(၁)
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုအရ ဒုတိယအကြိမ်ကျင်းပတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ NYDC Town Hall 2 ကို NYDC က CEO ဦးသိမ်းဝေ (ခ) Serge Pun၊ စိမ်းလန်းအမိမြေ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူနဲ့ Sandhi Governance Institute က ဦးခိုင်ဝင်းတို့အပါအဝင် Penalists လေးဦးထဲက တစ်ဦးအဖြစ် ပါဝင်ဆွေးနွေးပေးဖို့ စီမံကိန်းကို ဦးဆောင်လုပ်ကိုင်နေတဲ့ New Yangon Development ကုမ္ပဏီရဲ့ ဖိတ်ကြားမှုအရ မတ် ၆ ရက်မှာ သွားရောက်ပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။
ပွဲအတွက် စတင်ဖိတ်ကြားစဉ်မှာ မေးခွန်းတွေမေးနိုင်တယ်။ ဆွေးနွေးနိုင်တယ်ဆိုတဲ့အတွက်ကြောင့်လည်း ဒီပွဲကိုတက်ခဲ့တာဖြစ်သလို ရန်ကုန်မြို့သစ်စီမံကိန်းဟာ လွှတ်တော်မှာတောင် တင်ပြဆွေးနွေးမှုမရှိတာနဲ့ ပြည်သူတွေကိုယ်စား ဖြေပေးမယ်သူ ပျောက်ရှနေတာကြောင့်လည်း ဆွေးနွေးပွဲဖိတ်ကြားမှုကို တက်ရောက်ဖြစ်တာဖြစ်ပါတယ်။
အများပြည်သူအတွက် သိအောင်လုပ်နေတယ်ဆိုပေမဲ့ မီဒီယာသမားတွေကို သတင်းဓာတ်ပုံရိုက်ခွင့်၊ ရုပ်သံလွှင့်ခွင့် အကန့်အသတ်လုပ်ထားတာ မြင်ရသလို ဆွေးနွေးပွဲမှာလည်း ဒီလို NYDC Town Hall တွေဟာ ပြည်သူတွေသိရှိ အကြံပြုဖို့လုပ်နေတာလား။ ဒီလိုပွဲတွေ ကျင်းပထားပါတယ်ဆိုတဲ့ အရေအတွက်လိုချင်လို့ လုပ်နေတာလားလို့ မေးခွန်းထုတ်သံကြားရတော့ တိုင်းပြည်အတွက် တကယ်အရေးကြီးတဲ့ မြို့သစ်စီမံကိန်း လုပ်ဆောင်မှုရဲ့ ပွင့်လင်းမြင်သာမှုအားနည်းပြီး လက်သိပ်ထိုးလုပ်ဆောင်နေမှုကို ပြည်သူတွေ မြင်သိစေခဲ့တာ တွေ့ရပါတယ်။
ဆွေးနွေးပွဲမှာတော့ ဦးသိမ်းဝေဟာ ရန်ကုန်မြို့သစ်စီမံကိန်းဟာ အလုပ်အကိုင်အခွင့်အလမ်း နှစ်သန်းဖန်တီးပေးမှာ ဖြစ်ကြောင်း၊ စီမံကိန်းကို နိုင်ငံတကာက ကုမ္ပဏီတွေ ဝင်ရောက်ယှဉ်ပြိုင်စေချင်ပေမဲ့ တရုတ်ကလွဲပြီး တခြားမရှိပါကြောင်း၊ လူတွေကြားမှာ ထင်မှတ်မှားနေတဲ့ ဘဏ်တိုး ၁၃ ရာခိုင်နှုန်းဆိုတာ မဟုတ်ဘဲ Internal Rate of Return ၁၃ ရာခိုင်နှုန်းသာ ဖြစ်ပါကြောင်း ကိစ္စတွေကို ဦးစားပေးပြီး ပြောခဲ့တာ တွေ့ရပါတယ်။
(၂)
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးမြင့်ဆွေဟာ ၂၀၁၄ ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ဆောင်မှာဖြစ်ကြောင်း၊ မြန်မာ့စေတနာမြို့သစ်အများပိုင် ကုမ္ပဏီက လုပ်ဆောင်မှာဖြစ်ကြောင်းနဲ့ ဒီကုမ္ပဏီကို ရွေးချယ်ထားပြီး မြေဧကပေါင်း ၃၀၀၀၀ ပေါ်မှာ မြို့သစ်တည်ဆောက်သွားမှာဖြစ်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်းကို အဲဒီအချိန်မှ ရုတ်တရက်ပေါ်လာတဲ့ မြန်မာ့စေတနာ မြို့သစ်အများပိုင်ကုမ္ပဏီက တည်ဆောက်မယ်လို့ ဦးမြင့်ဆွေက သဝဏ်လွှာပေးပို့ချိန်မှာ ဒီကုမ္ပဏီရဲ့ နောက်ကွယ်က တရုတ်လုပ်ငန်းရှင်တွေ ပါနေတယ်လို့ ပြည်သူတွေသိခဲ့ရတဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေကနေ ဒီစီမံကိန်းမှာ ငွေမည်းခဝါချနိုင်မှု၊ မြေစျေးကစားမှု၊ ကုမ္ပဏီတစ်ခုတည်းကို တင်ဒါမခေါ်ဘဲ လုပ်ခွင့်ပြုတဲ့အတွက် ပွင့်လင်းမြင်သာမှုမရှိတာနဲ့ တရုတ်လုပ်ငန်းရှင်တွေက နောက်ကွယ်က ပါဝင်နေတယ်ဆိုတာတွေကြောင့် အချုပ်အခြာအာဏာကို ထိပါးလာနိုင်တဲ့ အခြေအနေတွေအပေါ် ဝေဖန်ခဲ့ကြပါတယ်။ အဲဒီလို ဝေဖန်ခဲ့သူတွေထဲမှာ လက်ရှိအချိန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်ခဲ့ပြီး မြို့သစ်တစ်ခုတည်ဆောက်မယ့် စီမံကိန်းကို တင်ဒါမခေါ်ဘဲ ကုမ္ပဏီတစ်ခုတည်း ပေးခဲ့တာဟာ ပွင့်လင်းမြင်သာမှု ကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် အဲဒီအချိန်က တာဝန်ယူခဲ့တဲ့ ဦးသိန်းစိန်အစိုးရ တက်လာခါစ ကတိစကားတွေနဲ့ ကွဲလွဲနေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က “ဒီအစိုးရ စတက်ကတည်းကပြောနေတာ။ Good Governance ဆိုတာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုဆိုပြီးတော့ ခုကျတော့ပွင့်လင်းမြင်သာမှု မရှိဘူးလို့ဆိုရင် အဲဒီသဘောတရားကို လက်လျှော့လိုက်ပြီလား” လို့ ဝေဖန် မေးခွန်းထုတ်ကြောင်း RFA သတင်းဌာနက ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ ဖြေဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံက နောက်ကွယ်က ပါဝင်ပတ်သက်နေတဲ့ ဒီရန်ကုန်မြို့သစ်စီမံကိန်းဟာ ဝေဖန်မှုတွေကြောင့် နောက်ဆုံးမှာ ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေးကုမ္ပဏီ၊ Business Capital City Development ကုမ္ပဏီနဲ့ ရွှေပုပ္ပားအပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီသုံးခုကို ရွေးချယ်ပြီး အစိုးရ အကူးအပြောင်းမှာတော့ ဒီစီမံကိန်း ခေတ္တရပ်ဆိုင်းခဲ့သလို လက်ရှိရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလက်ထက်မှာတော့ အရင်အစိုးရလက်ထက် ဒီကုမ္ပဏီသုံးခုကို ပယ်ဖျက်ပြီး စီမံကိန်းအတွက် New Yangon Development ကုမ္ပဏီ ထူထောင်လိုက်တဲ့အပြင် တရုတ်အစိုးရရဲ့ CCCC (China Communications Construction Company နဲ့ Framework လက်မှတ် ရေးထိုးလိုက်ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒီစီမံ ကိန်းကို မြန်မာ့စေတနာမြို့သစ်အများပိုင် ကုမ္ပဏီကိုတင်ဒါမခေါ်ဘဲ ပြိုင်ဘက်မရှိ ရွေးရွေးချယ်ခဲ့တာကြောင့် ပွင့်လင်းမြင်သာမှု မရှိတဲ့အစိုးရလို့ ဝေဖန်ခဲ့တဲ့သူတွေက ကိုယ့်အလှည့်ကျတော့ ဘာကြောင့်များ CCCC ကို တင်ဒါမခေါ်ဘဲ ရွေးချယ်ခဲ့သလဲဆိုပြီး မေးခွန်းထုတ် ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် CCCC ဟာ NYDC CEO ဦးသိမ်းဝေနဲ့ ရင်းနှီးတယ်လို့ ကြားသိရပြီး ဒီကုမ္ပဏီတစ်ခုတည်းကို တင်ဒါမခေါ်ဘဲ ပေးလိုက်တဲ့ အခြေအနေတွေအပေါ် မေးမြန်းရာမှာ ဦးသိမ်းဝေက CCCC ကုမ္ပဏီနဲ့ သူသိရှိမှုမရှိကြောင်းနဲ့ ဒီကုမ္ပဏီဟာ အရင်အစိုးရ လက်ထက်ကတည်းက ဒီစီမံကိန်းရဲ့ နောက်ကွယ်က ပါဝင်နေတဲ့ ကုမ္ပဏီဖြစ်တယ်လို့ ဦးသိမ်းဝေက ဖြေဆိုခဲ့ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီကို တင်ဒါမခေါ်ဘဲ ပြိုင်ဘက်မရှိ လုပ်ခွင့်ပေးခဲ့ချိန်မှာ တရုတ်ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေက နောက်ကွယ်ကပါဝင်နေတယ်လို့ ရန်ကုန်မြို့သစ်စီမံကိန်းစတင်စမှာ သတင်းထွက်ခဲ့တာကြောင့် အချုပ်အခြာအာဏာအတွက် မေးခွန်းထုတ်ခဲ့ရချိန်မှာ တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီက နောက်ကွယ်က မရိုးမသားပါဝင်ခဲ့ကြောင်း ဦးသိမ်းဝေရဲ့ စကားအရ သိခဲ့ရသလို ဒီလိုပါဝင်နေခြင်းဟာ ရန်ကုန်မြို့သစ်ကို ထိန်းချုပ်လုပ်ကိုင်ခွင့်ရဖို့ဆို ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် လုပ်မယ်ဆိုတဲ့ CCCC ရဲ့ခံယူ မှုကိုလည်း မြင်သာစေသလိုဖြစ်ခဲ့ပြီး ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ဘာကြောင့် ဒီလိုမရိုးမသား နောက်ကွယ်က ပါဝင်ခဲ့တဲ့ CCCC ကုမ္ပဏီကို လက်ရှိအစိုးရက ရွေးခဲ့တာလည်းဆိုတာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ နောက်ကွယ်မှာ အရင်က CCCC ကုမ္ပဏီနောက်ကွယ်က ရပ်ခဲ့တာလို့ ဦးသိမ်းဝေသိမယ်ဆို ရင်စီမံကိန်းကို အဓိကလုပ်ဆောင်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း မသိစရာအကြောင်း မရှိတာကြောင့်မို့လို့ ဒီ CCCC ကုမ္ပဏီကို ဘာ့ကြောင့်ရန်ကုန်မြို့သစ် ပေးရတာလဲဆိုတဲ့ ဖြေရှင်းချက်နဲ့ အချုပ်အခြာအာဏာကို ထိပါးနိုင်မှုရှိမရှိဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်သူတွေကို မဖြစ်မနေ ဖြေဆိုပေးဖို့ လိုအပ်လာတဲ့ အခြေအနေကို ဖော်ညွှန်းခဲ့ပါတယ်။
(၃)
CCCC ကို ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ကိုင်ခွင့်ပေးလိုက်တယ်ဆိုတဲ့ အမြင်အပေါ်မှာ ဦးသိမ်းဝေက ငြင်းဆိုပြီး ဒီစီမံကိန်းကို CCCC က မရသေးဘဲ NYDC Challenge မှာ အနိုင်ရတဲ့ ကုမ္ပဏီက လုပ်ကိုင်ခွင့်ရမှာလို့ ဖြေဆိုခဲ့ပါတယ်။
ပြိုင်ဘက်မရှိ တင်ဒါမခေါ်ဘဲ CCCC လက်ထဲ ရန်ကုန်မြို့သစ် ပေးထားလိုက်ပေမဲ့၊ NYDC Challenge ဆိုပြီး တစ်ဆင့်ခံထားပေမဲ့ ဒီစီမံကိန်းဟာ CCCC ပဲ ရမှာဖြစ်ပြီး သူ့ကို ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေကို ဖန်တီးမထားတာ တွေ့မြင်ရကြောင်း ဦးသိမ်းဝေကို ထောက်ပြဆွေးနွေးခဲ့ပါတယ်။
ဘာကြောင့် ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်အစိုးရရဲ့ CCCC က ရကိုရမှာလဲဆိုရင် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြားမှာ သဘောတူညီထားပြီးဖြစ်တဲ့ တရုတ်ရဲ့မဟာဗျုဟာစီမံကိန်းဖြစ်တဲ့ Belt and Road Initiative မှာ မြန်မာနိုင်ငံပါဝင်ဖို့ နှစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေအကြားမှာ သဘောတူပြီးဖြစ်သလို ဒီပိုးလမ်းမ မဟာဗျုဟာစီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကိုလည်း မြန်မာနိုင်ငံသဘော တူလက်မှတ်ထိုးထားပြီးဖြစ်တာနဲ့ မန္တလေးကို ဗဟိုပြုပြီး ကျောက်ဖြူနဲ့ ရန်ကုန်မြို့သစ်ကို ချိတ်ဆက်မယ့် ဒီစီမံကိန်းရှိနေတာမို့လို့ ရန်ကုန်မြို့သစ်စီမံကိန်းမှာ NYDC Challenge ဆိုပြီး တစ်ဆင့်ခံထားပေမဲ့ တရုတ်အစိုးရရဲ့ မဟာဗျုဟာနဲ့ ချိတ်ဆက်နေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းမှာ တရုတ်အစိုးရရဲ့ CCCC ကို အပေါ်စီးကနေခွင့်ပေးထားပြီး ဖြစ်တာနဲ့ သူ့ကို ဘယ်သူမှ ပြိုင်နိုင်သူမရှိတဲ့ အခြေအနေကြောင့် CCCC ကပဲ ရသွားမယ်လို့ ဆွေးနွေးခဲ့ပါတယ်။
အခြားတစ်ဖက်က ကြည့်မယ်ဆိုရင်လည်း ဒီစီမံကိန်းရဖို့အတွက် နောက်ကွယ်ကနေ မရိုးမသား ပါဝင်ခဲ့တဲ့ CCCC ဟာ တရားဝင် ပါဝင်ခွင့်ရချိန်မှတော့ ဘယ်လိုမှ လက်လွတ်ခံမဲ့ အခြေအနေမဟုတ်တာကို မြင်ရပါမယ် ။ CCCC ရဲ့ နိုင်ငံတကာရပ်တည်မှုကို ကြည့်မယ်ဆိုရင်လည်း ဒီလိုမျိုး မရိုးမသားလုပ်ခဲ့တဲ့ အခြေအနေမျိုးတွေရှိခဲ့လို့ ၂၀၁၇ ခုနှစ်ကျမှ လာဘ်ပေးလာဘ်ယူ Blacklist က လွတ်ခဲ့တာဖြစ်ပါတယ်။ CCCC ကုမ္ပဏီ နာမည်ပျက်စာရင်းသွင်းခံနေရတဲ့ကာလဟာ မြန်မာနိုင်ငံမှာ ရန်ကုန်မြို့သစ်စီမံကိန်း စတင်နေချိန်နဲ့ နောက်ကွယ်က ပါဝင်နေချိန် တစ်ထပ်တည်းဖြစ်နေသလို ဒီလိုနာမည်ပျက်ရှိနေတဲ့ ကုမ္ပဏီကို ရွေးချယ်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ကာလက တာဝန်ရှိသူတွေနဲ့ လက်ရှိအချိန်မှာ CCCC ကို ဆက်လက်ရွေးချယ်ခဲ့သူတွေဟာ ဘာကြောင့် ဒီ CCCC ကို ရွေးရပါတယ်ဆိုတာ ပြည်သူတွေ အမြင်ရှင်းအောင် စိစစ်သင့်ပါတယ်။ ဦးသိမ်းဝေက CCCC ကုမ္ပဏီ Blacklist အတွက် သူတာဝန်ယူတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းဟာ ဦးသိမ်းဝေပိုင်ဆိုင်တဲ့ မြေကွက်ပေါ်မှာ သူ့သဘောတူညီချက်နဲ့ လုပ်ဆောင်မယ့် စီမံကိန်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ပင်လယ်ထွက်ပေါက်နေရာနဲ့ မြန်မာနိုင်ငံပိုင်ဆိုင်တဲ့ မြေဧကပေါင်း ၁၆၈၀၀၀ မှာ လုပ်ဆောင်ဖို့အထိ ကြံရွယ်ထားတဲ့ စီမံကိန်းပါ။
အခြားတစ်ဖက်မှာလည်း တရုတ်နိုင်ငံရဲ့ ပါဝင်ဆက်နွှယ်နေမှုကြောင့် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုလည်း ထိပါးမယ့် အခြေအနေဖြစ်နေတာမို့လို့ CCCC ကို ဘယ်သူက၊ ဘာကြောင့်၊ ဘယ်လိုရွေးခဲ့တယ် ဆိုတာဟာ ပြည်ထောင်စုအစိုးရကတင်မက CCCC မှာ ဖြစ်ခဲ့တဲ့ Blacklist အခြေအနေ၊ နောက်ကွယ်ကနေ ပါဝင်ခဲ့တယ်ဆိုတဲ့ အခြေအနေတွေအတွက် လာဘ်ပေးလာဘ်ယူမှု ရှိ မရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကပါ စုံစမ်းစစ်ဆေးပြီး ပြည်သူအမြင်ရှင်းအောင်၊ နိုင်င့ံအချုပ်အခြာအာဏာ ထိပါးခံရနိုင်မှု ကာကွယ်နိုင်အောင် လုပ်ဆောင်သင့်တဲ့ အခြေအနေပါ။
(၄)
CCCC နဲ့ ပတ်သက်ရင် ရှင်းလင်းမှုမရှိတဲ့ ဒွိဟအခြေအနေတစ်ခုကလည်း မြင်နေရပါတယ်။ အဲဒါကတော့ ဒီစီမံကိန်းကို လွှတ်တော်မှာ ချပြဆွေးနွေးမှု မရှိတဲ့ အခြေအနေပါ။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ဒီစီမံကိန်းဟာ အရင်အစိုးရ၊ အရင်လွှတ်တော်က အတည်ပြုပေးထားတဲ့ စီမံကိန်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ JICA ရဲ့ Master Plan မှာ ဒီစီမံကိန်းဟာ ပထမဦးစားပေးမဟုတ်သလို စီမံကိန်းအတွက် အရင်အစိုးရလက်ထက်က ရွေးခဲ့တဲ့ ကုမ္ပဏီသုံးခုကိုလည်း ပယ်ဖျက်လိုက်ပြီး CCCC ကို အခြေတည်ရွေးထားတဲ့ ပြောင်းလဲမှုတွေ အများကြီးပါ။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးနိုင်မှုကလည်း မေးခွန်းထုတ်စရာဖြစ်နေတဲ့အတွက် ဒီစီမံကိန်းဟာ လွှတ်တော်ကို မဖြစ်မနေ ပြန်လည်တင်ပြဖို့ လိုအပ်ပါတယ်။ ပြည်သူ့သဘောထားဆန္ဒကိုလည်း တောင်းခံရယူဖို့ လိုအပ်ပါတယ်။
အစိုးရဆန္ဒသဘောထားနဲ့လုပ်ခဲ့လို့ တစ်ချိန်မှာ ပြည်သူအားလုံးက ကန့်ကွက်ကြမယ်ဆိုရင်၊ မြစ်ဆုံစီမံကိန်းလိုမျိုး ရှေ့တိုးရ ခက်၊ နောက်ဆုတ်ရခက်အခြေအနေအထိ ဖြစ်လာမယ်ဆိုရင် နစ်နာမှာက တိုင်းပြည်နဲ့ ပြည်သူဖြစ်ပြီး နောင်တစ်ချိန်တာဝန်ယူမယ့် အစိုးရက ခေါင်းခံဖြေရှင်းရမှာပါ။ မြစ်ဆုံစီမံကိန်းဟာ ပထဝီနိုင်ငံရေးနဲ့ မြန်မာနိုင်ငံရဲ့ ရာခိုင်နှုန်း ၇၀ လောက် ထိတွေ့နေတာမို့လို့ တိုင်းပြည်အတွက် အရေးကြီးသလို ရန်ကုန်မြို့သစ်စီမံကိန်းဟာ ပထဝီစီးပွားရေး၊ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့အပြင် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကိုပါ ထိပါးလာမှာမို့လို့ လွှတ်တော်အတွင်းမှာ မဖြစ်မနေပြန်ပြီး ဆွေးနွေးရမှာပါ။
လွှတ်တော်မှာ ဆွေးနွေးမယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တင်မကဘဲ ပြည်ထောင်စုလွှတ်တော်အဆင့်အထိ တင်ပြဆွေးနွေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လို အပ်လဲဆိုရင် စီမံကိန်းရဲ့ အကြမ်းဖျင်းမြှုပ်နှံမှုက ဒေါ်လာငါးဘီလျံအထိ ရှိမယ်လို့တွက် ဆထားပြီး First Phaste မှာတင် မြှုပ်နှံမယ့် ပမာဏဟာ ဒေါ်လာသန်း ၁၆၈၀ အထိ ဖြစ်နေလို့ပါ။ လက်ရှိတည်ဆဲဥပဒေအရ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေဟာ ဒေါ်လာငါးသန်းအထိပဲ ခွင့်ပြုနိုင်တာဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းဟာ ဒေါ်လာငါးဘီလျံအထိ ကုန်ကျမှာမို့လို့ တိုင်းဒေသကြီးအစိုးရရဲ့ လုပ်ပိုင်ခွင့်ဘောင်က ကျော်နေတာကို မြင်ရမှာပါ။ ဒီလိုမျိုး လုပ်ပိုင်ခွင့်ဘောင်ကျော်နေတာကို ဘာကြောင့် လွှတ်တော်မတင်တာလဲ။ ဘာကြောင့် CCCC ကို ရွေးခဲ့တာလဲ။ ဘာကြောင့် NYDC Challenge ခေါ်ဆိုဖို့အထိ ဖြစ်လာသလဲဆိုတာတွေကို ပြည်ထောင်စုလွှတ်တော်နဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အကျေအလည် ဆွေးနွေးမေးခွန်းထုတ်ဖို့ လိုအပ်ပါတယ်။
(၅)
တိုင်းပြည်ရဲ့ အချက်အခြာကျတဲ့ နေရာ၊ ဧကသိန်းပေါင်းများစွာကို နာမည်ပျက်ရှိခဲ့တဲ့ CCCC ကုမ္ပဏီ လက်ထဲထိုးထည့်ပေးနေတာ နှုတ်ဆိတ်နေလို့ မရသလို ရပ်ကြည့်နေလို့လည်း မရပါဘူး။ ဒီနေရာမှာ ဘာလို့ အချုပ်အခြာအာဏာထိပါးတယ်လို့ ပြောနေရတာလဲဆိုရင် NYDC CEO ဦးသိမ်းဝေရဲ့ ပြောကြားမှုကြောင့် ပြောရတာဖြစ်ပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်းလုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီဟာ ရေရောင်းမယ်၊ ရေဆိုးသန့်စင်မှု၊ စက်မှုဇုန်မြေတွေ ရောင်းချချိန်နဲ့ နေအိမ်ဆောက်လုပ်ချိန်မှာ ပိုက်ဆံရမယ်လို့ ဦးသိမ်းဝေက ဖြေဆိုခဲ့ပြီး ဒီလိုရန်ကုန်မြို့သစ် ငွေကြေးကောက်ခံမှုတွေအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ထိန်းကျောင်းမှုအောက်ကနေ သွားမှာလား၊ ရန်ကုန်မြို့သစ်စည်ပင်ကနေ သွားမှာလားဆိုတာကို မေးခွန်းထုတ်ချိန်မှာ ဦးသိမ်းဝေက CCCC ဒါမှမဟုတ် NYDC Challenge မှာ အနိုင်ရတဲ့ ကုမ္ပဏီနဲ့ NYDC တို့က ထူထောင်မယ့် Joint Venture ကုမ္ပဏီကနေ သွားမှာလို့ ဦးသိမ်းဝေက ဖြေဆိုခဲ့ပါတယ်။
ဒီနေရာမှာ စဉ်းစားသင့်တာ CCCC ကုမ္ပဏီက သီရိလင်္ကာနိုင်ငံမှာ လုပ်နေတဲ့ ဆိပ်ကမ်းမြို့တော်စီမံကိန်းလိုမျိုး ချွတ်စွပ်ဖြစ်နေပြီလားဆိုတာပါ။ အဲဒီသီရိလင်္ကာရဲ့ မြို့သစ်စီမံကိန်းကို လုပ်ဆောင်နေတာကလည်း CCCC ကုမ္ပဏီပဲ ဖြစ်နေပါတယ်။ ကိုလံဘိုဆိပ်ကမ်းမြို့တော်စီမံကိန်း Colombo Port City အတွက် CCCC ကုမ္ပဏီရဲ့ လက်အောက်ခံChina Harbor Engineering Company – CHEC က စီမံကိန်းကုမ္ပဏီ Project Company PC ကို ထူထောင်ပြီး အကောင်အထည်ဖော်တာပါ။ CHEC ကုမ္ပဏီဟာ ဆိပ်ကမ်းမြို့တော် တည်ဆောက်ဖို့ အိန္ဒိယသမုဒ္ဒရာထဲက ကုန်းမြေကို သယ်ယူပြီး သီရိလင်္ကာပင်လယ်ကမ်းစပ်ကို မြေဖို့တဲ့မြေသစ်ဖော်ထုတ်မှုရဲ့ ကုန်ကျစရိတ်တွေကို ကျခံမှာဖြစ်ပြီး ဒီလိုကျခံမှုအတွက် အသစ်ဖော်ထုတ်လိုက်တဲ့ မြေဧရိယာစုစုပေါင်း ၂၃၃ ဟက်တာကနေ စျေးကွက်တင်ရောင်းချနိုင်တဲ့ မြေဧရိယာ ၁၀၈ ဟက်တာကို စီမံကိန်းကုမ္ပဏီ PC က ရယူမှာပါ။ ကျန်တဲ့ အချက်အချာမကျတဲ့ မြေနေရာ အများစုကိုပဲ သီရိလင်္ကာက ရမှာပါ။ ဒီဆိပ်ကမ်းမြို့တော်စီမံကိန်းမြေသစ်မှာ ၂၀ ဟက်တာကို စီမံကိန်းကုမ္ပဏီ PC က ဘိုးဘွားပိုင်မြေ Freehold Land အဖြစ် အပြီးအပိုင်ရရှိမှာဖြစ်ပြီး ကျန် ၈၈ ဟက်တာကို PC ကပဲ စုစုပေါင်း ၁၃၄ နှစ် ငှားရမ်းစာချုပ်နဲ့ ပိုင်ဆိုင်ခွင့် ရရှိသွားမှာ ဖြစ်တာမို့လို့ ဒီဆိပ်ကမ်းမြို့သစ်ပိုင်မြေ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို CHEC လက်အောက်ခံ စီမံကိန်းကုမ္ပဏီက အပြီးအပိုင် ရရှိမယ့်သဘောပါ။ ကိုလံဘိုဆိပ်ကမ်းမြို့တော်ဟာ ရန်ကုန်မြို့သစ်စီမံကိန်းလို တရုတ်ရဲ့ BRI ခေတ် သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှုမှာ ပါဝင်တဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ စတင်ဆောက်လုပ်ခဲ့တဲ့ ဒီမြို့သစ်အတွက် လက်ရှိမှာမြေနေရာ တည်ဆောက်ပုံတွေ၊ အခြေခံအဆောက်အအုံဆိုင်ရာ အုတ်မြစ်ချမှုတွေ လုပ်ထားနိုင်ပြီး စီမံကိန်းတစ်ခုလုံးပြီးစီးဖို့ ကြာချိန်က ၂၅ နှစ်ပါ။ ခန့်မှန်းကုန်ကျငွေက ဒေါ်လာ ၁၅ ဘီ လျံဖြစ်ပြီး သီရိလင်္ကာရဲ့ Hanbantota ဆိပ်ကမ်းကို တရုတ်လက်ထိုးအပ်လိုက်ရသလိုမျိုး သီရိလင်္ကာနိုင်ငံသားတွေက ပူပန်နေရတဲ့အပြင် CCCC နဲ့ CHEC ဟာ တရုတ်အစိုးရနဲ့ဆက်နွှယ်တဲ့ ကုမ္ပဏီတွေဖြစ်လို့ သီရိလင်္ကာနိုင်ငံသားတွေဟာ သူတို့ရဲ့ အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးရမှာကို စိုးရိမ်ပူပန်နေရတဲ့ အခြေအနေပါ။
သီရိလင်္ကာလိုမျိုး ဥပမာရှိနေချိန်မှာ မြန်မာနိုင်ငံဟာ သူတို့နိုင်ငံရဲ့အမှားကို အတုယူမပြုပြင်နိုင်တဲ့အပြင် CCCC ရဖို့များနေတဲ့ ရန်ကုန်မြို့သစ်ကို JV ကုမ္ပဏီနဲ့ အုပ်ချုပ်သွားမယ်လို့ ပြောဆိုမှုကြောင့် မြန်မာနိုင်ငံဟာ တရုတ် CCCC ဒါမှမဟုတ် တခြားနိုင်ငံက ကုမ္ပဏီတစ်ခုက ကိုယ်ပိုင်မြို့ပြဥပဒေနဲ့ အုပ်ချုပ်မယ့်မြို့သစ်တစ်ခု အရေးတကြီးလိုနေပြီလားဆိုတာ စဉ်းစားဖို့လိုပါတယ်။
NYDC Challenge မှာ နိုင်တဲ့ကုမ္ပဏီ ဒါမှမဟုတ် တရုတ် CCCC နဲ့ NYDC က ရန်ကုန်မြို့သစ်အတွက် JV ကုမ္ပဏီထောင်ပြီး မြို့ပြဥပဒေသစ်နဲ့ အုပ်ချုပ်မယ်ဆိုရာမှာလည်း တကယ်ထိန်းချုပ်မှာက ရှယ်ယာအများစုထည့်ရမယ့် CCCC ကုမ္ပဏီဘက်ကပါ။ ဦးသိမ်းဝေအပြောအရဆိုရင် ရန်ကုန်မြို့သစ်စီမံကိန်းမှာ CCCC ဒါမှမဟုတ် NYDC Challenge မှာ CCCC ကိုပြိုင်ပြီး နိုင်တဲ့ကုမ္ပဏီနဲ့ Joint Venture လုပ်မယ်။ ကုမ္ပဏီဘက်က ဒေါ်လာသန်း ၁၆၈၀ စိုက်ထုတ်မယ်။ အဲဒီစိုက်ထုတ်တဲ့ ဒေါ်လာသန်း ၁၆၈၀ ကို IRR ၁၃ ရာခိုင်နှုန်းနဲ့တွက်ပြီး အရင်းကျေကာလ ၁၅ နှစ်သတ်မှတ်ထားတယ်။ ဒီ ၃၀ သတ်မှတ်ထားတယ်။ အနှစ် ၃၀ အတွင်းမှာ CCCC က သန်း ၁၆၈၀ နဲ့ IRR ၁၃ ရာ ခိုင်နှုန်းတွက်ယူနေပြီး အရင်းနဲ့ IRR ပြန်မရသေးတဲ့ အခြေအနေမျိုးမှာ CCCC က ဝင်ငွေရဲ့ ၉၅ ရာခိုင်နှုန်းအထိယူပြီး မြန်မာနိုင်ငံက ငါးရာခိုင်နှုန်းပဲရမယ်။ အရင်းငွေဖြစ်တဲ့ ဒေါ်လာသန်း ၁၆၈၀ နဲ့ ဒီငွေအပေါ် IRR ၁၃ ရာခိုင်နှုန်းပါကျေမှ မြန်မာက ၂၅ ရာခိုင်နှုန်းနဲ့ CCCC က (နိုင်တဲ့ကုမ္ပဏီက) ၇၅ ရာခိုင်နှုန်းယူမယ်ဆိုတာ သိရပါတယ်။
ဒေါ်လာ သန်း ၁၆၈၀ အရင်းရော သူတို့အတွက် တွက်ထားတဲ့ IRR ၁၃ရာခိုင်နှုန်းပါ ရသွားပြီးတာတောင် ရန်ကုန်မြို့သစ်အတွက် မြေများစွာစိုက်ထုတ်ထားတဲ့ မြန်မာနိုင်ငံက ၂၅ ရာခိုင်နှုန်းပဲ ဆက်ရနေမယ်ဆိုတာ မမျှတတာကို မြင်ရသလို ၇၅ ရာခိုင်နှုန်းအထိ ရယူသွားမယ့် တရုတ် CCCC က (နိုင် တဲ့ကုမ္ပဏီက) ရန်ကုန်မြို့သစ်ကို လုံးဝလက်မလွှတ်ချင်ဘဲ သူဖွဲ့စည်းတဲ့ ရန်ကုန်မြို့သစ်အာဏာပိုင်အဖွဲ့အစည်းမှာ အဓိကနေရာကိုပဲ ဆက်ယူထားပြီး ရန်ကုန်မြို့သစ်ရဲ့ အချုပ်အခြာအာဏာကို သူတို့ကပဲအမြဲတမ်း ထိန်းကျောင်းပြီး အသာစီးရယူနိုင်ဖို့အတွက် ပြင်ဆင်ထားတာကို တွေ့မြင်ရပါတယ်။
သေချာတာကတော့ မြန်မာနိုင်ငံဟာ တရုတ် CCCC ကုမ္ပဏီ၊ ပြည်ပကုမ္ပဏီတစ်ခုခုက ထိန်းချုပ်သွားမယ့် ရန်ကုန်မြို့သစ်တစ်ခု လုံးဝမလိုအပ်သေးပါဘူး။ ရန်ကုန်မြို့သစ်ရဲ့ အချုပ်အခြာအာဏာကို တရုတ် CCCC ကုမ္ပဏီ၊ ပြည်ပကုမ္ပဏီတစ်ခုခုက ထိန်းချုပ်သွားမယ့် လက်ရှိ မြို့သစ်စီမံကိန်းဟာ လုံးဝရပ်ဆိုင်းဖို့ လိုအပ်သလို ပြည်သူအားလုံးဆန္ဒ၊ လွှတ်တော်တွင်းဆွေးနွေးမှု၊ အားလုံးတူညီသဘောတူပြီးမှ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိပါးနိုင်တဲ့ အခြေအနေကျမှ ရန်ကုန်မြို့သစ်စီမံကိန်းဟာ ဆက်လုပ်သင့်တာပါ။
(၆)
ဒေါ်လာသန်း ၁၆၈၀ နဲ့ IRR ၁၃ ရာ ခိုင်နှုန်း၊ အလုပ်အကိုင်အခွင့်အလမ်းပေါင်း နှစ်သန်းဆိုတဲ့ တွက်ချက်မှုတွေကို ဦးသိမ်းဝေတွက်ပြရာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လာရင်ဆိုတဲ့ အိပ်မက်အပေါ် အခြေခံပြောခဲ့တာကို တွေ့ရပါတယ်။
စက်မှုဇုန်ထောင် မြေတွေရောင်းမယ်။ စက်မှုဇုန်မှာ အလုပ်သမားတွေ အများကြီးခန့်နိုင်မယ်။ CCCC က လုပ်ခွင့်ရမယ့် လုပ်ငန်းခြောက်မျိုးမှာ သုံးမျိုးကရတဲ့ငွေနဲ့ ရန်ကုန်မြို့သစ်ကြီးဟာ ဝင်ငွေရ၊ အမြတ်ရမယ်ဆိုတဲ့ အခြေအနေကို တွေ့ရပါတယ်။
ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ထည့်စဉ်းစားထားတာ မတွေ့ရဘဲ စိတ်ကူးတွေ လျှောက်ပြောနေတာကို ဦးသိမ်းဝေအပြောမှာ မြင်ရပြန်ပါတယ်။ ရခိုင်အရေးကြောင့် နိုင်ငံတကာမှာ မျက်နှာငယ်၊ သိက္ခာကျနေတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကျဆင်းနေတာ NLD အစိုးရ တက်လာစကတည်းကလို့ ဆိုရမှာပါ။ ဦးသိန်းစိန်လက်ထက်က အခြေအနေကိုတောင် မမီတော့တဲ့ အခြေအနေမှာ ရန်ကုန်မြို့သစ်စီမံကိန်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာခဲ့ရင် မြှုပ်နှံထားတဲ့ ဒေါ်လာသန်း ၁၆၈၀ နဲ့ IRR (ရင်းနှီးမြှုပ်နှံမှုတစ်ခုမှာ သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်အားလုံးအပေါ် ပြန်လည်ရရှိမယ့် ရာခိုင်နှုန်း) ၁၃ ရာခိုင်နှုန်းက ရလာစရာအကြောင်း မရှိတော့ပါဘူး။
အခြားတစ်ဖက်မှာလည်း JV ကုမ္ပဏီက ရမယ့်မြေဟာ နည်းလွန်းတာကြောင့် သူ့ရဲ့ မြှုပ်နှံမှုနဲ့တွက်မယ်ဆိုရင် တစ်ဧကကို မြန်မာကျပ်ငွေ အနည်းဆုံး သိန်း ၃၀၀၀၊ အများဆုံးမှာ သိန်း ၅၀၀၀၊ ၆၀၀၀ ရှိမှ နေနိုင်မယ့် အခြေအနေဖြစ်နေတာကြောင့်မို့လို့ ဘာတစ်ခုမှ ဖွံ့ဖြိုးမှုမရှိသေးတဲ့အချိန်မှာ ဒီရန်ကုန်မြို့သစ်ဟာ မြေဝယ်ယူပြီးလာနေမယ့် မြန်မာနိုင်ငံသားအနည်းငယ်ပဲ ရှိပါလိမ့်မယ်။
စက်ရုံတွေလည်း မဝင်ဘူး။ မြေဝယ်ပြီး နေမယ့်သူလည်း မရှိဘူးဆိုရင် ရန်ကုန်မြို့သစ်ဟာ အရင်းကျေကာလ ၁၅ နှစ် သတ်မှတ်မှု မဖြစ်နိုင်တော့သလို Ghost City ကြီး ဖြစ်သွားမလား တွေးထင်စရာပါ။ Ghost City ကြီး ဖြစ်သွား မသွားဆိုတာထက် ပိုဆိုးတာက ဒေါ်လာ သန်း ၁၆၈၀ နဲ့ IRR ၁၃ ရာခိုင်နှုန်းသာ ပြန်မရဘူးဆိုရင် ဦးသိမ်းဝေတွက်ထားတဲ့ အရင်းကျေကာလ ၁၅ နှစ်သာ ဖြစ်မလာတော့ဘူးဆိုရင် အကျိုးအမြတ်ခွဲဝေမှုမှာ မြန်မာနိုင်ငံဟာ ငါးရာခိုင်နှုန်းနဲ့ တရုတ် CCCC က ၉၅ ရာခိုင်နှုန်း ခွဲဝေမှုအတိုင်းပဲ ဆယ်စုနှစ်ပေါင်းများစွာ ရှေ့ဆက်ရမယ့် အခြေအနေကို ကြိုတင်မြင်ဖို့ လိုအပ်ပါတယ်။
တစ်ဖက်မှာလည်း ဦးသိမ်းဝေက လုပ်သားနှစ်သန်းအိပ်မက်ကို ပြောပါသေးတယ်။ တကယ်တော့ လုပ်သားနှစ်သန်းဆိုတာက စက်ရုံတွေမှာ လာလုပ်မယ့် အလုပ်သမားတွေကိုပဲ ဦးသိမ်းဝေက တွေးထားတာပါ။ အဲဒီအတွက်လည်း တရုတ်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံအတွင်း လာလုပ်ကိုင်ရင် မီးစက်မောင်းတဲ့ဝန်ထမ်း၊ ကားဒရိုင်ဘာကိုတောင် တရုတ်နိုင်ငံသားတွေကို ခန့်ထားတယ်ဆိုတာတွေ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ခြောက်နှစ်အတွင်း စုစုပေါင်းအလုပ်သမားရဲ့ ၇၅ ရာခိုင်နှုန်းကို မြန်မာလုပ်သားပဲ ခန့်ရမယ်ဆိုတဲ့အချက် ပယ်ဖျက်ထားတာနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားအလုပ်သမားတွေကို ထိန်းချုပ်နိုင်မဲ့ ဥပဒေမရှိတာတွေကို ထောက်ပြခဲ့ပါတယ်။ တစ်ဖက်မှာလည်း ၂၀၂၀ ပြည့်နှစ်မှာ ပါဝင်ရတော့မယ့် အာဆီယံစီးပွားရေး အသိုက်အဝန်းကြောင့် မြန်မာအလုပ်သမားတွေ ရန်ကုန်မြို့သစ်စီမံကိန်းမှာ အလုပ်ရနိုင်မယ့် အခြေအနေအခွင့်အလမ်းက အရမ်းနည်းနေပြီး ဦးသိမ်းဝေပြောပြောနေတဲ့ အလုပ်အကိုင်အခွင့်အလမ်း နှစ်သန်းဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာ တွေ့ရပါတယ်။
အလုပ်အကိုင်အခွင့်အလမ်း နှစ်သန်းမရနိုင်တာထက် ပိုဆိုးတဲ့ အခြေအနေတွေကလည်း ရှိနေပြီး အဲဒါကတော့ ရန်ကုန်မြို့သစ် စီမံကိန်းမှာ စက်မှုဇုန်ထောင်မယ်ဆိုပေမဲ့ စက်မှုဇုန်လုပ်သားတွေအတွက် အိမ်ရာစီမံကိန်းမျိုး မတွေ့ရတဲ့အတွက် ကျုးကျော်တွေ သိန်းပေါင်းများစွာတိုးလာနိုင်တဲ့ အခြေအနေပါ။ စက်မှုဇုန်စပြီးတည်ထောင်ချိန်မှာ အလုပ်သမား ၅၀၀၀ လာလုပ်မယ်ဆိုရင် ဒီလိုအလုပ်သမား ၅၀၀၀ ရဲ့ မိသားစုကို တစ်အိမ်ထောင် လေးဦးနဲ့တွက်ရင် လူ ၂၀၀၀၀ ဖြစ် နိုင်ပါတယ်။ ရန်ကုန်မြို့မှာ စက်မှုဇုန်တွေ တည်ခဲ့တိုင်း လုပ်သားတွေအတွက် နေစရာ ဖန်တီးမထားနိုင်လို့ ကျုးကျော်တွေတိုးလာတဲ့ အားနည်းချက်နဲ့ ဦးသိမ်းဝေရဲ့ ရန်ကုန်မြို့သစ်မှာ လုပ်သားတစ်သိန်းဖြစ်လာရင် သူ့မိသားစုကြောင့် ကျုးကျော်ငါးသိန်းလောက် ဖြစ်လာနိုင်ပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် ကျုးကျော်တွေပိုများလာရင် လက်ရှိမှာ ရှိနေတဲ့ ကျုးကျော်အိမ်ထောင်စု တစ်သိန်းခွဲလောက်ရဲ့ လူငါးသိန်းနဲ့ပေါင်းမယ်ဆိုရင် ရန်ကုန်မြို့မှာ ကျူးကျော်သန်းနဲ့ချီဖြစ်လာပါမယ်။ ရှေ့မှာရှိနေတဲ့ ကျုးကျော်တွေအတွက်တောင် ဘာမှလုပ်မပေးနိုင်သေးတဲ့အခြေအနေမျိုးမှာ အလုပ်အကိုင် အခွင့်အလမ်းနှစ်သန်းဆိုပြီး ကျုးကျော်တွေ ပိုတိုးလာမယ့် အခြေအနေကို တွက်မထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ စိတ်ပျက်စရာအတိဖြစ်လာမှာပါ။
ဦးသိမ်းဝေဟာ အလုပ်အကိုင်အခွင့်အလမ်း နှစ်သန်းဆိုတဲ့ မဖြစ်နိုင်တဲ့အိပ်မက်အပြင် ရန်ကုန်မြို့သစ်မှာ အလုပ်အကိုင်ရှိသူတိုင်း နေနိုင်တယ်ဆိုတဲ့ မဖြစ်နိုင်တဲ့စကားကိုလည်း ပြောခဲ့ပါသေးတယ်။ အဲဒီလိုပြောတဲ့ စကားအတွက် စိမ်းလန်းအမိမြေဥက္ကဋ္ဌ ဦးဝင်းမျိုးသူက တစ်ဧက သိန်း ၅၀၀၀ ပေးဝယ်နိုင်မှ ရန်ကုန်မြို့သစ်မှာနေနိုင်မယ်လို့ ဆိုခဲ့ပါတယ်။ အလုပ်အကိုင်ရှိသူတိုင်းနေနိုင်မှာပါလို့ ဦးသိမ်းဝေပြောခဲ့တဲ့အတွက် ရန်ကုန်မြို့မှာ တကယ်လိုနေတာက ရန်ကုန်မြို့သစ်မဟုတ်ဘဲ တန်ဖိုးနည်း တိုက်ခန်းတွေဖြစ်ပြီး ရန်ကုန်မှာ လစာ ၁၀ သိန်းရတဲ့သူတောင် ဦးသိမ်းဝေရဲ့ တန်ဖိုးသင့် City Loft အိမ်ရာ သိန်း ၇၅၀ တန်လောက်တောင် အရစ်ကျနဲ့ ဝယ်ဖို့မဖြစ်နိုင်တာနဲ့ သိန်း ၇၅၀ တိုက်ခန်းကို ဦးသိမ်းဝေရဲ့ ရိုးမဘဏ်မှာ ငွေချေးပြီး ၂၅ နှစ်နဲ့ပြန်ဆပ်ရင် အတိုး သိန်း ၁၀၀၀ ကျော် ကြတာကြောင့် လစာ ၁၀ သိန်းရှိသူတောင် ဝယ်ဖို့ခက်ကြောင်း ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် လူဦးရေ ၁၀ သန်းအထိဖြစ်လာမယ့် ရန်ကုန်အတွက် ရန်ကုန်မြို့သစ်ကို ပြင်ဆင်တယ်ဆိုရင် တိုးလာမယ့်သုံးသန်းလောက်ဟာ နိုင်ငံအနှံ့အပြားက အလုပ်အကိုင်မရှိလို့ တက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေပဲဖြစ်ပြီး သူဌေးသုံးသန်းတိုးလာမှာမဟုတ်လို့ တကယ်တမ်းစဉ်းစားရမှာ ရန်ကုန်မြို့သစ်မဟုတ်ဘဲ သာမန်ပြည်သူတွေကို လူ့အဆင့်အတန်းမီမီ နေနိုင်စေမဲ့ တန်ဖိုးနည်း တိုက်ခန်းတွေသာဖြစ်တယ်လို့ ဆွေးနွေးဖြစ် ပါတယ်။
NYDC Town Hall 2 မှာ ပါဝင်ဆွေးနွေးဖြစ်ခဲ့တဲ့ ကျွန်တော့်အတွက်တော့ ရန်ကုန်မြို့သစ်ဟာ လက်ရှိအချိန်မှာ စီးပွားရေးအဆင်မပြေလို့ ချစ်တီးလက်ထဲ သမီးထိုးအပ်လိုက်ရသလိုမျိုးပဲ မြင်ရပြီး စီမံကိန်းဆိုးကျိုးတွေ ကြိုတွက်မထားတဲ့ အချက်ငါးချက်ကို အကြမ်းဖျဉ်းမြင်လိုက်ရပါတယ်။
အဲဒါတွေကတော့ . . .
၁။ CCCC လို နာမည်ပျက်ရှိခဲ့တဲ့ ကုမ္ပဏီ၊ နောက်ကွယ်ကနေ ပါဝင်ဖို့ကြိုးစားခဲ့တဲ့ တရုတ်ကုမ္ပဏီကို တင်ဒါမခေါ် ပွင့်လင်းမြင်သာမှုမရှိဘဲ Framework Agreement နဲ့ လုပ်ကိုင်ခွင့်ထိုးပေးခဲ့တာ။
၂။ ရှယ်ယာအများစုထည့်မယ့် တရုတ် CCCC (NYDC Challenge နိုင်မယ့် ကုမ္ပဏီ)နဲ့ NYDC က JV ကုမ္ပဏီထောင်ပြီး ကိုယ်ပိုင်မြို့ပြဥပဒေနဲ့ ရပ်တည်မှာဖြစ်လို့ ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ် CCCC လို ပြည်ပကုမ္ပဏီတစ်ခုခုက ရာနှုန်းပြည့် ချုပ်ကိုင်သွားမှာမို့လို့ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာ ထိပါးဆုံးရှုံးနိုင်တာ။
၃။ နိုင်ငံက နာမည်ပျက်ပုံရိပ်ကျနေတာမို့လို့ FDI တွေဝင်မလာရင် ဒေါ်လာ သန်း ၁၆၈၀ နဲ့ IRR ၁၃ ရာခိုင်နှုန်းဟာ ပြန်မရနိုင်တာကြောင့် အကျိုးအမြတ်ခွဲဝေမှုမှာ မြန်မာနိုင်ငံက ငါးရာခိုင်နှုန်းနဲ့ပဲ ဆယ်စုနှစ်ပေါင်းများစွာ ကျေနပ်ရမယ့် အခြေအနေ။
၄။ လက်ရှိ ကျုးကျော်ငါးသိန်းလောက် အတွက် ပေးထားတဲ့အိမ်ရာ ကတိမတည်ချိန်မှာ ရန်ကုန်မြို့သစ်စီမံကိန်း စက်မှုဇုန်ကလုပ်သား နှစ်သန်းဖော်ဆောင်မယ်ပြောနေပေမဲ့ စက်မှုဇုန်လုပ်သားတွေ တိုးလာတာနဲ့အမျှ ကျုးကျော်တွေ တိုးလာမှာကို တွေးမထားတာ။
၅။ ပြည်သူတွေ တကယ်လိုအပ်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေ ဖော်ဆောင်ဖို့ အနာဂတ်မှာ လူဦးရေ ၁၀ သန်း ဖြစ်လာချိန် တိုးလာနိုင်တဲ့ ရွှေ့ပြောင်းလုပ်သား သုံးသန်းအတွက်လူ့ အဆင့်အတန်းမီ တန်ဖိုးနည်းအိမ်ရာတွေ ဖော်ဆောင်ဖို့ တွေးမထားဘဲ ဇိမ်ခံ Ghost City ကြီးဖြစ်လာမယ့် ရန်ကုန်မြို့သစ်ကိုပဲ အတင်းအကောင်အထည်ဖော်နေတာ...
ဆိုတဲ့ အခြေအနေတွေကို မြင်လိုက်ရပါတယ်။ တိုင်းပြည်ရဲ့ တန်ဖိုးကြီးလှတဲ့ မြေတွေကို စျေးပေါပေါနဲ့ ထိုးပေးပြီး နိုင်ငံ့အချုပ်အခြာအာဏာ ထိပါးခံရတော့မယ့် ရန်ကုန်မြို့သစ်စီမံကိန်းဟာ တိုင်းပြည်အတွက် ချိန်ဆရင် ကောင်းကျိုးထက် ဆိုးကျိုးပိုများနေတာကို တွေ့ရပြီး လက်ရှိအချိန်မှာ ရန်ကုန်မြို့သစ်ဟာ လုံးဝမလုပ်ဆောင်သင့်တဲ့ အခြေအနေကို ညွှန်းဆိုနေပါတယ်။ အချုပ်အခြာအာဏာကို ထိပါးခံရပြီး ကိုယ့်နိုင်ငံအတွက် စီးပွားရေးလည်း တွက်ခြေမကိုက်နိုင်ဘဲ မြေဧက ၁၆၈၀၀၀ လောက်ကို စျေးပေါပေါနဲ့ ထိုးထည့်ရမယ့် အခြေအနေတွေ မြင်နေရပြီမို့လို့လည်း ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်သူတွေဟာ ဒီရန်ကုန်မြို့သစ်စီမံကိန်းက တိုင်းပြည်နဲ့ ပြည်သူအတွက် အမှန်တကယ် အကျိုးရှိ မရှိ ဆွေးနွေးဆုံးဖြတ်သင့်ပါပြီလို့ပဲ တိုက်တွန်းချင်ပါတယ်။