မန္တလေးတိုင်း ဒေသကြီးသည် ကျောက်ခေတ်ကာလများမှ စတင်၍ ပျူ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် အစရှိသည့် မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်က အရေးပါခဲ့သည့် သမိုင်းအမွေအနှစ် တန်ဖိုးများနှင့်အတူ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များစွာ ပျံ့နှံ့စွာဖြင့် တည်ရှိလျက်ရှိသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်သည်။ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော အရေးကြီးသည့် သမိုင်းဝင် အမွေအနှစ်များ ယဉ်ကျေးမှု အမွေအနှစ်များစွာ တည်ရှိလျက်ရှိကာ ထိုသို့သော ယဉ်ကျေးမှု အမွေအနှစ်များကို နိုင်ငံတော်အစိုးရက ထိန်းသိမ်းစောင့်ရှောက်မှုများ လုပ်ဆောင်လျက် ရှိသော်လည်း အချို့နေရာများ၌ ဘဏ္ဍာရေး အခက်အခဲများကြောင့် ထိရောက်သည့် ထိန်းသိမ်းနိုင်မှု မရှိသဖြင့် ရှေးဟောင်းအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခြင်း၊ အချို့ လူမသိသူမသိ ကွယ်ပျောက်သွားကြသည်များ ရှိနေသကဲ့သို့ ထိုသို့ ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်တို့နှင့် ရင်ဆိုင်နေကြရသည့် အမွေအနှစ်တို့လည်း ရှိနေကြသည်။ ထိုသို့ ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်ပျက်စီးမှုများမှ ထိန်းသိမ်းကာကွယ်ခြင်း၊ စောင့်ရှောက်ခြင်းများကို နိုင်ငံတော်အစိုးရ အပါအဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ပညာရှင်များနှင့် ဒေသခံများက အတူပူးပေါင်းလက်တွဲ၍ နိုင်ငံ၏ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ကွယ်သွားရန်အတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန် အရေးကြီးလျက် ရှိနေသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ရှေးဟောင်းအမွေအနှစ်များ လူလုပ်သည့် အန္တရာယ်များကြောင့် ထိခိုက်ပျက်စီးမှု သတင်းတစ်ခု ထွက်ပေါ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ပင်းယခေတ်က ထွန်းကားခဲ့သည့် မြင်စိုင်းမြို့ဟောင်းမှ နံရံဆေးရေးပန်းချီများ ကျောက်မိုင်းခွဲမှုကြောင့် ပြိုကျပျက်စီးမှုများ ရှိနေသည်ကို ဒေသခံများ၏ သတင်းပေးပို့မှုကြောင့် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ရာမှ မေ့လျော့ခံသဖွယ် ဖြစ်နေရသည့် အဆိုပါဒေသကို အစိုးရအပါအဝင် သတင်းမီဒီယာများ၊ ရှေးဟောင်းပညာရှင်များ အပါအဝင် အာရုံစိုက်နိုင်ခဲ့ကြခြင်းဖြစ်သည်။ ပင်းယခေတ်က ထွန်းကားခဲ့သည့် မြင်းစိုင်းမြို့ဟောင်းမှ စိတ္တဂုတ္တဂူ အတွင်းရှိ နံရံဆေးရေးပန်းချီများမှာ အဆိုပါ နေရာများအနီးရှိ စက်ရုံများက ထုံးကျောက်တောင်များမှ ထုံးကျောက်ထုတ်ယူရန် ကျောက်မိုင်းခွဲမှုများကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် အချိန်မီ ပြုပြင်ထိန်းသိမ်းပေးရန် အဆိုပါအသင်းက ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုခဲ့သည်။
ထိုသို့ ထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာခဲ့ပြီးနောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက သွားရောက်ကွင်းဆင်း စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး နံရံဆေးရေးပန်းချီများ တည်ရှိရာအနီး ကျောက်မိုင်းခွဲမှုကို ရပ်ဆိုင်းထားရန် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ အကြောင်းကြားမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ပြင် အဆိုပါ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နံရံဆေးရေးပန်းချီများ တည်ရှိသည့်နေရာနှင့် ပေ ၃၀၀၀ အကွာအဝေးမှသာ ကျောက်မိုင်းခွဲမှုများ ပြုလုပ်ရန် စက်မှုဝန်ကြီးဌာနသို့ ညှိနှိုင်းအကြောင်းကြားထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားသည်။
ပင်းယခေတ်က ထွန်းကားခဲ့သော မြင်စိုင်းမြို့ဟောင်းဆိုတာ
၁၄ ရာစု ပင်းယခေတ်က ထွန်းကားခဲ့သည့် မြင်စိုင်းမြို့ဟောင်း ဆိုသည်မှာ ၁၃ ရာစုနှောင်းပိုင်းတွင် အဘက်ဘက်က အင်အားချည့်နဲ့နေသော ပုဂံနေပြည်တော်ကြီးကို မွန်ဂိုတရုတ်တပ်များ၏ ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးခြင်းခံခဲ့ရပြီး ပထမမြန်မာနိုင်ငံတော် ပျက်သုဉ်းသွားခဲ့ပြီးနောက် ရှမ်းညီနောင်သုံးဦးဖြစ်သည့် အသင်္ခယာ၊ ရာဇသင်္ကြန်၊ သီဟသူတို့က ပင်လယ်၊ မက္ခရာနှင့် မြင်စိုင်းဒေသတစ်ဝိုက်တွင် လူသူအင်အားစုစည်းပြီး မြို့ပြတည်ထောင်၍ အုပ်ချုပ်ခဲ့ကြသည်။ ရှမ်းညီနောင် သုံးဦးတို့သည် သက္ကရာဇ် ၆၆၂ ခုနှစ် (၁၄ ရာစုအစောပိုင်း) မှစတင်ကာ လူသူလက်နက် အင်အားစုရုံးပြီး မြင်စိုင်း၊ မက္ခရာ၊ ပင်လယ် ဒေသတစ်ဝိုက် မင်းပြိုင်ပြုလုပ် အုပ်ချုပ်ခဲ့ကြသည်။ မက္ခရာမြို့ကို အပိုင်စားရသည့် အလတ်ရာဇသင်္ကြန် ကံတော်ကုန်လွန်သွားပြီးနောက် သက္ကရာဇ် ၆၇၂ ခုနှစ်တွင် ညီတော်အငယ်ဆုံး သီဟသူက နောင်တော်ကြီး မြင်စိုင်းရွှေနန်းရှင် အသင်္ခယာကို အဆိပ်ဖြင့် လုပ်ကြံသတ်ဖြတ်ပြီး ပင်းယမြို့ကို သက္ကရာဇ် ၆၇၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ပင်းယခေတ် ကာလသည် အချိန်ကာလအားဖြင့် သက္ကရာဇ် ၆၇၄ ခုနှစ်မှ ၇၂၆ ခုနှစ်အတွင်း ထွန်းကားခဲ့ကာ နှစ်ပေါင်း ၅၂ နှစ်ခန့်သာ ရှည်လျားဖြစ်တည်ခဲ့သော်လည်း ပထမမြန်မာနိုင်ငံတော် ပုဂံခေတ်ကာလ ပျက်သုဉ်းခဲ့ပြီးနောက် အင်းဝခေတ်မတိုင်မီ ကြားကာလအတွင်း အရေးပါခဲ့သည့် ခေတ်တစ်ခေတ်အဖြစ် ရပ်တည်ခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်သည်။
ပင်းယခေတ်က မြင်စိုင်းမြို့၏ သာယာခမ်းနားပုံကို မြင်စိုင်းရွှေနန်းရှင် ငါးစီးရှင်ကျော်စွာက သူကိုယ်တိုင် စပ်ဆိုရေးသားခဲ့သည့် “မြင်စိုင်းရွှေပြည်” ကဗျာ ကာချင်းတွင် “တာဝတိံသာ၊ နတ်ရွာလော၊ နတ်ရွာလော။ ဟုတ်တည်း ရှင်ချင်း ရှင်ချင်း။ ဟုတ်တည်း ဆွေရင်း ဆွေရင်း။ မြင်စိုင်းဟူသည်၊ ရွှေပြည် ရွှေပြည်” ဟု စပ်ဆိုထားသည်ကို တွေ့ရပြီး ပင်းယခေတ်ကာလက မြင်စိုင်းနေပြည်တော်သည် နတ်ပြည်ခြောက်ထပ်မှ တာဝတိသာ နတ်ပြည်အလား ခန်းနားထည်ဝါ၍ သာယာလှပသည့် နေချင့်စဖွယ် ရွှေမြို့တော်ကြီးအဖြစ် တင်စားထားသည်ကို တွေ့ရသဖြင့် မြင်စိုင်းမြို့ဟောင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀၀ ကျော်ကာလက သာယာစည်ကားလှသည့် မင်းနေပြည်တော်တစ်ခုအဖြစ် ရပ်တည်ခဲ့သည်ဟု သုံးသပ်ရမည်ဖြစ်သည်။ ဆက်လက်၍ မြင်စိုင်းနေပြည်တော်ကြီး အနီးဝန်းကျင်ရှိ တောင်ထွတ်တောင်တန်းများပေါ်၌ မြတ်စွာဘုရားရှင်၏ သရီရဓာတ်စွယ်တော်များ ဌာပနာထားသည့် စေတီတော်များနှင့် ကြည်ညိုဖွယ်ရာကောင်းသည့်အပြင် မြေဆီသြစာ ကောင်းမွန်သဖြင့် ပြည်သူများစိုက်ပျိုးရေး အဆင်ပြေသည့် နေရာဒေသတစ်ခုဖြစ်ကြောင်း မြင်စိုင်းရွှေနန်းရှင် ငါးစီးရှင်ကျော်စွာက သူ၏ မြင်စိုင်းနေပြည်တော်အကြောင်းကို ကာချင်းတွင် ထည့်သွင်းစပ်ဆိုထားသည်။
ယခုပစ္စက္ခ မြင်စိုင်းမြို့ဟောင်းမှာ ယခင်က ထွန်းကားခဲ့သည့် မင်းနေပြည်တော်တစ်ခုအသွင် မြင်တွေ့ရခြင်း မရှိတော့ဘဲ မြို့ရိုးအပြိုအပျက်များ၊ ရှေးဟောင်းစေတီ အပြိုအပျက်အချို့နှင့် ရှေးဟောင်းအဆောက်အအုံ အနည်းငယ်သာ မြင်တွေ့ရတော့သည်။ ထို့ပြင် မြင်စိုင်းမြို့ဟောင်းကို နိုင်ငံတော်က ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာဇုန်နှင့် ကာကွယ်ထိန်းသိမ်းထားသည့်ဇုန်ဟု သတ်မှတ်ထားသော်လည်း မြင်စိုင်းမြို့ဟောင်းမှာ ကျောက်ဆည်စက်မှုဇုန် နယ်မြေအတွင်းသို့ ကျရောက်နေပြီး စနစ်တကျ ပြုပြင်ထိန်းသိမ်းမှု ကင်းမဲ့လျက်ရှိသည်ကို လေ့လာတွေ့ရှိခဲ့သည်။ ပို၍ဆိုရွားသည်မှာ မြင်စိုင်းမြို့ဟောင်း အနီးရှိ ဘိလပ်မြေစက်ရုံများ၊ မှန်စက်ရုံများက ထုံးကျောက်ထုတ်ယူရန် ကျောက်မိုင်းခွဲမှုများကြောင့် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးခြင်း၊ နံရံဆေးရေးပန်းချီများ ကွာကျပျက်စီးခြင်းတို့နှင့် ရင်ဆိုင်နေရသည်မှာ မြင်စိုင်းမြို့ဟောင်း၏ အနာဂတ်အတွက် ရင်လေးဖွယ်ရာ ဖြစ်နေရသည်။
မြင်စိုင်းမြို့ဟောင်းသည် ကျောက်ဆည်မြို့၏ အရှေ့ဘက် ခြောက်မိုင်ခန့်အကွာတွင် တည်ရှိပြီး မြို့ရိုးမှာ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ရှည်လျားသည်ကို တွေ့ရပြီး ကျုံး၏အလျားမှာ မြောက်ဘက်တွင် ၀ ဒသမ ၅၈ မိုင်၊ တောင်ဘက်တွင် ၀ ဒသမ ၆၅ မိုင်၊ အရှေ့ဘက်တွင် ၀.၃၈ မိုင်၊ အနောက်ဘက်တွင် ၀ ဒသမ ၃၉ မိုင်ခန့်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။
မြင်စိုင်းမြို့ဟောင်းမှာ ပင်းယခေတ် ကာလက ထွန်းကားခဲ့သည့် မြို့ဟောင်းတစ်ခု သာမကဘဲ ပုဂံခေတ်ကာလအတွင်းက ရှေ့တန်းခံတပ်မြို့များထဲတွင် တစ်မြို့အပါအဝင် ဖြစ်ခဲ့ခြင်း၊ ပျူခေတ်ကာလအတွင်းက တည်ဆောက်ခဲ့သည့် မြို့ဟောင်းဒေသတစ်ခုဖြစ်ကြောင်း မြန်မာမှုဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပဝတီ) က ပြောကြားသည်။
“မြင်စိုင်းမြို့ဟောင်းဆိုတာ ပင်းယခေတ်ကာလကထက် စောတဲ့အထောက်အထားတွေ တွေ့ထားပါတယ်။ ပုဂံခေတ်ကာလ အနော်ရထာမင်းလက်ထက် ၁၁ ရာစုအတွင်းက ရှေ့တန်းခံတပ် ၃၂ မြို့ထဲမှာ ပါဝင်ခဲ့တယ်။ မြင်စိုင်းမြို့ဟောင်းရဲ့ တောင်ဘက်မှာ လက်ရှိအချိန်အထိ ပုဂံခေတ်ကာလက တည်ဆောက်ခဲ့တဲ့ မြို့ရိုးနဲ့ကျုံး တည်ရှိနေပါတယ်။ နောက်တစ်ခုက ပုဂံခေတ်ကာလထက်စောတဲ့ ပျူခေတ်ကာလက တည်ဆောက်ခဲ့တဲ့ မြို့ရိုးကိုလည်း တွေ့ထားဖူးတယ်။ သူကတော့ အရမ်းကို ဆွေးမြည့်ပျက်စီးနေပါပြီ။ ဒါကြောင့် မြင်စိုင်းမြို့ဟောင်းဟာ မပျောက်ကွယ်အောင် ထိန်းသိမ်းပေးဖို့ လိုအပ်တယ်” ဟု မြန်မာမှု ဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပဝတီ) က မြင်စိုင်းမြို့ဟောင်း၏ အရေးပါပုံကို ရှင်းလင်းပြောကြားခဲ့သည်။
ကျောက်မိုင်းခွဲမှုတွေကို ဘယ်လိုကန့်သတ်ထိန်းချုပ်သွားမှာလဲ
၁၄ ရာစုက ထွန်းကားခဲ့သည့် ပင်းယခေတ်လက်ရာများ တည်ရှိရာ မြင်စိုင်းမြို့ဟောင်းအနီးရှိ ထုံးကျောက်တောင်များမှ ဘိလပ်မြေ ထုတ်လုပ်ရန်အတွက် ထုံးကျောက် ကုန်ကြမ်းများကို မိုင်းခွဲထုတ်ယူရာမှတစ်ဆင့် အဆိုပါ မြင်စိုင်းမြို့ဟောင်းရှိ စိတ္တဂုတ္တဂူအတွင်း နံရံဆေးရေးပန်းချီများ ပြိုကျပျက်စီးခြင်း၊ မြင်စိုင်းနန်းဦးစေတီတော် အက်ကွဲပြိုကျခြင်း၊ ရွှေဥမင်ဂူအတွင်းရှိ နံရံဆေးရေးပန်းချီများ ပြိုကျပျက်စီးခြင်းနှင့် အခြားရှေးဟောင်း အဆောက်အအုံများ မိုင်းခွဲမှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောကြားခဲ့ကြသည်။ ထိုသို့ နံရံဆေးရေးပန်းချီများ ကျောက်မိုင်းခွဲမှုဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့မှုနှင့် ပတ်သက်၍ ဒေသခံများက သက်ဆိုင်ရာ ရှေးဟောင်းဌာနများသို့ အကြောင်းကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကျောက်မိုင်းခွဲလို့ နံရံဆေးရေးပန်းချီတွေ ပြိုကျလာတာကို ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ဖူးတယ်။ ဒီဂူထဲကို လင်းနို့ချေး လာကျုံးတဲ့အချိန်မှာ ကျောက်မိုင်းခွဲလိုက်တာနဲ့ကြုံတယ်။ ကျောက်မိုင်းခွဲတဲ့ တုန်ခါမှုကြောင့် နံရံဆေးရေးပန်းချီတွေ အချပ်လိုက် ပြုတ်ကျလာတယ်။ ကျွန်တော်ကိုယ်တိုင် ရှေးဟောင်းဌာနတွေကို အကြောင်းကြားခဲ့တယ်။ ကျွန်တော်တို့ကတော့ ရှေးဟောင်းအမွေအနှစ်တွေ ကျောက်မိုင်းခွဲလို့ ထိခိုက်ပျက်စီးမှာကို စိုးရိမ်တယ်။ မြင်စိုင်းသမိုင်း ပျောက်ကွယ်သွားမှာ စိုးရိမ်တယ်” ဟု မြင်းစိုင်းမြို့ဟောင်းအနီးရှိ ကုလားကျောင်းရွာသား ကိုဆန်းမင်းထွန်းက ဆိုသည်။
မြင်းစိုင်းမြို့ဟောင်းဒေသရှိ ဒေသခံများက ကျောက်မိုင်းခွဲမှု အန္တရာယ်များကြောင့် စိတ္တဂုတ္တဂူအတွင်းရှိ နံရံဆေးရေးပန်းချီများ ကွာကျပျက်စီးခြင်း၊ ရွှေဥမင်ဂူအတွင်းရှိ နံရံဆေးရေးပန်းချီများ ကွာကျပျက်စီးခြင်းများ ဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားမှုများ ပြုလုပ်ထားရပြီး ဂူအနီးတွင် ကျောက်မိုင်းမခွဲရန်အတွက် တောင်းဆိုထားရကြောင်း ပြောဆိုခဲ့ကြသည်။ အဆိုပါ ကျောက်မိုင်းခွဲမှုများကြောင့် စိတ္တဂုတ္တဂူအတွင်းရှိ နံရံဆေးရေးပန်းချီများ ကွာကျပျက်စီးသည့် အခြေအနေများနှင့် ပတ်သက်၍ The Daily Eleven သတင်းစာမှ သွားရောက်ကွင်းဆင်း လေ့လာခဲ့ရာတွင် စိတ္တဂုတ္တဂူအတွင်းသို့ ရောက်ရှိနေစဉ်အနီးရှိ ထုံးကျောက်တောင်များမှ ကျောက်မိုင်းခွဲမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်။ ထိုသို့ ကျောက်မိုင်းခွဲမှုကြောင့် ဂူအတွင်းတုန်ခါမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ စိတ္တဂုတ္တဂူမှာ ရွှေဥမင်ဂူနှင့်နှိုင်းယှဉ်ပါက နံရံဆေးရေးပန်းချီ အနည်းငယ်သာရှိသည်ကို လေ့လာတွေ့ရှိရပြီး ရွှေဥမင်ဂူမှာ နံရံဆေးရေးပန်းချီများ စုံလင်စွာတွေ့မြင်ရသည်။ နံရံဆေးရေးပန်းချီများ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စိတ္တဂုတ္တဂူမှာ အမှတ် (၃၆) အကြီးစားမှန်စက်ရုံအနီး ကပ်လျက်တည်ရှိပြီး လူသူအရောက်အပေါက်နည်းကာ ထိန်းသိမ်းစောင့်ရှောက်မှု ကင်းမဲ့လျက် စွန့်ပစ်ခံဂူတစ်ခုအသွင် မြင်တွေ့ခဲ့ရသည်။
ကျောက်မိုင်းခွဲမှုများကြောင့် စိတ္တဂုတ္တဂူ အတွင်းရှိ နံရံဆေးရေးပန်းချီများ ထိခိုက်ပျက်စီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် မတ် ၁ ရက်က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာတွင် နံရံဆေးရေးပန်းချီများ တည်ရှိရာ မြင်စိုင်းမြို့ဟောင်းအနီးရှိ စိတ္တဂုတ္တဂူနေရာသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ခေါင်းဆောင်သော အဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ရာ အဆိုပါဂူသည် အမှတ် (၃၆) အကြီးစားမှန်စက်ရုံမှ ကျောက်ထုတ်လုပ်ရန် ကျောက်မိုင်းခွဲရာနေရာနှင့် ပေ ၁၅၀၀ ခန့်အကွာတွင် တည်ရှိပြီး နံရံဆေးရေးပန်းချီ ပါဝင်သော အင်္ဂတေအလွှာချပ် လက်သီးဆုပ်အရွယ် သုံးခုခန့် လိုဏ်ဂူကြမ်းပြင်ပေါ်သို့ ကွာကျနေသည်ကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ကွာကျနေမှုမှာ ကျောက်မိုင်းခွဲမှုကြောင့် ကွာကျခြင်း သို့မဟုတ် သစ်ပင်များမှ သစ်မြစ်ထိုးခြင်းကြောင့် ကွာကျခြင်း တိတိကျကျ မပြောနိုင်သော်လည်း လတ်တလော ကွာကျထားခြင်း မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာ အသင်းမှာလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အသင်း၏အမည်ကို တရားဝင် အသိအမှတ်ပြုထားခြင်း မရှိကြောင်း အစရှိသဖြင့် ထုတ်ပြန်ကြေညာထားသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့မှုမှာ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာ အသင်းက ဖေဖော်ဝါရီ ၁၄ ရက်က ထုတ်ပြန်ခဲ့သည့် မြင်စိုင်းမြို့ဟောင်းရှိ စိတ္တဂုတ္တဂူအတွင်းရှိ နံရံဆေးရေးပန်းချီများ ကျောက်မိုင်းခွဲမှုကြောင့် ပြိုကျပျက်စီးမှုများကို ထိန်းသိမ်းပေးရန်အတွက် ကြေညာချက် ထုတ်ပြန်ခဲ့မှုအပေါ် ဝန်ကြီးဌာနက ပြန်လည်ရှင်းလင်းသည့် သဘောထုတ်ပြန်ခဲ့ခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာအသင်း၏ တရားဝင်အမည် ဟုတ်၊ မဟုတ် ဆိုသည်ထက် ပင်းယခေတ် နံရံဆေးရေးပန်းချီများ မပျက်စီးရန် ထိန်းသိမ်းစောင့်ရှောက်ပေးရန်မှာ ပိုမိုအရေးကြီးကြောင်း အဆိုပါဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အပေါ် ဝေဖန်ထောက်ပြမှုများလည်း ထွက်ပေါ်ခဲ့သည်။
“နံရံဆေးရေးပန်းချီတွေ ပြိုကျပျက်စီးမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနက သွားရောက်ကွင်းဆင်း စစ်ဆေးမှုတွေ ပြုလုပ်ထားပါတယ်။ အဲဒီ နံရံဆေးရေးပန်းချီတွေရှိတဲ့ နေရာမှာ ထုံးကျောက်မိုင်းခွဲတာတွေ ေြ့မတူးတာတွေကို အားလုံးရပ်ဆိုင်းထားပေးဖို့အတွက် ခရိုင်နဲ့မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို မှာကြားထာပါတယ်။ နောက်ထပ် စက်မှုဝန်ကြီးဌာနကိုလည်း ညှိနှိုင်းအကြောင်းကြားထားပါတယ်။ အခု ကျောက်မိုင်းခွဲနေတာက စိတ္တဂုတ္တဂူနဲ့ ပေ ၁၅၀၀ ပဲကွာပါတယ်။ ဒါကြောင့် နံရံဆေးရေးပန်းချီတွေရှိတဲ့ စိတ္တဂုတ္တဂူနဲ့ အနည်းဆုံး ပေ ၃၀၀၀ ကျော်အကွာအဝေးကနေ ကျောက်မိုင်းခွဲတာ ဆောင်ရွက်ပေးဖို့ ညှိနှိုင်းအကြောင်းကြားထားပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ပြောကြားသည်။
ထိုသို့ ရှေးဟောင်းအဆောက်အအုံများအနီး ကျောက်မိုင်းခွဲမှုများကို ရပ်တန့်ထားရန်နှင့် စိတ္တဂုတ္တဂူနှင့် ပေ ၃၀၀၀ အကွာမှ ကျောက်မိုင်းခွဲရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ညှိနှိုင်းအကြောင်းကြားမှုများ ပြုလုပ်ထားသည့်အတွက် လတ်တလောတွင် အနည်းငယ် ကာကွယ်ထိန်းသိမ်းမှုများ လုပ်ဆောင်ထားနိုင်ပြီ ဖြစ်သော်လည်း ပင်းယခေတ်လက်ရာ ရှေးဟောင်းအဆောက်အအုံများ ရေရှည်တည်တံ့နိုင်ရန်အတွက် စနစ်တကျ ရေရှည်အစီအစဉ်များ ရေးဆွဲကာ ဆောင်ရွက်သင့်ကြောင်း ထောက်ပြပြောဆိုမှုများလည်း ရှိနေသည်။
ကျောက်မိုင်းခွဲမှုအန္တရာယ်များကြောင့် ပင်းယခေတ် မြင်စိုင်းမြို့ဟောင်း ပျောက်ကွယ်သွားနိုင်လား
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ပင်းယခေတ် နံရံဆေးရေးပန်းချီတွေ တည်ရှိတဲ့ ရှေးဟောင်းဒေသကို စက်မှုဇုန်တည်ဖို့ စတင်ရွေးချယ်ခဲ့သူရဲ့ မိုက်မဲမှုတွေလို့ ပြောရပါမယ်။ မလုပ်သင့်ဘူးပေါ့။ ပုဂံခေတ်ပြီးနောက် ၁၄ ရာစု ပင်းယခေတ်ရဲ့ နံရံဆေးရေးပန်းချီတွေက မြင်စိုင်းမြို့ဟောင်းဒေသမှာပဲ လေ့လာနိုင်တော့တယ်။ ပင်းယမြို့ဟောင်းမှာက ညောင်ရမ်းခေတ် နံရံဆေးရေးပန်းချီလောက်ပဲ ရှိတော့တာ ပင်းယခေတ် နံရံဆေးရေးပန်းချီတွေက ဒီမြင်စိုင်းဒေသမှာပဲ ကျန်တော့တယ်။ စိတ္တဂုတ္တဂူထဲက ပင်းယခေတ် နံရံဆေးရေးပန်းချီတွေကို ထိန်းသိမ်းမယ်ဆိုရင် စနစ်တကျနဲ့ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အဲဒီဂူက မိုးရွာရင်ရေတွေဝင်တာတွေ ရှိတယ်။ ရေတွေဝင်တော့ ရေငွေ့တွေကြောင့် နံရံဆေး ရေးပန်းချီတွေ ထိခိုက်ပျက်စီးနိုင်တယ်။ အဲဒါကိုလည်း ထိန်းသိမ်းပေးဖို့ လိုအပ်တယ်။ နံရံဆေးရေးပန်းချီတွေ တည်ရှိတဲ့နေရာမှာ ကျောက်မိုင်းခွဲနေတာတွေကတော့ လုံးဝမလုပ်သင့်တဲ့ အရာပေါ့။ စက်မှုဇုန်အတွက် ကြည့်မှာလား မြင်စိုင်းမြို့ဟောင်း ပျောက်ကွယ်ခံမလားပေါ့” ဟု မြန်မာမှုဗိသုကာ ပညာရှင် ဦးဝင်းမောင် (တမ္ပဝတီ) က သတိပေး ပြောကြားခဲ့သည်။
မြင်စိုင်းမြို့ဟောင်းတွင် စိတ္တဂုတ္တဂူ၊ ရွှေဥမင်ဂူများအပြင် ဂူအလုံးပေါင်း ၉၀ ကျော်တည်ရှိကြောင်း စိတ္တဂုတ္တဂူ၊ ရွှေဥမင်ဂူ အပါအဝင် အဆိုပါဂူများကို လူတို့ကိုယ်တိုင် ထွင်းထုခဲ့သည့် ကျောက်ဂူများဖြစ်ပြီး ပင်းယခေတ်ကာလက အဆိုပါဂူများအတွင်းမှနေ၍ ဘုရင်တပ်သားများက နိုင်ငံတော်ကာကွယ်ရေးအတွက် ကျူးကျော်လာသည့် ရန်သူတော်များကို ပုန်းအောင်းတိုက်ခိုက်ရာ၌ အသုံးပြုခဲ့ကြောင်း၊ ကျူးကျော်သည့် ရန်သူများကို တိုက်ခိုက်ပြီးနောက်ပိုင်းတွင် ဘာသာရေးဂူများအဖြစ် ပြောင်းလဲအသုံးပြုခဲ့ကြပြီး ရဟန်း၊ သံဃာတော်များ တရားထိုင်ခြင်းများ ပြုလုပ်ခဲ့သည့် ဂူများဖြစ်ကြောင်း မြန်မာမှုဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပဝတီ) က ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် စိတ္တဂုတ္တဂူအတွင်းရှိ နံရံဆေးရေးပန်းချီများမှာ သံဗုဒ္ဓေဘုရားပုံစံများကို ရေးဆွဲထားခြင်းဖြစ်ပြီး ရွှေဥမင်ဂူမှာမူ ဘုရားပုံ၊ လူရုပ်၊ ငှက်ရုပ်၊ အခြားအရုပ်များစွာကို အလျဉ်သင့်သလို ရေးဆွဲထားသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“မြင်စိုင်းမြို့ဟောင်းမှာရှိနေတဲ့ နံရံဆေးရေး ပန်းချီတွေနားမှာ ကျောက်မိုင်းခွဲတာတွေက မလုပ်သင့်ဘူး။ မြို့ဟောင်းအနီးက စက်မှုဇုန်ဧရိယာကိုလည်း ကျုံ့ပေးဖို့လိုတယ်။ ဘာကြောင့်ဆိုရင် စက်မှုဇုန်ကထွက်ရှိတဲ့ မီးခိုးငွေ့တွေကလည်း နံရံပန်းချီတွေအပေါ်မှာလာပြီး ထိခိုက်ပြီးတော့ ပျက်စီးလွယ်စေတယ်။ နောက်တစ်ခုက နံရံဆေးရေးပန်းချီတွေ အပေါ်မှာ အမှတ်တရစာတွေ ရေးသားတာတွေ မလုပ်ဖို့လိုတယ်။ ဒီနံရံဆေးရေးပန်းချီတွေဟာ နိုင်ငံရဲ့သမိုင်းအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ အသိပေးနိုင်ရမယ်။ ကျောက်မိုင်းခွဲတာတွေကို ရှေးဟောင်းအဆောက်အအုံတွေနဲ့ ပေဘယ်လောက်အကွာအဝေးက နေခွဲရမယ်ဆိုတာ သတ်မှတ်ထုတ်ပြန်ပေးဖို့လိုမယ်။ အဲဒီလိုမဟုတ်ဘဲ ကျောက်မိုင်းတွေ ဆက်ခွဲနေမယ်ဆိုရင် မြင်စိုင်းရှေးဟောင်းယဉ်ကျေးမှုဇုန်ကို အပျက်အစီးခံမလား စက်မှုဇုန်အကျိုးတစ်ခု အတွက်ပဲ ကြည့်မှာလား” ဟု မြန်မာမှုဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပဝတီ) က ပြောကြားသည်။