ရန်ကုန်တက္ကသိုလ် ပရဝုဏ်ကြီးရဲ့ တောင်ဘက်ခြမ်းမှာ အမရဆောင်ရှိတယ်။ အဲဒီအဆောင်မှာ တွေးခေါ်မြော်မြင်ခြင်း ပညာရပ်ကို အထူးပြုလေ့လာတဲ့ ဒဿနိကဗေဒဌာနရှိတယ်။ တစ်ချိန်တုန်းကတော့ ဒီအဆောင်မှာ သမိုင်းဌာနကို ထားခဲ့တယ်။ ဒဿနိကဗေဒဌာနကလည်း ဟိုတုန်းက အဓိပတိလမ်းမပေါ်က ၀ိဇ္ဇာခန်းမထဲမှာ ရှိခဲ့တာပါ။ ဆယ်စုနှစ် သုံးခုကျော်ကျော် ကာလအတွင်းက မြန်မာပြည်ရဲ့ သမိုင်းဖြစ်စဉ်ကလည်း အရွေ့အပြောင်း အကောင်းအဆိုး စုံသလေ ဘုံဗွေဆိုသလို ဒီတက္ကသိုလ်ဝင်းကြီးထဲမှာလည်း ရွေ့တာရွေ့ ပြောင်းတာပြောင်း၊ ပျက်တာပျက်၊ ကောင်းတာကောင်း အဟောင်းနေရာ အသစ်ဝင်နဲ့ သူလည်း သူ့ဖြစ်စဉ်နဲ့သူ ရွေ့လိုက် ပြောင်းလိုက် သံသရာလည်နေခဲ့တာပေါ့။
အသက်ဆယ့်ကိုးနှစ်အရွယ်လောက်သာရှိဦးမယ့် ကိုသန်းထွန်းကျော်တစ်ယောက် အိမ်က မိဘညီအကိုမောင်နှမတွေ သဘောမတူတဲ့ကြားက ဒဿနိကဘာသာရပ်ကို သူ့စိတ်ကြိုက်ရွေးကာ ယူခဲ့တယ်။ ခုဆိုရင် သူဟာ ဂုဏ်ထူးတန်း ပထမနှစ်ကိုတောင် ရောက်နှင့်ခဲ့ပြီ။ သူဆယ်တန်းအောင်တော့ အမှတ်က အတော်များတယ်။ ဒါကြောင့် သက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခုခုကို တက်ဖို့ သူ့ကို ဖိအားပေးခဲ့ကြတယ်။ ဒါပေမဲ့ သူက လူတစ်မျိုး။ သူ့မိဘတွေလို အာဏာရှင်စနစ်အောက်မှာ အရာရာကို ကြောက်ရွံ့ကာ ပိပြားလာတဲ့ စိတ်ဦးနှောက်နဲ့ ရှင်သန်လာခဲ့သူ တစ်ယောက်မဟုတ်။ ကိုယ့်ဦးနှောက်ကို ကိုယ်တိုင်အသုံးပြုနိုင်မှသာ ကိုယ့်ဘဝလမ်းကြောင်းကို ကိုယ်တိုင်မောင်းနှင်နိုင်မယ်လို့ ယုံကြည်ထားတဲ့သူ။ အဲဒီအတွေးအခေါ်မျိုးကို သူဟာ စာပေထဲက ရလာတယ်။ သူ့ပတ်ဝန်းကျင်က ဆရာသမားတွေ မိတ်ဆွေသူငယ်ချင်းတွေဆီက ရခဲ့တယ်။ သူမြန်မာနိုင်ငံက လူတွေအကြောင်း စဉ်းစားတဲ့အခါ သူမြင်မိတာက အရာရာကို စီးပွားရေးတွက်ကိန်းအရ တွက်တတ်ကြတာ များတယ်။ ငွေရေးကြေးရေးတွက်ကိန်းအရ အကျိုးမရှိဘူးထင်ရင် ဒါကို အကောင်းမပြောချင်ကြဘူး။ အပျက်သဘော ပြောချင်တတ်ကြတယ်။ ဒါဟာ တကယ်တော့ အတွေးအခေါ် ညံ့လို့ပဲ မဟုတ်လား။ ကောင်းမွန်တဲ့ ဒဿနတွေကို သူတို့တွေ ယူငင်သုံးစွဲနိုင်စွမ်း မဲ့နေလို့ပဲ မဟုတ်လား။ သူဟာ အဲဒီလို ခိုင်မာစွာ ယုံကြည်တယ်။
ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာ ဥပဒေ၊ စာပေ၊ အတွေးအခေါ်၊ သမိုင်း စတဲ့ဘာသာရပ်တွေကို လူတော်တွေ လူထူးလူချွန်ဖြစ်လာမယ့်သူတွေ အလေးအနက် လေ့လာလိုက်စားကြတယ်လို့ သူဖတ်ဖူးတယ်။ ဒီနေရာမှာ မြန်မာပြည်နဲ့ကတော့ ပြောင်းပြန်။ ဒီမှာက ဒီပညာရပ်တွေကို လေ့လာလိုက်စားလိုသူ အလွန်နည်းပါးတယ်။ သူတို့ပေးတဲ့ အကြောင်းပြချက်က ကျောင်းပြီးရင် အလုပ်လျှောက်တဲ့အခါ ဒီဘွဲ့တွေနဲ့ အလုပ်ရဖို့ ခက်လို့ပါတဲ့။
ဒီနေရာမှာ တခြားတစ်ဖက်က လှည့်စဉ်းစားကြည့်သင့်တာက လောကမှာ ပညာရပ်တစ်ခုဟာ တခြားပညာရပ်တစ်ခုထက် နိမ့်တယ်၊ မြင့်တယ်ဆိုတာဟာ ကိုယ့်ရှုထောင့်ကကိုယ်ကြည့်ပြီး ပြောကြာတာမျိုးပါ။ တကယ်က ဘယ်ပညာရပ် ဘာသာရပ်ကိုမဆို တကယ် ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင် တတ်မြောက်ထားရင် သူ့နေရာနဲ့သူ အရေးပါ အရာရောက်တာချည်း မဟုတ်လား။ မြန်မာပြည်မှာကတော့ ဝင်ငွေကောင်းကောင်း ရနိုင်တဲ့ ပညာရပ်နဲ့ လူတွေက အထင်ကြီးတဲ့ ပညာရပ်ကိုမှ ဂုဏ်ရှိတယ် ထင်ကြတာပါ။
သူ ဘာကြောင့် ဒီဒဿနိကဗေဒဘာသာ အထူးပြုကို ယူသလဲ။ အဖြေကတော့ လောကကို တကယ် ဦးဆောင်နေတာဟာ အတွေးအခေါ်တွေပဲ မဟုတ်လား။ သက္ကရာဇ်တွေ ဘယ်လောက်ပဲ ပြောင်းသွား ပြောင်းသွား၊ ကမ္ဘာစစ်တွေ ဘယ်လိုပဲ ဖြစ်ပွား ဖြစ်ပွား။ ပညာရှိကြီးတွေ ဖော်ထုတ်ခဲ့ကြတဲ့ အတွေးအခေါ်တွေဟာ လူတွေရဲ့ နေ့စဉ် ဘဝထဲမှာ ပါဝင်စီးမျော ပတ်သက်နေကြတာပဲ မဟုတ်လား။
ဒီလိုတွေးမိရာက သူဟာ မိဘတွေနဲ့ ဆန့်ကျင်ပြီး ဒီဘာသာရပ်ကို သင်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဟုတ်တယ်လေ။ ဥပမာတစ်ခု ပြောရရင် သူ့မိဘတွေက ဗုဒ္ဓဘာသာကို ကိုးကွယ်သူတွေမို့လို့ သူတို့ဟာ သူတို့ ကိုးကွယ်တဲ့ ဆရာတော်တွေ ဟောပြောတာလောက်ကိုပဲ သိကြတယ်။ ချဲ့ထွင်ပြီး သိဖို့လည်း မကြိုးစားတော့ဘူး။ ပြီးတော့ ကိုယ်ကိုးကွယ်တဲ့ ဘာသာကသာ မြင့်မြတ်ပြီး တခြား အယူအဆ အတွေးအခေါ်ကို မိစ္ဆာဒိဋ္ဌိအယူလို့ စွဲမှတ်ယုံကြည်တတ်ကြတာမို့ ဘာသာအယူပေါင်းစုံကို သင်ယူလေ့လာနေတဲ့ သူ့ကိုလည်း အယူတိမ်းသွားမှာကို စိုးရိမ်ကြောင်း ပြောတတ်ကြတယ်။
သူကတော့ အယူဆတွေ ၀ါဒတွေ မျိုးစုံကို သင်ယူလေ့လာချင်သူ။ သိချင်သူဖြစ်တယ်။ သူ ဒီဘာသာရပ်ကို အထူးပြု လေ့လာသင်ယူတဲ့အခါ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားအပြင် တခြားသောလူမျိုးတွေ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားအကြောင်း အတွေးအခေါ်အကြောင်းကို သိလာတယ်။ ဒါကြောင့် သမားရိုးကျ မိရိုးဖလာ သိလာတာတွေနဲ့ မတူတဲ့ အမြင်သစ်တွေ အတွေးသစ်တွေ ရှိလာတယ်။
သူ တက္ကသိုလ်မှာသင်ရတဲ့ ကမ္ဘာအရပ်ရပ်က ဘာသာရေးအတွေးအခေါ်တွေ အယူတွေ။ အဲဒီအယူဝါဒ အတွေးအခေါ်တွေကို တည်ထောင် ဟောပြောကြသူတွေအကြောင်း သူ့အိမ်မှာ ပြောတဲ့အခါ သူ့ကို နှာခေါင်းရှုံ့ကြတယ်။ အဆုံးစွန်ပြောရရင် ဗုဒ္ဓဘာသာထဲက ဂိုဏ်းကွဲတစ်ခုဖြစ်တဲ့ “ဇင် ဗုဒ္ဓဘာသာ” အကြောင်းကို ပြောပြတာတောင် နားထောင်ပေးလိုစိတ် မရှိကြဘူး။ ပိုင်းခြားစိတ်ဖြာ လေ့လာသုံးသပ်ဆင်ခြင်ဖို့ ဘုရားကတောင် ကာလာမသုတ္တန်မှာ အတိအကျ ဟောပြောသင်ပြခဲ့တာပဲ။ ဘာကြောင့်များ ဘုရားစကားကို လက်မခံဘဲ ငြင်းဆန်ကြတာပါလိမ့်လို့ သူ တွေးမိတယ်။
နိုင်ငံရေး အတွေးအခေါ်တွေကိုလည်း သူ့အိမ်မှာ ဆွေးနွေးပြောဆိုလို့ အဆင်မပြေပြန်ဘူး။ သူ့ မိဘတွေက နိုင်ငံရေးစကားပြောရင် မင်းပြစ်မင်းဒဏ်သင့်မယ်။ အကြောင်းအရာတစ်ခုခုကို ဝေဖန်ဆန်းစစ်တာမျိုး လုပ်ပြရင် နင်တော့ ဘယ်နေ့ ၆၆ (ဃ) နဲ့ ညားမလဲ မသိဘူး။ ၅၀၅ (ခ)နဲ့ ဆွဲစိခံရမလဲ မသိဘူးနဲ့ အဆူခံရတာပဲ အဖတ်တင်တယ်။ ထပ်အပြောခံရတာ ရှိသေးပါတယ်။ နင့်ကို ကျောင်းထားရတာ ထောင်လောင်းကို မွေးမြူနေရသလိုပဲတဲ့။
အမှန်က ဒီအကြောက်တရားဟာလည်း လူတွေရဲ့အတွေးက လာတာပဲမဟုတ်လား။ ဒီလိုလုပ်ရင် ဒီလို အပြစ်ပေးခံရမယ်။ ဖမ်းဆီးထောင်ချခံရမယ်။ နှိပ်စက်ခံရမယ်။ ဘဝပျက်မယ်ဆိုတာတွေဟာ တကယ်တွေ့ကြုံ ဖြစ်ပျက်ခဲ့တာတွေကို အခြေခံပြီး ပြောကြတာပဲလေ။ ဒါဟာ ကြောက်ရွံ့ခြင်း စိုးရိမ်ခြင်းကို ဖြစ်စေတဲ့ အမြင်တွေပါပဲ။ ဒါနဲ့ ဆန့်ကျင်ဘက် စာမျက်နှာကျပြန်တော့ ဒီအပြစ်ဒဏ်ကို ရဲရဲဝံ့ဝံ့ အာခံသူတွေ ရင်ဆိုင် ဖြတ်ကျော်သူတွေကို သူရဲကောင်းတွေအဖြစ် ဦးညွတ်အလေးပြုကြပြန်ပါလေရော။ ဒါဟာလည်း လူတွေရဲ့စိတ်ထဲမှာ ရှင်သန်နေတဲ့ အတွေးအမြင်တွေပဲ မဟုတ်လား။
ဒီကနေ့ မြန်မာပြည်ကို တကယ် သြဇာရှိသူဟာ ဖေ့စ်ဘွတ်ခ်ပဲလို့ဆိုရင် မမှားတန်ကောင်းပါဘူး။ အဲဒီလူမှုကွန်ရက်ပေါ်မှာ ပေါ်ပေါ်လာတတ်တဲ့ အကြောင်းအရာတစ် ခုခုနောက်ကို ဖေ့စ်ဘွတ်ခ်သုံးစွဲသူ အတော်များများက လိုက်ပါ နားယောင်တတ်ကြတယ် မဟုတ်လား။ အဲဒီအကြောင်းအရာအပေါ် မူတည်ပြီး ဘက်နှစ်ဘက် ဒါမှမဟုတ် သုံးဘက်လေးဘက် စသဖြင့် ခံယူမှုမတူသူတွေ၊ အမြင်မတူသူတွေ ဆဲကြ၊ ဆိုကြ၊ ရန်ဖြစ်ကြနဲ့ တော်တော့်ကိုလည်း စည်စည်ကားကားလေးလည်း ဖြစ်တတ်တာပဲလေ။ ဒီအထဲမှာတော့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်တွေကတော့ အကြီးဆုံးသော အကြောင်းအရာတွေပါပဲ။ ဒုတိယကတော့ မြစ်ဆုံရေကာတာစီမံကိန်းတို့ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းတို့ပေါ့။
ဒါတွေကို ခြုံငုံပြီး သူစဉ်းစားကြည့်တယ်။ သူ့ဆရာသမားတွေ ပြောပြတာကို ကြားဖူးတယ်။ ၂၀ ရာစုနှောင်းပိုင်း ဒီမိုကရေစီတော်လှန်ရေးကို အစောဆုံး လုပ်ကြတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း တစ်နိုင်ငံပါဝင်ခဲ့တယ်တဲ့။ ဒါပေမဲ့ ကိုယ်တွေနောက်မှ တော်လှန်ကြတဲ့ တိုင်းပြည်တွေက ကိုယ်တွေထက်အရင် ဒီမိုကရေစီရသွားပြီး ပြောင်းလဲသွားခဲ့ကြတယ်တဲ့။ အဲဒါဟာ ဒဏ္ဍာရီပုံပြင်မဟုတ်ကြပါဘူးလို့ ပြောတတ်ကြတယ်။ ဒါ ဘာကြောင့်လဲ။ သူ နားလည်တာကတော့ ပြတ်သားတဲ့ တွေးခေါ်မှု ရှိခြင်း မရှိခြင်းနဲ့ ဆိုင်တယ်လို့ပါ။
အကြီးကျယ်ဆုံး ပြောင်းလဲသွားတဲ့ နိုင်ငံကို ပြပါဆိုရင် ပြိုကွဲသွားတဲ့ ဆိုဗီယက်ယူနီယံကို ပြရမယ်။ အသေအချာစဉ်းစားကြည့်ရင် သိပ်ကိုကြောက်မက်ဖွယ်ကောင်းတဲ့ သမိုင်းဖြစ်စဉ်ကြီးပါ။ အနောက်အုပ်စုလို့ခေါ်တဲ့ အမေရိကန်ဦးဆောင်တဲ့ နေတိုးစစ်အုပ်စုနဲ့ ဆိုဗီယက်ဦးဆောင်တဲ့ ၀ါဆော စစ်အုပ်စုတို့ရဲ့ စစ်အေးခေတ်ကြီး ဖြစ်ပွားနေချိန်ပါ။ စစ်အေးဆိုတာ စကားလုံးက လှပေမဲ့ တကယ့်အဖြစ်က သွေးပျက်ဖို့ကောင်းတယ်။ အဏုမြူထိပ်ဖူးတပ် ဒုံးပျံတွေ အပြိုင်တပ်ဆင်ပြီး အပြန်အလှန်ချိန်ထားကြတာ။ ကမ္ဘာ့ပြည်သူ ပြည်သားတွေဟာလည်း မတော်တဆ တတိယကမ္ဘာစစ်များ ဖြစ်ပွားလို့ကတော့ နျူကလီးယားဗုံးတွေနဲ့ အပြန်အလှန် အပြိုင်အဆိုင် ကြဲချကြလို့ သေကြေပျက်စီးကြရမယ့် အိမ်မက်ဆိုးတွေကို ထိတ်လန့်တုန်လှုပ်ခဲ့ကြ ရဖူးတယ်။
အဲဒီဆိုဗီယက်ပြည်ထောင်စုက မဟာအာဏာရှင်တွေရဲ့ အာဏာသံဖနောင့်အောက်မှာ ဖိနှိပ်ခံနိုင်ငံများစွာ ရှိခဲ့ဖူးတယ်။ ဒီနိုင်ငံတွေဟာ အာဏာရှင်ရဲ့ သံဖနောင့်အောက်က လွတ်မြောက်ဖို့ အရင်းအနှီးအကြီးကြီး ပေးဆပ်ရတဲ့ ရုန်းကန်တော်လှန်မှုတွေ လုပ်ခဲ့ကြတယ်။ အဲဒီနည်းနဲ့ အရှေ့ဥရောပနိုင်ငံ အတော်များများဟာ ဒီမိုကရေစီ ရသွားကြတယ်။ ဒါဟာ တကယ်တော့ သူတို့နိုင်ငံက ခေါင်းဆောင်တွေရဲ့ မှန်ကန်ပြတ်သားတဲ့ အတွေးအခေါ်တွေကြောင့်ပဲ မဟုတ်လား။
ဒီနေ့ မြန်မာပြည်ရဲ့ ပကတိ ဖြစ်ပျက်နေတဲ့ အခင်းအကျင်းကို သူစဉ်းစားတဲ့အခါ ဘာကို တွေ့ရသလဲဆိုရင် များပြားလှတဲ့ လူမျိုးတွေ၊ အဖွဲ့အစည်းတွေ၊ ကိုးကွယ်မှုတွေရဲ့ လိုလားချက်တွေကို အဓိကထားပြီး ပန်းတိုင်ထားနေကြတာကို တွေ့ရတယ်။ ဒီတော့ ပန်းတိုင်တွေက အများကြီးပဲ။ အဖွဲ့တစ်ရာဆိုရင် ရည်မှန်းချက်က တစ်ရာ။ လားရာက တစ်ရာပဲ။
လူတစ်ယောက်မှာဖြစ်စေ၊ အဖွဲ့အစည်းတွေမှာ ဖြစ်စေ၊ ဟိုဟာလည်း လုပ်ချင်၊ ဒီဟာလည်း လုပ်ချင်တယ်ဆိုရင် အဲဒီမှာ ပြဿနာက စရှိလာတော့တာပါပဲ။ ဒီလို ချီတုံချတုံဖြစ်လာတဲ့အခါမှာ လူဟာ တွေဝေလာတတ်တယ်။ သာမန်အားဖြင့် လူ့ဘဝရဲ့ ပေးထားချက်က တစ်ပြိုင်နက် နှစ်ခုသုံးခုကို ပြီးမြောက်အောင် လုပ်နိုင်စွမ်းရှိသူက ရှားပါတယ်။ မဟာပါရမီရှင်တွေ၊ လူစွမ်းကောင်းတွေတော့ လုပ်ကောင်း လုပ်နိုင်မှာပေါ့။
ဟိုဟာ လုပ်ရကောင်းနိုးနိုး၊ ဒီဟာလုပ်ရကောင်းနိုးနိုးနဲ့ မပြတ်မသားဖြစ်လာရာက ကိုယ်နဲ့ တကယ်သင့်လျော်တဲ့လမ်းထက် မသင့်တော်မယ့် လမ်းလွဲဘက်ကို လိုက်မိတတ်တာများတယ်။ ပြတ်သားတယ်ဆိုတိုင်းလည်း လမ်းမှန်ကို ရောက်ကြမယ်လို့တော့ တထစ်ချပြောလို့မရနိုင်ပါဘူး။ ကိုယ်မှန်တယ်ထင်ရာ ကိုယ်ယုံကြည်ရာကို မမှိတ်မသုန် ဇွဲနဘဲနဲ့ လျှောက်ခဲ့လို့ ဒုက္ခရောက်ရသူ ဘဝပျက်ရသူတွေလည်း မြောက်မြားစွာရှိပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာ ဖြောင့်မတ်မှန်ကန်တဲ့ အတွေးအခေါ်တွေ နေရာမရဘူးလို့ သူထင်နေတယ်။
တကယ်တော့ လူဆိုတာဟာ ခရီးသည်ပါပဲ။ ဘဝခရီးကို သွားနေကြတာမို့ လမ်းဆုံလမ်းခွ လမ်းခွဲတွေ မကြာခဏ တွေ့နေကြရမှာပါပဲ။ မကြာခဏဆိုလိုသလို ဘယ်လမ်းလိုက်ရမလဲဆိုတဲ့ ဇဝေဇဝါ ဖြစ်မှုတွေလည်း ကြုံရမှာပါပဲ။ ဒီအခါမှာ မတွေဝေမိဖို့ အရေးကြီးပါတယ်။
သာမန်လူတစ်ယောက် တွေဝေရင် သူ့တစ်ယောက်တည်းအတွက် ဒါမှမဟုတ် သူ့တစ်မိသားစုအတွက်သာ ဆုံးရှုုံးနစ်နာမှုတွေ ဖြစ်စေမှာပါ။ ဒါပေမဲ့ အဖွဲ့အစည်းတွေကို ဦးဆောင်ထားတဲ့သူတွေ တွေဝေပြီး လမ်းလွဲလိုက်မိပြီဆိုရင်တော့ နစ်နာကြမယ့် ဆုံးရှုံးကြမယ့်သူတွေဟာ လူမျိုးနဲ့ချီသွားနိုင်ပါတယ်။ နိုင်ငံနဲ့ ချီသွားနိုင်ပါတယ်။ လူတွေ အားလုံးအတွက်ပါ ဆိုးကျိုးရလဒ်ဆိုးတွေကို သယ်ယူပေးလာနိုင်ပါတယ်။