မြစ်ဆုံ၊ မြို့သစ်စီမံကိန်းနှင့် တရုတ်မုန်းတီးရေးစိတ်ဓာတ်

မြစ်ဆုံ၊ မြို့သစ်စီမံကိန်းနှင့် တရုတ်မုန်းတီးရေးစိတ်ဓာတ်
Published 8 March 2019

မြစ်ဆုံစီမံကိန်းကိစ္စသည် ဒေသခံတိုင်းရင်းသားများ အပါဝင် မြန်မာနိုင်ငံသားများက လက်မခံနိုင်သည့် တရုတ်နိုင်ငံက လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည့် စီမံကိန်း တစ်ခုဖြစ်သည်။ မြစ်ဆုံ စီမံကိန်းအပေါ် ပြည်သူလူထု၏ သဘောထား မည်မျှပြင်းထန်ကြောင်း ယခင် အစိုးရ လက်ထက်ကတည်းက စီမံကိန်း ရပ်ဆိုင်းထားခဲ့ရခြင်းက သာဓက ဖြစ်သည်။ ယခု အချိန်အထိလည်း မြစ်ဆုံ စီမံကိန်း ကိစ္စသည် မြန်မာ ပြည်သူများ အကြား လက်မခံနိုင်သည့် စီမံကိန်း တစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သည်။

မြစ်ဆုံအရေးကဲ့သို့ပင် လူထုအကြား ၀ိ၀ါဒ ကွဲပြားစွာဖြင့် လက်မခံနိုင်သည့် စီမံကိန်းတစ်ခု ထပ်မံ ပေါ်ပေါက်လာသည်။ တရုတ်ကုမ္ပဏီ CCCC (China Communication Construction Company Ltd)  က ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည်ဆိုသည့် ရန်ကုန်မြို့သစ် စီမံကိန်းပင် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များ၏ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ စီမံကိန်းဆိုင်ရာ ဦးဆောင်မည်ဟု ဆိုသူများအပေါ် ယုံကြည်မှု မရှိခြင်းကဲ့သို့သော အခြေအနေများက ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စကို မြစ်ဆုံ စီမံကိန်း ကိစ္စကဲ့သို့ပင် လူထုအကြား လက်မခံနိုင်ခြင်းနှင့် ဝေဖန်မှုများစွာ ပေါ်ထွက်ခဲ့ရခြင်းကို ဖြစ်စေသည်။ မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ မြေယာခွဲဝေမှုဆိုင်ရာ အငြင်းပွားမှုများ ဖြစ်လာနိုင်ခြင်း၊ ကာလပေါက်စျေး ကျပ်သိန်းထောင်ချီ ရှိနေသော မြေယာများ စျေးပေါပေါဖြင့် တရုတ် ရင်းနှီးမြှုပ်နှံသူများ လက်ထဲ ရောက်ရှိသွားနိုင်ခြင်းတို့အပြင် စီမံကိန်းဆိုင်ရာ အကျိုးအမြတ် ခွဲဝေမှုကိစ္စများ၊ အထူးသဖြင့် ရန်ကုန်မြို့သစ်သည် လက်ရှိ ရန်ကုန်မြို့ ၏ အထိန်းအကွပ်အောက်မှ မဟုတ်ဘဲ NYDC (New Yangon Development Company Ltd)  နှင့် တရုတ်ကုမ္ပဏီ CCCC သို့မဟုတ် လုပ်ပိုင်ခွင့်ရ ကုမ္ပဏီများက ထိန်းချုပ်ခွင့် ရရှိသွားမည် ဆိုသည့် အချက်က မိမိနိုင်ငံအတွင်းရှိ မြို့၏ ထိန်းချုပ်မှုအား အခြားနိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံသူများက ထိန်းချုပ်မည့် သဘောဖြစ်နေသည်။ တစ်နည်းအားဖြင့် မိမိ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအား ထိပါးခံရသည့် အခြေအနေပင် ဖြစ်သည်။ ယင်း အခြေအနေသည် ပြည်သူလူထု လက်မခံနိုင်ဆုံးသော ကိစ္စဖြစ်သည်။

 ယခုစီမံကိန်းကို အဓိက ရင်းနှီးမြှုပ်နှံရန် လုပ်ဆောင်နေသည့် CCCC ကုမ္ပဏီမှာ တရုတ် ကုမ္ပဏီ ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများ အကြား တရုတ် မုန်းတီးရေး စိတ်ဓာတ် များ  ပိုမို များပြားလာနိုင်သည်ကို သတိထားစရာ ဖြစ်လာသည်။ တရုတ်နိုင်ငံသည် မြန်မာ နိုင်ငံ၏ အင်အားကြီး မိတ်ဖက်နိုင်ငံဖြစ်သကဲ့သို့ လာရောက် ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံလည်း ဖြစ်သည်။ ထို့အတွက် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်နိုင်ငံ ပြည်သူများအကြား နားလည်မှု မလွဲမှားစေရေး၊ အမုန်းတရား မရှိစေရေးမှာ အရေးကြီးသောအချက် ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ချက် တစ်ခု ထုတ်ပြန်ခဲ့သည်။ “မြန်မာနိုင်ငံထဲတွင် ဘင်္ဂါလီများအတွက် လုံခြုံရေးဇုန် (Safe Zone) တစ်ခု ထားရှိရေး တရုတ်နိုင်ငံက သဘောတူသည် ဟူသော ဘင်္ဂလားဒေ့ရှ် သတင်းဌာနတစ်ခု၏ ဖော်ပြမှုမှာ အခြေအမြစ် မရှိကြောင်း၊ တရုတ်သည် ရခိုင် အရေးအပေါ် အမြဲတစေ တိတိကျကျ ဖြစ်ကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသည့် နေရပ်စွန့်ခွာသူ ပြန်လည်လက်ခံရေး စာချုပ်နှင့်အညီ နှစ်ဦးနှစ်ဖက် ညှိနှိုင်း ဆွေးနွေးမှုဖြင့် သက်ဆိုင်ရာ ပြဿနာများကို သင့်လျော် ပြေလည်စွာ ဖြေရှင်းပြီး နေရပ်စွန့် ခွာသူ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ် ဆောလျင်စွာ အကောင်အထည် ဆောင်ရွက်ရန် ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံ ပြည်တွင်းတွင် Safe Zone ဟူသည်ကို ထူထောင်ရန် မထောက်ခံပါကြောင်း ကြေညာချက် ဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံတကာ ဖိအားများရှိချိန်တွင် မြန်မာနိုင်ငံဘက်မှ မားမားမတ်မတ် ရပ်တည်သည့်အပြင် ရခိုင် အရေးတွင်လည်း မြန်မာနိုင်ငံဘက်မှ ရပ်တည်ခဲ့သောကြောင့် မြန်မာပြည်သူ လူထုအကြား တရုတ်နိုင်ငံ၏ ရပ်တည်ချက်များအပေါ် အသိအမှတ်ပြု အလေးထားလျက် ရှိနေသည့်အချိန်လည်း ဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ မဟာဗျူဟာ စီမံကိန်းဖြစ်သော BRI (Belt and Road Initiative) စီမံကိန်းတွင် မြန်မာပါဝင်မှုအပေါ်လည်း အကောင်းဘက်မှ ရှုမြင်ထားကြသကဲ့သို့ မြစ်ဆုံ စီမံကိန်းကဲ့သို့သော လက်မခံနိုင်သည့် စီမံကိန်းမှအပ အခြားသော တရုတ် ရင်းနှီးမြှုပ်နှံမှုများအပေါ် အကောင်းမြင်မှုများ ရှိနေသည်။

သို့သော် ယခု ရန်ကုန် မြို့သစ်စီမံကိန်းကဲ့သို့ အများ လက်မခံနိုင်သော၊ ရှုပ်ထွေးမှုများ ရှိနေသော စီမံကိန်းမျိုးနှင့် ပတ်သက်၍မူ တရုတ်နိုင်ငံအနေဖြင့် သတိပြုသင့်သည်။ ပြည်သူလူထု၏ သဘောထားကို အလေးမထားဘဲ အတင်းအကျပ် လုပ် ဆောင်မည်ဆိုပါက မြို့သစ်စီမံကိန်းသည် ဒုတိယ မြစ်ဆုံ စီမံကိန်းကဲ့သို့ ဖြစ်လာနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။ ထို့ပြင် မြို့သစ် စီမံကိန်းကြောင့် နှစ်နိုင်ငံ ပြည်သူလူထုအကြား ဆက်ဆံရေး ထိပါးနိုင်ပြီး အတင်းအကျပ် လုပ်ဆောင်မည်ဆိုပါက ကြီးမားသည့် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်လာနိုင်သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို အလေးထားကြောင်း ထုတ်ဖော် ပြောဆိုထားမှုများ ရှိရာ အချုပ်အခြာအာဏာကို ထိပါးနိုင်သည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို သတိပြုခြင်းဖြင့်  တရုတ်မုန်းတီးရေး စိတ်ဓာတ်များ များပြားလာနိုင်မည့်အရေးအား ရှောင်ကြဉ်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(မတ်လ ၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent