်နှုန်း ရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။
ကဏ္ဍအလိုက် ရည်မှန်းချက် အနေဖြင့် ကဏ္ဍအလိုက် စီးပွားရေးတိုးတက်မှုကို စက်မှုကဏ္ဍတွင် ၉ ဒသမ ၄ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ၈ ဒသမ ၈ ရာခိုင်နှုန်းနှင့် လယ်ယာကဏ္ဍတွင် ၂ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ရန် မျှော်မှန်းထားသည်။
“လယ်ယာကဏ္ဍကြီးတွင် သီးနှံပိုမို စိုက်ပျိုးထုတ်လုပ်ခြင်း၊ ငါး၊ ပုစွန်တိုးချဲ့ မွေးမြူနိုင်ခြင်းနဲ့ နည်းပညာ အဆင့်မြှင့်တင်ခြင်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ တန်ဖိုးမြှင့် (Value Added) တိုးတက်ထုတ်လုပ်ခြင်း၊ ပြည်တွင်းစားသုံးမှု သာမက ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရန် ရည်မှန်းဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။
စက်မှုကဏ္ဍကြီးတွင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်မည့် အစီအမံများကြောင့် စက်မှုထုတ်ကုန်များ ပိုမိုထွက်ရှိနိုင်ခြင်း၊ စွမ်းအင်ထုတ်လုပ်မှု တိုးတက်မည့် အလားအလာနှင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည့် အလားအလာများရှိခြင်း၊ အခြေခံ အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ပြည်သူများအတွက် သင့်လျော်ကောင်းမွန်သည့် အိမ်ရာများ ဆောက်လုပ်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။
ဝန်ဆောင်မှုကဏ္ဍတွင် ပြည်တွင်းပြည်ပ ပို့ဆောင်ရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခြင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများ၊ ပြည်တွင်း ပြည်ပကုန်သွယ်မှု၊ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဟိုတယ်၊ ခရီးသွားနှင့် ပုဂ္ဂလိက ဝန်ဆောင်မှုလုပ်ငန်းငယ်များ ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခြင်းတို့ကို ရည်မှန်းထားသည်။
ဘဏ္ဍာရေးကဏ္ဍတွင် အခွန်အကောက်ရငွေ တိုးတက်ရန်၊ အစိုးရအသုံးစရိတ်များကို ထိရောက်စွာ စီမံခန့်ခွဲခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေး အသုံးစရိတ်များ မြှင့်တင်ပေးခြင်း၊ စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အခြေခံကောင်းများ တည်ဆောက်ပေးခြင်း စသည်တို့ကို ရည်မှန်းဆောင်ရွက်မည်ဟု သိရသည်။
ကဏ္ဍအလိုက်ပါဝင်မှု အချိုးအစား အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတွင် နှစ်အလိုက်စျေးနှုန်းများအရ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၂၁ ဒသမ ၉ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ပါဝင်မှု အချိုးအစားကို ၃၇ ဒသမ ၂၇ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှု ကဏ္ဍတွင် ၄၀ ဒသမ ၈၃ ရာခိုင်နှုန်း အသီးသီး ဖြစ်ပေါ်ရန် ရည်မှန်းထားသည်။
အလားတူ ငွေရေးကြေးရေး ကဏ္ဍတွင်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်းကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းသိမ်းနိုင်ရန် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု သိရသည်။
သို့သော် ယခုနှစ်တွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း လေးလဆက်တိုက် ခြောက်ရာခိုင်နှုန်းကျော် ဖြစ်နေပြီး ခန့်မှန်းနှုန်းထား ၄ ဒသမ ၈၁ ရာခိုင်နှုန်းထက် ၁ ဒသမ ၅၃ ရာခိုင်နှုန်းမှ ၂ ဒသမ ၁၃ ရာခိုင်နှုန်းမြင့် တက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ဘဏ္ဍာနှစ် အစပိုင်းလများဖြစ်သော အောက်တို ဘာတွင် ၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၆ ဒသမ ၆၆ ရာခိုင် နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၈၆ ရာ ခိုင်နှုန်း၊ ဇန်နဝါရီတွင် ၆ ဒသမ ၉၄ ရာခိုင်နှုန်းအထိ ရှိနေကာ ၂၀၁၈ ခုနှစ် မတ်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီအထိ ၁၀ လဆက်တိုက် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေး ဆနှုန်းအပေါ် အခြေခံတွက်ချက် ထားသော ငွေကြေးဖောင်းပွမှုနှုန်း မှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီအထိ တစ် နှစ် ပျမ်းမျှ ၆ ဒသမ ၉၄ ရာခိုင်နှုန်းရှိ ပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒသမ ၁၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းမှ ၆ ဒသမ ၂ ရာခိုင်နှုန်းသို့
မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၇-၂၀၁၈ ခုနှစ်၌ ၆ ဒသမ ၈ ရာခိုင်နှုန်း မှ ၂၀၁၈-၂၀၁၉ ခုနှစ်၌ ၆ ဒသမ ၂ ရာခိုင်နှုန်းသို့ လျော့ကျသွားဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
ဝယ်ယူသုံးစွဲနိုင်မှုအား လျော့ကျလာခြင်း၊ ရင်းနှီးမြှုပ်နှံမှု နှေးကွေး လာခြင်း၊ လောင် စာဆီစျေးမြင့်တက် လာမှုကြောင့် ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်လာခြင်း၊ ကျပ်ငွေတန်ဖိုးကျ ဆင်းလာခြင်းစသည်တို့ကြောင့် စက် မှု ကဏ္ဍတိုးတက်နှုန်းမှာ ယခင်နှစ် က ၉ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၈ ဒသမ ၂ ရာခိုင်နှုန်းသို့ လျော့ကျလာမည်။ ဝန်ဆောင်မှုကဏ္ဍ တိုးတက်နှုန်းသည် ယခင်နှစ်က ၈ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၇ ဒသမ ၆ ရာခိုင်နှုန်းသို့ လျော့ကျလာမည်ဟု ခန့်မှန်းထားသည်။
တယ်လီကွန်း ဆက်သွယ်ရေး ဝန်ဆောင်မှုနှင့် လက်လီလက်ကား ကုန်သွယ်မှုကဏ္ဍများ လျင်မြန်စွာ တိုးတက်နေသော်လည်း ခရီးသွားနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများ၌ တိုးတက်မှုနှုန်း နှေးကွေးနေသည်။ ရာသီအလိုက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေး အန္တရာယ်များ ရှိနေသော်လည်း ပြင်ပဝယ်လိုအားကြောင့် စပါးစျေး ကောင်းလာသည့်အတွက် စိုက်ပျိုးရေးကဏ္ဍထုတ်ကုန် တိုးတက်နှုန်းသည် ယခုနှစ်တွင် ၁ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဟု ဆိုသည်။
ဧပြီမှ အောက်တိုဘာအထိ မြန်မာကျပ်ငွေတန်ဖိုးသည် ဒေါ်လာနှင့် လဲလှယ်နှုန်း ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းလာနေသည့်အတွက် ငွေကြေးတန်ဖိုး မတည်ငြိမ်မှု ကြီးမားလာသည်။ အမေရိကန် ပြည်ထောင်စု ငွေကြေးမူဝါဒကြောင့် ငွေလဲတန်ဖိုး ကျဆင်းခြင်းသည် မျှော်လင့်ထားသည်ထက် ပိုမိုလျင်မြန်ခဲ့သည်။
ထို့ပြင် Current Account လို ငွေဖြည့်သွင်းရန်အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဆက်တိုက်မှီခိုနေရခြင်း၊ ထိရှလွယ်သော နိုင်ငံခြားငွေလဲစျေးကွက် ရှိနေခြင်း စသည့် မြန်မာနိုင်ငံတွင်း အခြေအနေများက ငွေတန်ဖိုးကျဆင်းခြင်းကို ပိုမိုဆိုးရွားစေရန် တွန်းပို့နေသည်။
ငွေလဲနှုန်း တိုးတက်သွားခြင်းနှင့် စားသောက်ကုန်စျေးနှုန်း မြင့်တက်လာခြင်းနှင့်အတူ ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၈-၂၀၁၉ခုနှစ်တွင် ၈ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ဖွယ် ရှိသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
အထည်ချုပ်ပို့ကုန် မြင့်တက်လာခြင်းနှင့် သွင်းကုန်တိုးတက်မှုပ မာဏနှေးကွေး လာခြင်းတို့ကြောင့် လတ်တလော Current Account လိုငွေပြမှု လျော့နည်းလာသည်။
Current Account လိုငွေမှာ ၂၀၁၆- ၂၀၁၇ ခုနှစ်က ဂျီဒီပီ၏ ၅ ဒသမ ၅ ရာခိုင်နှုန်း (ဒေါ်လာ ၃ ဒသမ ၅ဘီလျံ) ရှိခဲ့ရာမှ ၂၀၁၇ -၂၀၁၈ ခုနှစ်တွင် ဂျီဒီပီ၏ ၂ ဒသမ ၆ ရာခိုင်နှုန်း (ဒေါ်လာ၁ ဒသမ ၇ ဘီလျံ) သို့ လျော့ကျခဲ့သည်။
၂၀၁၈-၂၀၁၉ ခုနှစ်တွင် အထည်ချုပ်လုပ်ငန်း ပြည်ပပို့ကုန်များ လျင်မြန်စွာ တိုးတက်လာသည့်အတွက် စုစုပေါင်းပို့ကုန် ပမာဏသည် ဂျီဒီပီ၏ ၁၆ ဒသမ ၈ ရာခိုင်နှုန်းမှ ၂၀ ဒသမ ၂ ရာခိုင်နှုန်းသို့ တိုးတက် လာခဲ့သည်။
ထို့ကြောင့် ကုန်သွယ်ရေးလို ငွေပြမှုသည် ၂၀၁၆-၂၀၁၇ ခုနှစ် တွင် ဂျီဒီပီ၏ ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၇-၂၀၁၈ တွင် ၅ ဒသမ ၇ ရာခိုင်နှုန်းသို့ လျော့ကျခဲ့သည်။
နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ FDI ဝင်လာရန် အပြိုင်အဆိုင် ဆွဲဆောင်ကြသောကြောင့် မကြာသေးမီနှစ်များအတွင်း သိသိသာသာ အရေးပါ၍လာသော အလွန်အရေးကြီးသည့် စီးပွားရေး အကြောင်းအရာ တစ်ရပ်ဖြစ်သည်။
FDI ၏ အရေးပါပုံကို သတိပြုမိကြသောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သည့် ဝန်းကျင်တစ်ရပ် ဖန်တီးခြင်းမှတစ်ဆင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ကြိုးပမ်းကြသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ရှစ်ဘီလျံကျော်အထိ စံချိန်တင် ဝင်ရောက်ခဲ့သည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉ ဒသမ ၄ ဘီလျံကျော် ဝင်ရောက်ခဲ့ရာ အမြင့်ဆုံး စံချိန်အဖြစ် ရပ်တည်ခဲ့သည်။ ယင်းနောက်ပိုင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၆ ဒသမ ၆ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅ ဒသမ ၇ ဘီလျံဝင်ရောက်ခဲ့သော်လည်း ယခင်နှစ်များနှင့် ယှဉ်လျှင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု လျော့ကျခဲ့သည်။
ရင်းနှီးမြှုပ်နှံသူများနှင့် စောင့်ကြည့်သူများက လတ်တလော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စိတ်ဝင်စားမှု လျော့ကျနှေးကွေး လာခြင်းသည် ရခိုင်ဒေသဖြစ်စဉ်နှင့် နှေးကွေးသည့် ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်ကြောင့် ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်း၌ မရေရာမှုများ ရှိနေမှုကို ထင်ဟပ်နေသည်။ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ပါဝင်စားမှု လျော့ကျမှု ရှိမရှိကိုမူ FDI ခွင့်ပြုမှုနှင့် စီးဝင်လာမှုများကို ဆက်လက်စောင့်ကြည့်ခြင်းဖြင့်သာ သိရှိနိုင်မည်ဟု ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွင်း ယခုအထိ ဖြစ်ပွားနေဆဲ ပဋိပက္ခကလည်း ပိုမိုကျယ်ပြန့်သော စီးပွားရေး ထိခိုက်မှုများကို ဖြစ်စေလျက်ရှိသည်။ ရခိုင်ဖြစ်စဉ်များကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု ပိုမိုပြင်းထန်လာစေပြီး တိုက်ရိုက်အားဖြင့် ဂျီဒီပီ၏ ၂ ဒသမ ၇ ရာခိုင်နှုန်း ပါဝင်သည့် ခရီးသွားလုပ်ငန်း ဝင်ငွေများကို လျော့ကျစေနိုင်သည်။
ဥရောပသမဂ္ဂ၏ GSP စနစ်၏ အကျိုးခံစားမှုများ ဖယ်ရှားလိုက်မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ အကယ်၍ ထိုသို့ ဖယ်ရှားလိုက်ပါက နိုင်ငံခြားပို့ကုန်များ အနေဖြင့် အခက်အခဲ ကြုံတွေ့ရနိုင်သည်။ အထူးသဖြင့် အဆိုပါအချက်သည် ယခင်နှစ်က မြန်မာနိုင်ငံ ပို့ကုန်စုစုပေါင်း၏ လေးပုံတစ်ပုံဖြစ်သော အထည်ချုပ်လုပ်ငန်း ပြည်ပပို့ကုန်အပေါ် သက်ရောက်နိုင်သည်။
ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းက မြန်မာကျပ်ငွေအပေါ် ဖိအားဖြစ်စေပြီး ငွေကြေးဖောင်းပွနှုန်း တိုးမြင့်လာနိုင်သည့်အတွက် မက်ခရို စီးပွားရေး မညီမျှမှု အထူးသဖြင့် ပြင်ပဟန်ချက်များကို ဆိုးရွားစေလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ရေးဆွဲအကောင်အထည် ဖော်ခဲ့ခြင်း၊ လက်လီလက်ကား ကုန်သွယ်မှု ဖြေလျှော့ပေးခဲ့ခြင်း၊ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပေါ်ပေါက်လာခြင်း၊ OBOR နှင့် ဆက်စပ်သည့် အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းများအတွက် အကြီးစား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်း စသည့် မူဝါဒ အပြောင်းအလဲများကြောင့် ၂၀၂၀-၂၀၂၁ တွင် ဖွံ့ဖြိုးမှုနှုန်းသည် ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ ပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု မျှော်မှန်းထားသည်။
သို့ရာတွင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု နှေးကွေးလာနိုင်ခြေ၊ ပြည်တွင်းမက်ခရို စီးပွားရေးဟန် ချက်မညီမှုနှင့် ဥရောပသမဂ္ဂနှင့် ဆက်စပ်ကုန်သွယ်မှုများ ဆုံးရှုံးမှုကြောင့် စီးပွားရေးအပေါ် ထိခိုက်နိုင်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
မြန်မာနိုင်ငံသည် လက်ရှိတွင် စိန်ခေါ်မှုအမျိုးမျိုးဖြင့် ရင်ဆိုင်နေရကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် နောက်ကျကျန်ရစ်ခဲ့ကြောင်း မတ် ၈ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တော်ခန်းမဆောင်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မုံရွာ လူထုတွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“ကျွန်မတို့နိုင်ငံဟာ အခုချိန်မှာဆိုရင် စိန်ခေါ်မှုတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ တိုးတက်မှုတွေရှိတယ်။ ဒါကိုလည်း ကျွန်မတို့က အသိအမှတ်ပြုပါတယ်။ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ဆက်ပြီး တိုးတက်ဖို့ အများကြီး လိုပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံဟာ ဆိုလို့ရှိရင် ဖွံ့ဖြိုးတိုးတက်မှုမှာ ကမ္ဘာကြီး တစ်ခုလုံးနဲ့ နှိုင်းယှဉ်ဖို့ မပြောနဲ့။ ကျွန်မတို့ဒေသအတွင်းမှာ တောင်နောက်ကျ ကျန်ရစ်ခဲ့တယ်ဆိုတာ အများအသိပါပဲ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
သို့သော် နောက်ကျကျန်ရစ်ခဲ့ခြင်းသည် အားလုံးအတွက်ဖြစ်ကြောင်း၊ ရှေ့က သွားနေသည့် နိုင်ငံများထံမှ သင်ခန်းစာယူနိုင်မည် ဖြစ်ကြောင်း၊ “ဘာကိုရှောင်ရမည်။ ဘာကိုဆောင်ရမည်၊ ဘယ်လိုကိစ္စများတွင် အတုခိုးသင့်သည်၊ ဘယ်လိုကိစ္စများတွင် သင်ခန်းစာယူ၍ ကြိုးစားသင့်သည်” ဆိုသည်ကို လေ့လာ၍ အခွင့်အရေးကောင်း တစ်ခုကဲ့သို့ မြင်လာရန်အတွက် အားသာချက်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။