တရားမဝင်သော၊ မရိုးသားသော၊ မျှတမှုမရှိသော နည်းလမ်းများဖြင့် တစ်စုံတစ်ရာသော ရည်မှန်းချက်များကို ရယူရန် ငွေကြေး အရဖြစ်စေ၊ လုပ်ပိုင်ခွင့် အရဖြစ်စေ အာဏာကို မလျော်ကန်စွာ အသုံးပြုခြင်း ပါဝင်သည့် အဂတိ လိုက်စားမှု မြင့်မားခြင်းက သက်ရောက် သော စီးပွားရေးများသည် အဂတိ လိုက်စားမှု နိမ့်ပါးသော စီးပွားရေးများနှင့် နှိုင်းယှဉ်ပါက အပြည့်အဝ ကြီးထွားနိုင်မှု မရှိသည်ကို တွေ့ရှိရသည်။ အဂတိ လိုက်စားမှုများသည် လွတ်လပ်စွာ လုပ်ဆောင်နိုင်ခြင်းမှနေ၍ စီးပွားရေး၏ သဘော သဘာဝအတိုင်းရှိသော ဥပဒေသများကို ဟန့်တားထားသောကြောင့် အဂတိလိုက်စားသည့် စီးပွားရေးများသည် ကောင်းစွာ အလုပ်မဖြစ်နိုင်ပေ။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး လုပ်ဆောင်မှုများ၌ အဂတိလိုက်စားမှု ရှိခြင်းသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ထိခိုက် ပျက်စီးစေနိုင်သည်။
အရည်အသွေးနိမ့်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို စျေးနှုန်း မြင့်မားစွာ ပေးရခြင်းကို ဖြစ်စေနိုင်ခြင်း - ကန်ထရိုက်များပေးခြင်း သို့မဟုတ် စီးပွားရေး လုပ်ကွက်များ ချပေးခြင်း၌ အဂတိ လိုက်စားမှုများရှိခြင်းသည် စီးပွားရေးတွင် လက်ဝါးကြီး အုပ်မှုများနှင့် လူနည်းစုက လွှမ်းမိုးကြီးစိုးထားမှုများကို ဖြစ်စေသည်။ အစိုးရ အရာရှိများနှင့် အဆက်အသွယ်ရှိပြီး လာဘ်ထိုးသည့် လုပ်ငန်းရှင်များသည် စျေးကွက်အတွင်း၌ ၎င်းတို့သာ တစ်ဦးတည်းသော ထောက်ပံ့သူဖြစ်အောင် လုပ်ဆောင်နိုင်သောကြောင့် အရည်အသွေးနိမ့်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပြည်သူများက စျေးနှုန်းမြင့်မားစွာ ပေးရလေသည်။
ရင်းမြစ်များကို ခွဲဝေချထားမှု မလုံလောက်ခြင်း - အကောင်းဆုံးကျင့်ထုံး၌ ကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ငန်းများကို ထောက်ပံ့မည့်သူများကို တင်ဒါလုပ်ငန်းစဉ်မှတစ်ဆင့် ရွေးချယ် ရသည်။ တင်ဒါလုပ်ငန်းစဉ်သည် စျေးနှုန်းနှင့် အရည်အသွေး အသင့်တော်ဆုံး ပေးနိုင် သည့် ထောက်ပံ့သူများကို ရွေးချယ်နိုင်စေသော လုပ်ငန်းစဉ်ဖြစ်သည်။ ယင်းသည် ရင်းမြစ်များနှင့် ပတ်သက်၍ လုံလောက်သော ခွဲဝေချထားမှုကို ဖြစ်စေသည်။ အဂတိလိုက်စားသော စီးပွားရေးများတွင် တင်ဒါအောင်မြင်နိုင်ရန် အရည်အသွေးမပြည့်မီသော ကုမ္ပဏီ များအနေဖြင့် စီမံကိန်းများကို မတရားသဖြင့် တင်ဒါအောင်သွားကြသည်။ ဤနည်းအား ဖြင့် ရင်းမြစ်များ အလဟသ ဆုံးရှုံးရလေသည်။
တန်းတူညီမျှမှု မရှိသော ချမ်းသာကြွယ်ဝမှုကို ဖြစ်စေခြင်း - အဂတိလိုက်စားသော စီးပွားရေးများ၏ လက္ခဏာရပ်များကို ကြည့်ပါက လူလတ်တန်းလွှာက အချိုးအစားမညီမျှစွာ နည်းပါးလွန်းခြင်းနှင့် အထက်တန်းလွှာနှင့် အောက်ခြေလွှာတို့၏ လူနေမှုအဆင့်အတန်းများ အကြီးအကျယ် ကွာခြားခြင်းတို့ကို တွေ့ရှိရမည်ဖြစ်သည်။ နိုင်ငံ၏ အရင်းအနှီး အများစုသည် အဂတိလိုက်စားသော အစိုးရအရာရှိများအား ခါးပိုက်ထဲ ထည့်ထားသည့် လူနည်းစု၏ လက်၌ စုပုံနေသောကြောင့်ဖြစ်သည်။ လုပ်ငန်းငယ်များသည် အစိုးရ အရာရှိများနှင့် ပတ်သက်နေသော ကုမ္ပဏီကြီးများ၏ တရားမဝင် ဖိအားပေးခံရခြင်းနှင့် မမျှတသော ပြိုင်ဆိုင်မှုတို့ကို ရင်ဆိုင်ရသောကြောင့် ကြီးထွားနိုင်မှု မရှိတော့ပေ။
နည်းပညာ တိုးတက်မှုအတွက် လှုံ့ဆော်မှုနည်းပါးခြင်း - အဂတိ လိုက်စားမှုရှိသော စီးပွားရေး၌ ဥပဒေကြောင်းအရ ဆုံးဖြတ်စီရင်မှုများသည် အကြံအဖန်များ ဖြစ်နေသောကြောင့် ဥပဒေ စနစ်အပေါ် ယုံကြည်မှုနည်းပါးပြီး အလားအလာကောင်းသော ဆန်းသစ် မွမ်းမံ သူများအနေဖြင့် မူပိုင်ခွင့်ဖြင့် ကာကွယ်မှုရရှိရန်လည်း မသေချာတော့ပေ။ ဆန်းသစ်မွမ်းမံ မှုများအတွက် မက်လုံး မရှိတော့သောကြောင့် ပြည်တွင်း၌ နည်းပညာ ဖန်တီးမည့်သူများ ပေါ်ပေါက်လာခြင်းမရှိတော့ဘဲ နည်းပညာများကို ပြည်ပမှ ဝယ်ယူရလေသည်။
ရှဲဒိုးစီးပွားရေး ဖြစ်တည်လာခြင်း - အဂတိ လိုက်စားမှုရှိသည့်နိုင်ငံများတွင် လုပ်ငန်းငယ် များသည် အခွန်ရှောင်ရန် ၎င်းတို့၏ လုပ်ငန်းများအား တရားဝင် မှတ်ပုံတင်ခြင်း မရှိတော့ ပေ။ ထို့ကြောင့် လုပ်ငန်းများစွာတို့မှ ထွက်ပေါ်လာသည့် ဝင်ငွေများသည် တရားဝင်စီးပွား ရေး၏ ပြင်ပ၌ ဖြစ်တည်နေပြီး နိုင်ငံတော်က အခွန်ရရှိခြင်း မရှိသကဲ့သို့ နိုင်ငံ၏ GDP ၌လည်း ပါဝင်ခြင်းမရှိတော့ပေ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးတို့အတွက် ဆွဲဆောင်မှုနည်းပါးခြင်း - အဂတိလိုက်စားခြင်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စိတ်ပျက်စေသည့် အချက်ဖြစ်သည်။ မျှတသော၊ ပြိုင်ဆိုင်မှုရှိသော လုပ်ငန်းဝန်းကျင်တစ်ရပ်ကို ရှာဖွေသည့် ရင်းနှီးမြှုပ်နှံသူများသည် အဂတိလိုက်စားမှု မြင့်မားသည့် နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံရန် ရှောင်ကြဉ်ကြသည်။
ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးနိမ့်ပါးခြင်း - အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အစီရင်ခံစာအရ အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၌ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးအပေါ် မကောင်းသော သက်ရောက်မှုရှိကြောင်း သိရသည်။ လာဘ်ပေးရခြင်းနှင့် အဆက်အသွယ်ကောင်း ရခြင်းတို့ရှိသည့် နိုင်ငံများ၌ အဂတိလိုက်စားမှုသည် ပညာရေးကုန်ကျစရိတ်ကို မြင့်မားစေသည်။ အကျိုးရလဒ်အနေဖြင့် ပညာရေးအရည်အသွေး နိမ့်ပါး၍လာသည်။ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းကို ထောက်ပံ့သူများ ရွေးချယ်ခြင်းနှင့် ဝန်ထမ်းများ အလုပ်ခန့်ထား နေရာချထားရေးတို့၌ အဂတိလိုက်စားမှုများ ရှိခြင်းက ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကို နိမ့်ပါးစေသည်။
မည်သို့ပင်ဆိုစေကာမူ အဂတိလိုက်စားမှုများသည် စီးပွားရေးကြီးထွားမှုကို အကြီးအကျယ် ထိခိုက်စေသောကြောင့် နိုင်ငံကို ချွတ်ခြုံကျစေသည့် အဓိကအရာဟု ဆိုနိုင်ပါ ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(မတ်လ ၁၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)