လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အဲဗာတန်နှင့် ဂိုးမရှိသရေကျသည့် မာဆေးဆိုက်ဒ်ဒါဘီပွဲအပြီးတွင် နည်းစနစ်ပိုင်းနှင့်ပတ်သက်သည့် ဝေဖန်မှုများကို ပြန်လည်တုံ့ပြန်ခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး(၆)ပွဲတွင် (၄)ပွဲအထိသရေကျခဲ့ပြီး ပွဲစဉ်(၂၉)အပြီးတွင် မန်စီးတီးအသင်းနှင့် တစ်မှတ်အကွာ ဒုတိယနေရာ၌သာ ရပ်တည်လျက်ရှိသည်။
မာဆေးဆိုက်ဒ်ဒါဘီပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက သရေပွဲများလာခြင်းမှာ ပိုမိုစွန့်စားသင့်ပြီထင်လားဟု မေးမြန်းမှုကို ကလော့ပ်က ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ကလော့ပ်က '' ခင်ဗျားရဲ့မေးခွန်းအတွက် ကျွန်တော် အမှန်တကယ်ပဲ စိတ်ပျက်ရပါတယ်။ ဒါဟာ ဘောလုံးပါ။ Playstation (ဂိမ်း)ကစားနေတာ မဟုတ်ပါဘူး။ ဒီပွဲမှာ ကျွန်တော်တို့ စွန့်စားမှု သိပ်မလုပ်ခဲ့ဘူးလို့ ခင်ဗျား ထင်နေသလား။ ကျွန်တော်တို့ အနိုင်ရဖို့ မကြိုးစားခဲ့လို့ သရေကျခဲ့တာလား။ တခြားတိုက်စစ်မှူးတစ်ဦး ထပ်ထည့်တာ၊ ပြောင်းလဲမှုတွေ မလုပ်ခဲ့ဘူးလား။ အသင်းတိုက်စစ်က လုံလောက်ပြီးသားပါ။ ရာသီပြီးဆုံးဖို့ (၅)ပွဲကျန်ပါသေးတယ်။ ခင်ဗျားထင်ထားသလို ကျွန်တော်တို့ရဲ့သတ္တိတွေ မဆုံးရှုံးသေးပါဘူး'' ဟု ပြောကြားခဲ့သည်။
ထို့ပြင် အခြားတိုက်စစ်မှူးတစ်ဦး ထည့်သွင်းသင့်သလားဟု သတင်းထောက်၏အကြံပြုချက်ကို ကလော့ပ်က ယခုကဲ့သို့ ဖြေကြားခဲ့သည်။
'' ဂိုးသွင်းဖို့ထက် ဘာအကြောင်းပြချက်မရှိဘဲနဲ့ တိုက်စစ်မှာ ကစားသမား(၄၊ ၅)ဦးလောက်နဲ့ ပွဲထွက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ဟာ တိုက်စစ်အားသန်တဲ့အသင်းပါ။ ဒါဟာ တကယ်ကောင်းပါတယ်။ ပရီးမီးယားလိဂ်မှာ ခင်ဗျားပြောသလိုပုံစံမျိုး လုပ်လို့မရပါဘူး။ လာမယ့်အပတ် ဘန်လေနဲ့ပွဲမှာ ကျွန်တော်တို့ တိုက်စစ်ပဲကစားမယ်။ သူတို့က တန်ပြန်တိုက်စစ်ကနေ ဒုက္ခပေးသွားလိမ့်မယ်။ ဒါဟာ အသေအချာပါပဲ။ ကျွန်တော်တို့က စွန့်စားမှုအားလုံးလုပ်မှာပါ။ ဒါပေမဲ့ (၁၀၀)ရာခိုင်နှုန်းထက် ပိုမရခဲ့ရင်လည်း မဖြစ်သင့်တဲ့အရာတော့ မဟုတ်ပါဘူး'' ဟု ကလော့ပ်က ဖွင့်ဟခဲ့သည်။
ပရီးမီယားလိဂ်ချန်ပီယံဆုနှင့်ပတ်သက်ပြီး ကလော့ပ်က '' ကျွန်တော်တို့မှာ အခွင့်အရေးရာနှုန်းပြည့်ရှိသေးတယ်လို့ ယုံကြည်ပါတယ်။ ကစားသမားတွေ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဘာကြောင့်လဲဆိုတာ သူတို့ ဒီအရာအတွက် အဆင့်ဖြစ်နေလို့ပါပဲ'' ဟု ကလော့ပ်က သုံးသပ်ခဲ့သည်။