နွေဦး၊ ရိုးပြတ်တောနှင့် ရိုးချောင်းငယ်

နွေဦး၊ ရိုးပြတ်တောနှင့် ရိုးချောင်းငယ်
Published 8 March 2019
မြတ်လှိုင်း

ဆိုကြပါစို့။ ကျွန်တော်တို့ ငယ်စဉ်အရွယ်တုန်းက နွေဦးရာသီတွေကို ပြန်လွမ်းနေမိတယ်။အဲဒီကာလတွေမှာ ဆောင်းဟာ အခုလို မအေးတဲ့ ဆောင်းမဟုတ်။ နှင်းမကျတဲ့ ဆောင်းမဟုတ်။ ဆောင်းရင့်လာလေလေ ပိုအေးစက်ပြီး နှင်းတွေ ပိန်းပိတ်အောင် ကျလေလေပေါ့။ ဆောင်းဦးပေါက်မှာတုန်းက ပျော်ရွှင်သလောက် ဆောင်းနှောင်းရာသီ ရောက်လာမှာကို ကြောက်နေခဲ့တယ်။ အလွန်အေးစက်လွန်းတဲ့ညတွေမှာ စောင်အ ထပ်ထပ်ခြုံပြီး ကွေးနေရတာ ဇိမ်ရှိပေမဲ့ မနက်မိုးလင်းချိန်ရောက်လာလို့ နိုးထရမှာကို ကြောက်နေခဲ့တာပါ။ ဆောင်းရဲ့ အလွန်အေးစက်တဲ့အချိန်မှာမှ တစ်နှစ်တာရဲ့ နောက်ဆုံးအတန်းတင်စာမေးပွဲတွေ ဖြေရတယ်လေ။ ဆောင်းရဲ့ အေးစက်စက်မနက်မှာ စောစောထပြီး စာမကျက်ချင်ဘူးပေါ့။ နေ့စဉ် ပုံမှန်စာမကျက်ခဲ့တဲ့ဒဏ်ကို နောက်ဆုံးအချိန်မှာတော့ ခံရတော့တာပါပဲ။ ကျူရှင်တွေရှိတဲ့ ကာလ မဟုတ်ဘူးမဟုတ်လား။ ကျောင်းမှန်မှန်တက်ပြီး ဆရာ၊ ဆရာမတွေ သင်ထားပေးတဲ့ စာမှတ်စုတွေ၊ လေ့ကျင့်ခန်းစာအုပ်တွေ ပြန်လှန်ပြီး စုပုံကျက်ရ တွက်ရတဲ့ ကာလဆိုတော့ လေးပင်နေတဲ့ ဆောင်းရာသီနောက်ဆုံးရက်တွေကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရတယ်။ စာမေးပွဲရက်တွေ ပြီးဆုံးသွားသလို၊ ဆောင်းရဲ့ အေးစက်မှုတွေကလည်း တဖြည်းဖြည်း လျော့ပါးပြယ်လွင့်ပျောက်ကွယ်သွားတယ်။ နွေဦးရာသီနဲ့အတူ ပေါ့ပါးပျော်ရွှင်တဲ့နေ့တွေ စတင်ရောက်လာခဲ့တယ်။

ဥသြငှက်သံလေးတွေ စကြားလာတာနဲ့ နွေဦးရောက်ပြီဆိုတာကို သိနေပြီ။ စိတ်တွေလည်း ပေါ့ပါးပြီး အလိုလို ပျော်ရွှင်နေမိတော့တယ်။ ကျွန်တော့်အနေနဲ့ပြောရမယ်ဆိုရင် ငယ်ရွယ်စဉ်အချိန်ကတည်းက ရာသီတွေရဲ့ သဘာဝကို လိုက်ပြီး လွမ်းတတ်နေတယ်။ ရာသီဦးတွေ ရောက်ချိန်တိုင်း ကြည်နူးတဲ့ခံစားမှုတွေ ဖျတ်ခနဲ ဖျတ်ခနဲ ရောက်ရောက်လာတတ်တယ်။ အဲဒီ တဒင်္ဂအချိန်လေးကို ပြန်တွေးရင်းလည်း လွမ်းနေတတ်တယ်။ မိုးဦးရာသီမှာ အနောက်တောင်ဆီက လေတိုက်လာပြီး မိုးခြိမ်းသံတွေ တအုန်းအုန်း မြည်နေတဲ့ အသံတွေ၊ လျှပ်စီးတွေလက်နေတဲ့ မြင်ကွင်းတွေ၊ မိုးစက်မိုးပေါက်တွေစပြီး ကျလာတာတွေ။ မိုးရာသီကုန်ပြီး မြောက်ပြန်လေနဲ့အတူ အေးမြမြခံစားလာရတာတွေ၊ ပထမဦးဆုံး နှင်းကျလာတဲ့ မနက်ခင်းတွေ။ အခုလို ဆောင်းကုန်ပြီး နွေဦးရာသီရောက်လာတဲ့အချိန်မှာ လေရူးလေဗွေတွေ တိုက်ခတ်နေတာ၊ လေရူးလေဗွေတွေ တိုက်ခတ်မှုအထဲမှာ သစ်ရွက်ကြွေလေးတွေ လွင့်ပါသွားတဲ့ မြင်ကွင်းတွေအကုန်လုံးကို လွမ်းနေတတ်တယ်။ ရာသီနှောင်းကာလကိုတော့ ရိုးအီသွားလို့လား မသိဘူး။ ရာသီနှောင်းနေ့ရက်တွေကို မြန်မြန်ကုန်ဆုံးသွားစေချင်တတ်ပါတယ်။ ဒီခံစားမှုကလည်း လူတွေအတွက် အသစ်ကို မျှော်လင့်ချင်တဲ့စိတ်တွေကနေ ဖြစ်ပေါ်လာတယ်လို့ ထင်ပါတယ်။

အခု နွေဦးရာသီကို ရောက်ခဲ့ပြီ။ ငယ်စဉ်တုန်းကလို သိပ်ထူးထူးခြားခြား မခံစားမိတော့တာကို တွေးလိုက်မိတယ်။ ဆောင်းရာသီကလည်း ထူးထူးခြားခြား မအေးခဲ့ဘူးလေ။ နှင်းကျနေတဲ့ မနက်ခင်းကိုလည်း မမြင်ရတော့ဘူး။ တစ်ရာသီကနေ နောက်တစ်ရာသီကို ကူးပြောင်းတဲ့ခံစားမှုတွေ ရောက်မလာခဲ့တော့ဘူး။ ရာသီတွေ ဖောက်ပြန်နေမှုနဲ့အတူ ပြောင်းလဲခြင်းတွေလည်း ဖောက်ပြန်နေကြပြီ။ ပြောင်းလဲဟန်ဆောင်နေကြပြီ။ ရာသီသစ်ကလည်း မသစ်နိုင်တော့ဘူး။ အရာရာဟာ အဟောင်းတွေ ပြန်ရှင်သန်နေကြပြီ။ အဟောင်းတွေ ပြန်ရှင်သန်လာကြတာကို တွေးမိရင်း ငယ်စဉ်က ပျော်ရွှင်ခဲ့ရတဲ့ လယ်ကွင်းဆီကို စိတ်က ပြန်ရောက်သွားတယ်။

ဒီလို နွေဦးရာသီမှာ လယ်ကွင်းတွေထဲ လျှောက်ကစားရတာတွေက ပျော်စရာပါပဲ။ ရိုးပြတ်တောကြီး တခေါ်တမျှော် လွင်ပြင်ကြီးမှာ ပြေးလွှားခဲ့ရတာ စိတ်ထဲမှာ လွတ်လပ်မှုကို ခံစားစေတယ်။ ကျွန်တော်တို့ ပြေးလွှားဆော့ကစားနေတဲ့ ခြေထောက်တွေ အောက်မှာ ရိုးပြတ်တောကြီးဟာ တွန့်ကြေသွားတယ်။ ပင်ခြေကနေ ပြတ်မထွက်သွားတဲ့ ရိုးပြတ်တောဟာ ကျွန်တော်တို့ သူငယ်ချင်းတွေကို မွေ့ရာခင်းပေးနေသလို။ နောက်အမှတ်ရနေတာကတော့ ကျောင်းပိတ်ချိန်မှာ မွေးထားတဲ့ နို့စားနွားမတွေ၊ နွားပေါက်စလေးတွေကို ရိုးပြတ်တောထဲ ကျောင်းနေရတဲ့ နေ့ရက်တွေကို ပြန်လွမ်းမိတယ်။ နွားကျောင်းရင်း တံစဉ်တစ်လက် ခါးကြားထိုးပြီး အားတဲ့အချိန် ရိုးပြတ်ပင်တွေကို ရိတ်ခဲ့ရတယ်။ တစ်ခါမှာတော့ ရိုးပြတ်ရိတ်ရင်း လက်သန်းကို တံစဉ်ထိပြီး သွေးတစက်စက်နဲ့ အိမ်ကို ပြန်ပြေးခဲ့ရတယ်။ တံစဉ်ထိတဲ့ လက်သန်းဒဏ်ရာက အရိုးထိကာနီးဖြစ်တာကို အမေတွေ့တော့ လက်ကို ရေဆေးပေးပြီး တင်ချာဆေးထည့်ပေးတယ်။ ကျွန်တော့် လက်သန်းဒဏ်ရာက အရမ်းစပ်လို့ အော်နေတာကို ပြန်သတိရမိတယ်။ နွားမတွေအတွက် ကောက်ရိုးပုံကို ဝယ်ထားတာပဲ၊ ဘာလို့ ရိုးပြတ်ရိတ်နေရတာလဲလို့ အမေပြောတော့ ကျွန်တော် ရယ်ပြီး ရိုးပြတ်တောထဲမှာ နေရတာပျော်တယ်။ လွတ်လပ်တယ်လို့ ပြန်ပြောမိတယ်။ နွေဦးရာသီဆို မြို့ထဲမှာ မနေချင်ဘူး။ ရိုးပြတ်တောထဲမှာပဲ လွတ်လွတ်လပ်လပ် နေချင်တယ်။ နွေဦးရာသီမှာ လယ်ကွင်းအလယ်လောက်မှာရှိတဲ့ ဟိန္ဒူတဲ ဘုရားကျောင်းလေးက နှစ်စဉ်ကျင်းပတတ်တဲ့ မီးနင်းပွဲနေ့တွေဆို ပိုပျော်ခဲ့ရတယ်။ ကျွန်တော်တို့ငယ်ငယ်က ခေါ်တာတော့က လယ်ဘုရားကျောင်းလေးလို့ ခေါ်ကြတယ်။ နေပူကျဲကျဲ၊ လယ်ကွင်းအလယ်မှာ ဆောက်ထားတဲ့ ကလယ်ဘုရားကျောင်းလေးကို လှမ်းကြည့်လိုက်ရင် အထီးကျန်နေသလိုပဲ။ နွေဦးကာလ မီးနင်းပွဲလုပ်တဲ့ အချိန်တွေမှာ လူတွေ စည်ကားနေတယ်။ မီးနင်းတဲ့ထဲမှာ ကျွန်တော့်သူငယ်ချင်းတွေ ပါနေတော့ နေ့တိုင်းသွားဖြစ်တယ်။ နေ့တိုင်းလည်း ငှက်ပျောရွက်ခင်းပြီး သတ်သတ်လွတ်ထမင်းလည်း စားဖြစ်တယ်။ ညဘက်ဆို အောက်လင်းဓာတ်မီးအိမ်တွေ ထွန်းထားတော့ လယ်ကွင်းအလယ်မှာ လင်းထိန်နေတာပေါ့။ ကျွန်တော်တို့လည်း အောက်လင်းမီးရောင်အောက်မှာ ပြေးလွှားဆော့ကစားနေကြလို့ပေါ့။ မီးနင်းပွဲနေ့ကို ရောက်တော့ မလှမ်းမကမ်းမှာရှိတဲ့ ရိုးချောင်းလေးအတိုင်း ချောင်းကျယ်ကြီးဆီ သွားကြတယ်။

ကျွန်တော်တို့အိမ်က မြို့အစွန်မှာရှိနေတော့ မြို့ပြနဲ့ လယ်ကွင်းခြားထားတဲ့ နယ်နိမိတ်စည်းပေါ်မှာလို့ ပြောလို့ရပါတယ်။ ကျွန်တော်ကတော့ မြို့ထဲကို လည်နေရမှာထက် လယ်ကွင်းပြင်ကြီးထဲမှာ ပျော်မွေ့နေတတ်တယ်။ ကျွန်တော်တို့ မြို့ငယ်လေးဟာ ပင်လယ်ကမ်းစပ်နားမှာ ရှိနေတယ်ဆိုပေမဲ့ နွေရောက်ပြီဆို ရာသီဥတုက ကန္တာရဆန်တယ်။ ဒီမြို့လေးကို ကျွန်တော်တို့မိသားစု ပြောင်းလာကာစ အမေပြောတာ မှတ်မိသေးတယ်။ “ကန်ရေသောက်၊ မြက်ခြောက်စား” ရတဲ့ မြို့တဲ့။ မြို့တစ်မြို့လုံးက လူတွေအတွက် တူးဖော်ထားတဲ့ ရေကန်တွေရှိသလို အညာဒေသလို ထန်းပင်တွေလည်း ပေါများတယ်။ နွေရောက်ပြီဆို သောက်ရေကန်တွေ တိမ်ကုန်ကြပြီ။ ရေချိုးဖို့တောင် ခက်နေကြရပြီ။ ပင်လယ်နဲ့ နီးနေတော့ တိုးမြစ်ရေကလည်း ငန်နေတယ်လေ။ အဝီစိတွင်းတွေ တူးရင်လည်း ရေငန်တွေပဲ ထွက်တော့ ရေလှောင်ကန်တွေက ရေကိုပဲ အားကိုးနေရတယ်။ နွေမှာ ရေရှားနေတတ်ပေမဲ့ ကျွန်တော့်အတွက်ကတော့ ပူစရာမလိုဘူး။ ကျွန်တော်ပျော်တဲ့ လယ်ကွင်းပြင်ကြီးထဲက ရိုးချောင်းလေး ရှိနေတယ်လေ။ ရိုးချောင်းလေးဆိုပေမဲ့ မြောင်းသာသာလောက်ပါပဲ။ လူကြီးတစ်ယောက် ခုန်ပြီး ကူးလို့ရပါတယ်။ လယ်ကွင်းထဲမှာရှိတဲ့ ရိုးကလေးက ဖြောင့်တန်းနေတယ်။ ရိုးကလေးရဲ့ထိပ်မှာ ကန်ကျယ်လေးလုပ်ထားတယ်။ နွေရာသီရောက်ပြီဆို ကျွန်တော်တို့ မြို့စွန်ရပ်ကွက်ကလူတွေ ဒီရိုးကလေးမှာ ရေလာချိုးကြတယ်။ ညနေစောင်းဆို ရိုးချောင်းလေးအဆုံးက ရေကန်မှာ လူစည်နေတယ်။ မိန်းမကြီးတွေ၊ အပျိုအရွယ်တွေ၊ ကလေးတွေ များပါတယ်။ နွေရာသီ ရိုးကလေးမှာ စကားပြောသံတွေ၊ ရယ်မောသံတွေ၊ စနောက်သံတွေနဲ့ ပျော်စရာပါပဲ။ ချောင်းကျယ်ကြီးကနေ သွယ်တန်းထားတဲ့ ရိုးကလေးဟာ ဘယ်ရာသီမှာမှ ရေမခန်းနိုင်ဘူးလေ။ ချောင်းကျယ်ကြီးက ဒီရေအတက်အကျရှိနေတယ်။ ကျွန်တော်ကတော့  ဒီလယ်ကွင်းကျယ်ကြီးထဲမှာ နွားတွေ လွှတ်ထားလိုက်တယ်။ နွားတွေ ပြန်သိမ်းချိန်မှာတော့ ရိုးချောင်းလေးမှာ နွားတွေ ရေဆင်းသောက်ကြတယ်။ ကျွန်တော့်ရဲ့ ငယ်စဉ်အချိန်ကာလက လွမ်းစရာဇာတ်ဝင်ခန်းထဲမှာ လယ်ကွင်းပြင်ကြီးထဲက ရိုးပြတ်တောရယ်၊ ရိုးချောင်းလေးရယ်က အမြဲပါနေမှာပါပဲ။ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်ကာလမှာဖြစ်ဖြစ် နွေဦးကာလ၊ ရိုးပြတ်တောနဲ့ ရိုးချောင်းလေးကို မမေ့နိုင်တော့ပါဘူး။ တွေးလိုက်မိတိုင်း လွမ်းဆွတ်စိတ်တွေ ဝင်ရောက်လာတတ်ပါတယ်။

အခုအချိန်မှာတော့ ကျွန်တော် လွမ်းဆွတ်နေမိတဲ့ လယ်ကွင်းပြင်ကြီး၊ ရိုးပြတ်တောနဲ့ ရိုးချောင်းငယ်လေးဆီကို ပြန်မရောက်ဖြစ်တော့ပါဘူး။ ပင်လယ်ကမ်းခြေအနီးက မြို့ လေးကို ပြန်မရောက်နိုင်ခဲ့တာ နှစ်ပေါင်း ၃၀ လောက် ကြာခဲ့ပါပြီ။ အရာရာပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ငယ်စဉ်က နေခဲ့ဖူးတဲ့ မြို့ငယ်လေးကလည်း ပြောင်းလဲသွားမှာပါ။ ကျွန်တော် ပျော်မောခဲ့တဲ့ ရိုးပြတ်တောနဲ့ ရိုးချောင်းငယ်လေးကတော့ မပြောင်းလဲနိုင်ဘူးလို့ စိတ်ထဲမှာ ထင်နေမိတုန်းပါ။ ငယ်စဉ်က ပုံသဏ္ဌာန်အတိုင်း တည်ရှိနေဦးမယ်ဆိုတာကိုတော့ မပြောနိုင်ပါဘူး။ အရာဝတ္ထုတွေက မမြဲတတ်ဘူးလေ။ ပြောင်းလဲနေတဲ့ လောကကြီးမှာ ဘယ်အရာကိုမှ တည်ရှိနေတယ်လို့ မပြောနိုင်ပါဘူး။ ပုံသဏ္ဌာန်တစ်ခုအနေနဲ့ ပြောင်းလဲတည်ရှိနေမှာပါ။ ကျွန်တော် ငယ်စဉ်က ပျော်ခဲ့ လွမ်းခဲ့ဖူးတဲ့ နွေဦးရာသီကတော့ ပြောင်းလဲနေပါပြီ။ သေချာတာကတော့ ငယ်စဉ်က နွေဦးရာသီပုံရိပ်တွေတော့ မပျက်ပြယ်တဲ့ အလွမ်းပန်းချီကားအဖြစ် ကျွန်တော့်ဘဝလွမ်းချင်းထဲမှာ အမြဲတည်ရှိနေပါလိမ့်မယ်။

 

Most Read

Most Recent